တရုတ်ရဲ့ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုကို ဒေသတွင်း နိုင်ငံတချို့ စိုးရိမ်တကြီး ဝေဖန်

REUTERS/Jason Lee/File Photo

စက်တင်ဘာ၊ ၂၆

နိုင်ငံတကာ ရေပိုင်နက်ဆီ တရုတ်က တိုက်ချင်းပစ်ဒုံးကျည် (ICBM) စမ်းသပ် ပစ်ခတ်ခဲ့မှုအပေါ် ပစိဖိတ် သမုဒ္ဒရာနဲ့ ဆက်စပ် နိုင်ငံတချို့က စိုးရိမ်ကြောင်း အသီးသီး ပြောကြားခဲ့ပါတယ်။

တရုတ်ဟာ ၄၄ နှစ်တာ ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ICBM တစင်းကို နိုင်ငံတကာ ရေပိုင်နက်ထဲ ချိန်ရွယ် ပစ်ခတ်ခဲ့ပါတယ်။ ပစိဖိတ် သမုဒ္ဒရာ တနေရာက ပစ်မှတ်ကို ICBMနဲ့ စမ်းသပ် ပစ်ခတ်မှုဟာ အပြည့်အဝ အောင်မြင်ကြောင်း၊ အဲဒီဒုံးကျည် စမ်းသပ်မှုကို ဒေသတွင်း နိုင်ငံတချို့ဆီ ကြိုတင် အကြောင်းကြားခဲ့ကြောင်း စက်တင်ဘာ ၂၅ ရက်နေ့မှာ တရုတ်က ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ဂျပန်ကတော့ တရုတ်ဆီက ကြိုတင် အကြောင်းကြားမှုကို လုံးဝ မရခဲ့ဘူးလို့ တုံ့ပြန်ပြီး ဩစတြေးလျ၊ နယူးဇီလန်တို့နဲ့အတူ အခုအခြေအနေအတွက် စိုးရိမ်တယ်လို့ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

ဂျပန်နဲ့ ဩစတြေးလျတို့ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ်နဲ့ တင်းမာမှုတွေ ရှိခဲ့သလို တရုတ်ရဲ့ ICBM စမ်းသပ်မှုဟာ အင်ဒို-ပစိဖိတ် ဒေသတွင်း လုံခြုံရေးအတွက် စိုးရိမ်စရာ အခင်းအကျင်း တခုအဖြစ် ရှုမြင်နေပါတယ်။

အမေရိကန်ကလည်း တရုတ်ဟာ ကာကွယ်ရေး အစီအမံ မြှင့်တင်မှုရဲ့ အစိတ်အပိုင်းတရပ် အနေနဲ့ နျူကလီးယား လက်နက်တိုက်ကို ချဲ့ထွင်နေတယ်လို့ ပြောကြားထားပါတယ်။

ICBM တစင်းဟာ အနည်းဆုံး ကီလိုမီတာ ၅၅၀၀ လောက်ထိ ခရီးပေါက်အောင် ပျံသန်းနိုင်စွမ်းရှိပြီး တနည်းအားဖြင့် အမေရိကန် ပိုင်နက်နယ်မြေတွေကို တရုတ်က တိုက်ခိုက်နိုင်လောက်တဲ့ အကွာအဝေး ဖြစ်နေပါတယ်။

တရုတ်က စက်တင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်း ဒုံးကျည် စမ်းသပ်မှုမှာ ICBMကို ထိပ်ဖူးအတု တခု တပ်ဆင်ပြီး ပစ်လွှတ်ခဲ့ကြောင်း၊ အဲဒီ ဒုံးကျည်ဟာ ပစ်မှတ်အဖြစ် ရည်မှန်းထားတဲ့ ရေပြင်ကို အမှားအယွင်းမရှိ ကျရောက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက အဲဒီ ဒုံးကျည် စမ်းသပ်မှုဟာ နှစ်စဉ် ပြုလုပ်နေကျ လုပ်ရိုးလုပ်စဉ် ကိစ္စမျိုးလို့ ကြေညာသွားပေမယ့်လည်း စစ်ရေး သုတေသီတွေကတော့ နိုင်ငံတကာ ရေပိုင်နက်ထဲကို တရုတ်က ICBM ပစ်ခတ်တယ် ဆိုတာဟာ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးလို့ ပြောပါတယ်။ အဲဒီနောက်ပိုင်း ကာလတလျှောက် တရုတ်ဟာ မဟာဗျူဟာမြောက် စစ်လက်နက် စမ်းသပ်မှုတွေကို ပြည်တွင်းက ရှင်းကျန်းဒေသထဲမှာပဲ အဓိက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဩစတြေးလျ အစိုးရက ပစိဖိတ် သမုဒ္ဒရာ ရေပြင်ဆီ တရုတ်ရဲ့ ICBM စမ်းသပ် ပစ်ခတ်မှုဟာ ဒေသတွင်း မတည်ငြိမ်မှုတွေ၊ အထင်အမြင် လွဲမှားနိုင်ခြေတွေကို မြင့်တက်လာစေလိမ့်မယ်လို့ ဝေဖန်ခဲ့ပါတယ်။ နယူးဇီလန်ကလည်း အဲဒီကိစ္စဟာ ကြိုဆိုချင်စရာ မရှိတဲ့၊ စိုးရိမ်မှုတွေကို ဖြစ်ပေါ်စေတဲ့ အခြေအနေ တခုလို့ မှတ်ချက်ပေးခဲ့ပါတယ်။

အမေရိကန်ရဲ့ ခန့်မှန်းချက်တွေအရ တရုတ်ဟာ ဒုံးကျည်တွေမှာ တပ်ဆင်ပစ်ခတ်နိုင်တဲ့ နျူကလီးယား ထိပ်ဖူး ၃၅၀ လောက် ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်ရပြီး ၂၀၃၀ ပြည့်နှစ်ကျရင် အဲဒီ အရေအတွက်ဟာ ၁၀၀၀ ကျော်ထိ မြင့်တက်လာဖွယ် ရှိနေပါတယ်။ အမေရိကန်နဲ့ ရုရှားတို့ကတော့ တနိုင်ငံစီမှာ နျူကလီးယား ထိပ်ဖူးပေါင်း ၅၀၀၀ ကျော်စီ ပိုင်ဆိုင်ထားကြောင်း သိရပါတယ်။

Ref: BBC