နောင်ချိုမှာ နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးတဲ့ အရပ်သားတဆယ့်ငါးဦးအထိရှိလာ

Photo – TNLA

စက်တင်ဘာ၊ ၂၁

တမြို့နယ်လုံးနီးပါးကို TNLA ကသိမ်းပိုက်ထားနိုင်ပေမယ့် တောင်ခမ်းဒေသအခြေစိုက်စစ်ကောင်စီတပ်တွေ ကျန်နေသေးတဲ့ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီက နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်နေတာကြောင့် သေဆုံးသွားတဲ့ ဒေသခံ ၁၅ဦးအထိရှိလာတယ်လို့ တအာင်းတပ် TNLA ကပြောပါတယ်။

စစ်ကောင်စီက ဒီကနေ့မနက် ခုနစ်နာရီခွဲမှာလည်း နောင်ချိုမြို့တွင်းက ညဈေးတန်း၊မြို့မဈေးနဲ့ ဈေးရပ်ကွက် နယ်မြေ(၄) စတဲ့နေရာသုံးခုမှာ Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတဦး ဒဏ်ရာရကာ နေ အိမ်နဲ့ဆိုင်ခန်းတချို့ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။

ဒါဟာနောင်ချိုမြို့အတွင်း လူနေရပ်ကွက်တွေနဲ့ လူအများသွားလာရာနေရာတွေ သုံးရက်အတွင်း ဒုတိယအကြိမ် မြောက် ဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်ပါတယ်။စက်တင်ဘာ ၁၉ရက် မနက်အစောပိုင်းတုန်းကလည်း မြို့မဈေး အပါအဝင် မြို့တွင်းနေရာတချို့ကို စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ဗုံးအလုံး ၆၀ကျော်ကြဲချခဲ့ပါသေးတယ်။

အလားတူ စက်တင်ဘာ ၁၄ရက် ညသန်းခေါင်အချိန်မှာလည်း နောင်ချိုမြို့တောင်ရပ်ကွက်နဲ့ ရွှေမုဌောဘုရားတို့ကို စစ်ကောင်စီက ပေါင်ငါးရာဗုံးသုံးလုံးကြဲချခဲ့သေးတယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။

နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က အလားတူတိုက်ခိုက်မှုတွေနေ့စဉ်လုပ်နေတာကြောင့် ကလေး နှစ်ဦးအပါအဝင် ဒေသခံ ၁၅ဦး သေဆုံးထားပြီး ဒဏ်ရာရသူဆယ်ဦးလောက် ရှိတယ်လို့ TNLAကဖော်ပြပါတယ်။ ဒါ့အပြင် ဒေသခံ တွေရဲ့နေအိမ် ၂၅လုံး၊ ဘုန်းကြီးကျောင်းနှစ်ကျောင်းနဲ့ စာသင်ကျောင်းတကျောင်းလည်းပျက်စီးသွားတယ်လို့ သိရပါ တယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာရှမ်းမြောက်နဲ့ မန္တလေးတိုင်းအတွင်း တော်လှန်ရေးတပ်တွေဘက်က ထိုးစစ်တွေပြန်စပြီး နောက် လဝက်လောက် အကြာကတည်းက နောင်ချိုမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းအားလုံးကို TNLA နဲ့ပူးပေါင်းတပ်တွေ ကသိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေဆက်ရှိ နေတာဖြစ်ပါတယ်။

နောင်ချိုမြို့နဲ့ မိုင်သုံးဆယ်လောက်အကွာမှာရှိတဲ့ နောင်ချိုနဲ့ ရပ်စောက်မြို့နယ်အစပ် တောင်ခမ်းဒေသ အခြေစိုက် စစ်ကောင်စီအမြောက်တပ်ရင်း တွေကိုတော့ TNLA နဲ့ပူးပေါင်းတပ်တွေက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေရဆဲဖြစ်ပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါသေးတယ်။

တော်လှန်ရေး ပူးပေါင်းတပ်တွေရဲ့ ၁၀၂၇စစ်ဆင်ရေးဒုတိယလှိုင်းနဲ့ ရှမ်း-မန်းစစ်ဆင်ရေးထိုးစစ်ကာလတွေအတွင်း အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် လားရှိုးမြို့၊ မိုးကုတ်၊ မိုးမိတ်ကျောက်မဲ၊ နောင်ချို၊ စဉ့်ကူး၊ သပိတ်ကျင်း စတဲ့မြို့နယ်တွေနဲ့ မတ္တရာမြို့နယ်ထဲက အခြေစိုက်စစ်စခန်းအများအပြားလက်လွှတ်ခဲ့ရပြီးနောက် စစ်ကောင်စီက ဒေသအနှံ့ တိုက်ပွဲရှိချိန်မှာရောတိုက်ပွဲမရှိန်ချိန်မှာပါ လေကြောင်းတိုက်ခိုက်မှုတွေပိုလုပ်လာနေပါတယ်။

တအာင်းတပ် TNLA ကတော့ ၁၀၂၇ စစ်ဆင်ရေးနှစ်ကြိမ်အတွင်း သိမ်းပိုက်ထိန်းချုပ်ပြီး သူတို့ အုပ်ချုပ်ရေး ထူထောင်နေတဲ့ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနဲ့ နမ့်ခမ်းတို့မှာ စစ်ကောင်စီက အရပ်သားတွေကိုပစ်မှတ်ထားတဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ နေ့စဉ်လို ပြုလုပ်နေတယ်လို့ဆိုထားပါတယ်။