စစ်တပ်နှိပ်စက်ဒဏ်ကြောင့် ဗျိုင်းဖြူရွာသားတဦး ထပ်မံသေဆုံး၊ သေဆုံးသူ ဗျိုင်းဖြူရွာသား ၇၉ ဦးထက်မနည်းရှိလာ

Photo- Social Media (ပုံစာ – ပြီးခဲ့တဲ့တဲ့မေလကုန်က ဗျိုင်းဖြူရွာကို စစ်တပ်ကစီးနင်းပြီးဒေသခံတွေကို နှင်ထုတ်ခဲ့ပါတယ်)

စက်တင်ဘာ၊ ၂၄

စစ်ကောင်စီတပ်ရဲ့ စစ်ကြောရေးတွင်း ရိုက်နှက်နှိပ်စက်မှုဒဏ်တွေကြောင့် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသားတဦး ထပ်မံသေဆုံးခဲ့ရတယ်လို့ ရွာသားတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အမျိုးသမီး၊ ကလေးငယ်၊ သက်ကြီးရွယ်အိုတွေပါမကျန် ဗျိုင်းဖြူတရွာလုံးမှ ပြည်သူတွေကို ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး သုံးရက်အတွင်း ၇၆ ဦးကို သတ်ဖြတ်ခဲ့ကာ လူငါးရာ၀န်းကျင်ကို ဆက်လက်ဖမ်းဆီး၊ ရိုက်နှက်နှိပ်စက်မှုတွေ ဆက်လုပ်နေခဲ့တာပါ။

အဲဒီထဲက အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တဦးဟာ စစ်ကြောရေးအတွင်း ရိုက်နှက်နှိပ်စက်ခံခဲ့ရတဲ့ ဒဏ် ရာတွေကြောင့် စစ်တွေဆေးရုံမှာ ရက်ရှည်ကြာ ဆေးကုသမှုခံယူနေခဲ့ရပြီး စက်တင်ဘာ ၂၁ ရက်နေ့မှာ သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

“တအားနှိပ်စက်ခံခဲ့ရတယ်၊ အထဲ (ကိုယ်တွင်း) ဒဏ်ရာနဲ့ သေသွားတာ၊ သူ့မှာအပြင်ဒဏ်ရာတွေရော အများကြီး”လို့ သေဆုံးသွားသူရဲ့ မိသားစုနဲ့ နီးစပ်တဲ့ ဗျိုင်းဖြူရွာသားတဦးက DNA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ဗျိုင်းဖြူရွာမှ အသက်ငါးဆယ်ကျော်အရွယ် အမျိုးသားနှစ်ဦး စစ်ကောင်စီတပ်လက်ထဲမှာပဲ ရိုက်နှက်၊ နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးခဲ့ရပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောရေးအတွင်း ရိုက်နှိပ်စက်မှုကြောင့် သေဆုံးရသူ သုံးဦး ရှိပြီဖြစ်ပြီး ရွာထဲ သတ်ဖြတ်ခံခဲ့ရသူတွေနဲ့ပါဆိုရင် စစ်ကောင်စီတပ်လက်ချက်ကြောင့် ဗျိုင်းဖြူရွာသား ၇၉ ဦးထက်မနည်း သေဆုံးခဲ့ရပြီဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ စစ်ကြောရေးအတွင်း ရိုက်နှက်ဒဏ်ရာတွေကြောင့် အခုချိန်ထိ ဆေးကုသမှုခံယူနေရသူတွေလည်း ဆယ်ဂဏန်းရှိနေသေးတယ်လို့ ရွာသားတွေက ပြောပါတယ်။

“အများကြီးပဲ၊ ဆေးရုံမဆင်းရသူတွေလည်း ရှိတယ်၊ အပြင်မှာ ကုနေသူတွေ လည်း ရှိတယ်၊ ကျွန်မအဖေဆို အခုထိ ကျောကုန်းတွေ အောင့်နေသေးတယ်၊ ဆေးသောက်နေရတုန်း”လို့ ဗျိုင်းဖြူရွာမှ အမျိုးသမီးတဦးက စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတဲ့ ဖခင်ရဲ့ အခြေအနေကို ပြောပါတယ်။

ဗျိုင်းဖြူရွာသား ရာချီကို ဖမ်းဆီးထားခဲ့တဲ့ စစ်ကောင်စီဟာ လူတရာနီးပါးကိုသာ ပြန်လွှတ်ပေးခဲ့ပြီး လူ ၂၃၀ ကျော်ကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)နဲ့ ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ထားပါတယ်။

စစ်ကောင်စီဟာ ဗျိုင်းဖြူရွာမှ အမျိုးသားတွေကို ဖမ်းဆီး၊ သတ်ဖြတ်၊ ထောင်ချတာတွေ လုပ်တဲ့အပြင် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအ၀င် ကျန်ရွာသားအားလုံးကိုလည်း ရွာမှာ နေခွင့်မပေးဘဲ စစ်တွေမြို့တွင်းသို့ ပို့ဆောင်၊ ပိတ်လှောင်ထားပါတယ်။

ဗျိုင်းဖြူရွာအပြင် စစ်တွေမြို့အနီးပတ်လည်မှာရှိတဲ့ လူနေကျေးရွာ တဆယ်ကျော်မှ ပြည်သူတွေကိုလည်း ရွာမှာမနေဖို့ ခြိမ်းခြောက်ကာ မြို့တွင်းသို့ အတင်းအကြပ် ရွေ့ပြောင်းထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မြစ်ကြောင်းကမ်းနားတလျှောက်နဲ့ စစ်တွေမြို့ပတ်လည်မှာလည်း မြေမြှပ်မိုင်းတွေ ထောင်ထားပြီး လူအ၀င်အထွက်အားလုံးကို ပိတ်ထားဖြစ်ပါတယ်။