ဂျပန်အလယ်ပိုင်းမှာ ရေကြီး၊ မြေပြိုမှုတွေကြောင့် ခြောက်ဦးထက်မနည်း သေဆုံး

စက်တင်ဘာ၊ ၂၃

မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးမှု၊ မြေပြိုမှုတွေ ဖြစ်ပွားရာက ဂျပန်နိုင်ငံ အလယ်ပိုင်းမှာ လူ ၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

အီရှီကာဝါ ဒေသမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစလို့ မိုးသည်းသည်းထန်ထန် ဆက်တိုက် ရွာသွန်းခဲ့ပြီး ဝါဂျာမာ မြို့မှာတော့ စံချိန်တင် အခြေအနေအဖြစ် ၇၂ နာရီအတွင်း မိုးရေချိန် ၅၄၀ မီလီမီတာ ရွာသွန်းခဲ့ပါတယ်။

ဝါဂျီမာဟာ နှစ်ဆန်းပိုင်းတုန်းက ရစ်ချ်တာစကေး ၇.၅ အဆင့် ငလျင်ကြီး လှုပ်ခတ်မှုကို ကြုံတွေ့ခဲ့ရပြီး နာလန်ထဖို့ ရုန်းကန်နေဆဲ မြို့လည်း ဖြစ်ပါတယ်။ အဲဒီ ငလျင်ကြောင့် နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းတွေ ရိုက်ခတ်ခဲ့သလို အကြီးအကျယ် မီးလောင်မှု တခုလည်း ဖြစ်ခဲ့ပါတယ်။ ငလျင်ကြောင့် လူ ၃၇၄ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။

အခု ရေကြီးမှုတွေကြောင့် ဝါဂျီမာနဲ့ အနီးတဝိုက် ဒေသတွေမှာ ၁ ဦးသေပြီး ၅ ဦးဟာ နှလုံးနဲ့ အသက်ရှူစနစ် ပျက်စီးမှု အခြေအနေဆီ ရောက်နေပြီလို့ စက်တင်ဘာ ၂၃ ရက် မနက်ပိုင်းမှာ NHK သတင်းဌာနက ဖော်ပြသွားပါတယ်။ အဲဒါဟာ ဂျပန်မှာတော့ ဆရာဝန်ဆီက သေဆုံးမှု အတည်ပြုချက် မရခင်မှာ ဖော်ပြတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။

အီရှီကာဝါ အုပ်ချုပ်ရေး အဖွဲ့က ဂျပန်ပင်လယ်ထဲမှာလည်း မိုးထဲရေထဲမှာ အနည်းဆုံး လူ ၂ ဦး ပျောက်ဆုံးနေတယ်လို့ ကြေညာပါတယ်။ အီရှီကာဝါ ဒေသဟာ သိပ္ပံနည်းကျ မှတ်တမ်းပြုစုတဲ့ စနစ်တွေ စတင်လာချိန် ကတည်းက အသည်းထန်ဆုံး မိုးရွာသွန်းမှုတွေကို ကြုံနေရတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့မှာတော့ အိမ်ခြေ ၄၀၀၀ လောက်ဟာ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေပြီး အစွန်အဖျား ဧရိယာပေါင်း ၁၀၀ ဝန်းကျင်လောက်ဟာ ကယ်ဆယ်ရေးတွေနဲ့ အဆက်ပြတ်နေတယ်လို့ ဆိုပါတယ်။

ဂျပန်အစိုးရဟာ ရေဘေးသင့် ကယ်ဆယ်ရေး ကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့အတွက် စစ်တပ်တွေကိုပါ စေလွှတ်ခဲ့ပြီး မြေနိမ့်ပိုင်းတွေမှာ နေထိုင်သူ သောင်းဂဏန်းလောက်ကိုလည်း အရေးပေါ် ရွှေ့ပြောင်းဖို့ ညွှန်ကြားထားပါတယ်။

ကမ္ဘာ့ရာသီဥတု ပူနွေးလာခြင်းဟာ ပိုပြီး သည်းသည်းထန်ထန် ရွာသွန်းတဲ့ မိုးမျိုးကို ဖြစ်ပေါ်စေကြောင်း သိပ္ပံပညာရှင်တွေက သတိပေးထားပြီး ဂျပန်အပါအဝင် အာရှအရှေ့ပိုင်း ဒေသတွေမှာလည်း အလားတူ မူမှန်မဟုတ်တဲ့ ရာသီဥတု အပြောင်းအလဲတွေကို ပိုမို တွေ့ကြုံလာရနိုင်ကြောင်း ပြောကြားထားပါတယ်။

Ref: CNA