လိင်တူချင်း ထိမ်းမြားခွင့် ဥပဒေကို ထိုင်းဘုရင် လက်မှတ်ရေးထိုး အတည်ပြု

စက်တင်ဘာ၊ ၂၅

ထိုင်းဘုရင်ဟာ လိင်တူချင်း ထိမ်းမြားလက်ထပ်ခွင့်ကို ဥပဒေအဖြစ် တရားဝင် လက်မှတ်ရေးထိုး ပြဋ္ဌာန်းပေးလိုက်ပြီ ဖြစ်ပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှ ဒေသတွင်းမှာ လိင်တူချင်း ထိမ်းမြားခွင့်ကို အသိအမှတ်ပြုတဲ့ ပထမဆုံး နိုင်ငံအဖြစ် မှတ်တမ်း ဝင်လာခဲ့ပါတယ်။ လက်ထပ်ထိမ်းမြားခွင့်ဆိုင်ရာ တန်းတူညီမျှရေး ဥပ​ဒေ ပြင်ဆင်ချက်ကို ဇွန်လမှာ ထိုင်းလွှတ်တော်က အတည်ပြုခဲ့ပေမယ့်လည်း အမှန်တကယ် ဥပဒေ အသက်ဝင်ဖို့ကိုတော့ ထိုင်းဘုရင်ရဲ့ အသိအမှတ်ပြုမှု လိုအပ်ပါတယ်။

တော်ဝင်ဂေဇက် သတင်းစာစဉ်ရဲ့ ထုတ်ပြန်ချက်အရ အဲဒီ ဥပဒေကို ဘုရင်က စက်တင်ဘာ ၂၄ ရက်မှာ လက်မှတ် ရေးထိုးပေးခဲ့ပြီး ဇန်နဝါရီ ၂၂ ရက်နေ့မှာ စတင် အသက်ဝင်လာမယ်လို့ သိရပါတယ်။

LGBT အခွင့်အရေး တောင်းဆို လှုပ်ရှားသူတွေက ဒါဟာ လက်ထပ်ထိမ်းမြားမှု သာတူညီမျှ ရှိခွင့်အတွက် နှစ်ပေါင်းများစွာ အားထုတ် ကြိုးစားခဲ့မှုတွေရဲ့ သမိုင်းဝင် အောင်ပွဲတရပ်လို့ ညွှန်းဆိုကြပါတယ်။

ဥပဒေ ပြင်ဆင်ချက်အရ လက်ထပ် ထိမ်းမြားမှုမှာ ခင်ပွန်းနဲ့ ဇနီးအစား အမျိုးသား၊ အမျိုးသမီးလို့ ပြင်ဆင် သုံးနှုန်းစေသလို အမျိုးသား အချင်းချင်း၊ အမျိုးသမီး အချင်းချင်း လက်ထပ်မှုကိုပါ ခွင့်ပြုပေးခဲ့ပါတယ်။

ထိုင်းက LGBT အသိုက်အဝန်းတွေကတော့ ဥပဒေ အပြောင်းအလဲအတွက် အောင်ပွဲခံနေကြသလို ဥပဒေ စတင် အသက်ဝင်မယ့် ဇန်နဝါရီ ၂၂ ရက်နေ့မှာ လက်ထပ်ဖို့ ပြင်ဆင်နေတဲ့ လိင်တူစုံတွဲ ၁၀၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှီနာဝပ်ထရာကလည်း လူမှုကွန်ရက်မီဒီယာ Xပေါ်မှာ နောက်ဆုံးတော့ ချစ်ခြင်းမေတ္တာကသာ အောင်နိုင်ခဲ့တာဖြစ်ပြီး အချင်းချင်း ချစ်ခင်မြတ်နိုးသူ အားလုံးအတွက် ဂုဏ်ယူကြောင်း ရေးသားထားခဲ့ပါတယ်။  

အာရှတိုက် တခုလုံး အတိုင်းအတာနဲ့ ဆိုရင်တော့ ထိုင်းဟာ လိင်တူ ထိမ်းမြားခွင့်ကို လက်ခံတဲ့ တတိယမြောက် နိုင်ငံအဖြစ် ထိုင်ဝမ်နဲ့ နီပေါတို့ရဲ့ နောက်ကနေ ရပ်တည်လာနိုင်ခဲ့ပါတယ်။

Ref: BBC