သံတွဲမှာ စစ်တပ် ဗုံးကြဲလို့ စစ်ရှောင်အရပ်သား ၁၄ ဦးသေ၊ ၂၅ ဦးထက်မနည်း ဒဏ်ရာရ၊ ရခိုင်မှာစစ်တပ်လေကြောင်းတိုက်လိုက်လို့သုံးရက်အတွင်း ၁၈ ဦး သေ၃၇ ဦးထက်မနည်း ဒဏ်ရာရ

Photo – ပေးပို့

စက်တင်ဘာ၊ ၂၆

အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ သံတွဲမြို့ထဲကို စစ်ကောင်စီတပ်က ဒီနေ့မနက်ပိုင်းမှာ လေကြောင်းကဗုံးကြဲခဲ့တာကြောင့် စစ်ဘေးရှောင်ကလေးငယ်တွေအပါ၀င် အရပ်သား ၁၄ ဦးထက်မနည်း သေဆုံးပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ AA နဲ့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၆ ရက် မနက် ခုနှစ်နာရီကျော်အချိန်မှာ သံတွဲမြို့ထဲရှိ စစ်ဘေးရှောင်ဒုက္ခသည်တွေ ခိုလှုံနေတဲ့ မြို့တော်ခန်းမနဲ့ သဘာ၀ ပတ်၀န်းကျင်ထိန်းသိမ်းရေးရုံးတို့ကို ဂျက်တိုက်ယောဥ်နှစ်စီးနဲ့ ဗုံးလေးလုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

“အဲဒီမှာက အကုန်လုံး စစ်ဘေးရှောင်တွေပဲ ရှိတာ၊ စစ်ဖက်နေရာ မဟုတ်ဘူး အဲဒါ”လို့ သံတွဲဒေသခံသတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။

အဲဒီလေကြောင်းဗုံးကြဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူတွေထဲမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အများစု ပါ၀င်တယ်လို့ သိရကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ပြောပါတယ်။

“ဒဏ်ရာရတဲ့သူတွေကိုတော့ ကျွန်တော်တို့ ဆေးရုံကို ပို့ဆောင်ထားပြီးဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။

အခုလိုမျိုး အရပ်သားပြည်သူတွေ ခိုလှုံနေတဲ့နေရာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့ စစ်ကောင်စီအနေနဲ့ စစ်ရာဇ၀တ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်တာဖြစ်သလို ဂျီနီဗာကွန်ဗင်ရှင်းကိုလည်း ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေ တခုပြီး တခု လက်လွှတ်ထားရတဲ့ စစ်ကောင်စီဟာ AA သိမ်းပိုက်ထားတဲ့မြို့နယ်တွေအတွင်းရှိ လူနေကျေးရွာတွေ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းတွေအပါအ၀င် အရပ်ဖက်နေရာတွေကို လေကြောင်းဗုံးကြဲတာတွေ မကြာခဏ လုပ်နေတာပါ။

မနေ့က စက်တင်ဘာ ၂၅ ရက်နေ့ကလည်း မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကို ဗုံးကြဲခဲ့တာကြောင့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တဦး၊ သုံးဆယ်ကျော်အရွယ်အမျိုးသားတဦးတို့ သေဆုံးကာ ဘုန်းတော်ကြီးကျောင်းထဲ ဥပုဒ်သီလဆောက်တည်နေကြတဲ့ သက်ကြီးပိုင်းဥပုဒ်သည် ခုနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

“လေယာဉ်နှစ်စီးနဲ့ ပတ်ကြဲသွားတာ၊ ဘုန်းကြီးကျောင်းရော၊ မိဘမဲ့ဂေဟာရော ဘာမှမကျန်ဘူး၊ ဥပုဒ်နေ့ဆိုတော့ ဥပုဒ်စောင့်နေတဲ့သူတွေ အများကြီး ရှိနေတာလေ”လို့ ကမ်းထောင်းကြီးမြို့ခံတဦးက DNA ကို ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၄ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ် တန်းလွှဲရွာမကို ဗုံးကြဲခဲ့ပြီး စစ်ဘေးရှောင် တက္ကသိုလ်ကျောင်းတဦးအပါအ၀င် နှစ်ဦး သေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဘုန်ကြီးကျောင်းနဲ့ စစ်ရှောင်စခန်းနားကို ကျတယ်ပြောတယ်၊ တမင် ယုတ်ကန်းပြီး လာပစ်နေတာ”လို့ တောင်ကုတ်ဒေသခံတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် စက်တင်ဘာ ၂၄ ရက်ကနေ ၂၆ ရက်အထိ သုံးရက်အတွင်းမှာပဲ သေဆုံးရသူ အရပ်သား ၁၈ ဦးနဲ့ ဒဏ်ရာရသူ ၃၇ ဦးထက်မနည်း ရှိခဲ့ပြီဖြစ်ပါတယ်။

ရခိုင်တိုက်ပွဲစခဲ့တဲ့ ၂၀၂၃ နို၀င်ဘာ ၁၃ ကနေ အခုနှစ် မေလ ၁၃ ရက်အထိ ခြောက်လတာအတွင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းလက်နက်ကြီး ပစ်ခတ်မှုကြောင့်  သေဆုံးရသူ ၂၆၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၄၀ ဦး ရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)လက်အောက်ခံ လူ သားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး(HDCO) ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။