ခွေးကို ဆေးဆိုးပြီး ပန်ဒါဝက်ဝံအဖြစ် ပြသခဲ့တဲ့ကြောင်း တရုတ် တိရစ္ဆာန်ရုံ ဝန်ခံ

စက်တင်ဘာ၊ ၂၁

ခွေးကို ဆေးရောင်ဆိုးပြီး ပန်ဒါဝက်ဝံလို့ လိမ်လည် ပြသခဲ့ကြောင်း တရုတ် တိရစ္ဆာန်ရုံ တခုက ဝန်ခံခဲ့ရပါတယ်။

ကွမ်တုံပြည်နယ်မှာရှိတဲ့ ရှန်ဝေတိရစ္ဆာန်ရုံမှာ ပန်ဒါအဖြစ် ပြသထားတဲ့ တိရစ္ဆာန်ဟာ တကယ်တမ်းတော့ ခွေးနှစ်ကောင်ကို အဖြူနဲ့ အမည်းရောင် ဆေးတွေ ခြယ်ထားတာသာ ဖြစ်တယ်ဆိုတဲ့ ဗီဒီယိုတွေ လူမှုကွန်ရက် မီဒီယာပေါ် ပျံ့နှံ့လာတဲ့နောက် တိရစ္ဆာန်ရုံဖက်က မလွှဲမရှောင်သာ ဝန်ခံခဲ့ရတာပါ။

တိရစ္ဆာန်ရုံကို ရောက်ရှိခဲ့တဲ့ ဧည့်သည်တွေက ပန်ဒါတွေဟာ ခွေးလိုဟောင်နေတယ် ဆိုတာ အံ့ဩစရာ ကောင်းလွန်းတယ်လို့ အငေါ်တူး လှောင်ပြောင်ခဲ့ကြပါတယ်။

ဗီဒီယို တခုတည်းမှာတော့ ပန်ဒါနာမည်ခံ ခွေးရဲ့ ရှည်လျားတဲ့ အမြီးကို နှံ့နေတာ တွေ့ရပါတယ်။ လူမှုကွန်ရက် သုံးစွဲသူ တစ်ဦးကတော့ ‘ဒါဟာ panda (ပန်ဒါ) မဟုတ်ဘဲ pandog (ပန်ခွေး) ဖြစ်လိမ့်မယ်’လို့ ရေးသားထားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ တိရစ္ဆာန်ရုံ ဝန်ထမ်းတွေက သူတို့ဟာ တရုတ်မျိုးရင်း ချောင်ချောင် ခွေးနှစ်ကောင်ကို ဆေးဆိုးပြီး ပန်ဒါအဖြစ် ပြသထားတာပါလို့ ဝန်ခံခဲ့ပါတယ်။ အခုတော့ တိရစ္ဆာန်ရုံဟာ လိမ်လည်လှည့်ဖျား ကြော်ငြာပြီး ဧည့်သည်တွေကို ဆွဲဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ငွေပြန်အမ်းဖို့ တောင်းဆိုတာတွေ ကြုံနေရပါတယ်။

အရင်တုန်းကလည်း ကျန်းဆုဒေသမှာရှိတဲ့ တိုင်ဇူတိရစ္ဆာန်ရုံဟာ ချောင်ချောင် ခွေးတွေကို ဆေးခြယ်ပြီး ပန်ဒါအဖြစ် ပြသခဲ့ဖူးပါတယ်။ အဲဒီတုန်းက တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေက ဒါဟာ ပန်ဒါနဲ့ခွေးနဲ့ မျိုးစပ်ထား အမျိုးအစားလို့ ခပ်တည်တည် လိမ်ညာဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ သူတို့ရဲ့ လုပ်ရပ်ကို ဝန်ခံခဲ့ရပါတယ်။

ပန်ဒါ ဝက်ဝံတွေဟာ တရုတ်နိုင်ငံမှာပဲ သဘာဝအလျောက် နေထိုင်ကျက်စားပြီး တရုတ် အစိုးရက ပန်ဒါတွေကို နိုင်ငံရဲ့ ရတနာ တိရစ္ဆာန် မျိုးစိတ်အဖြစ် သတ်မှတ်ပြီး အထူးဂရုစိုက် ထိန်းသိမ်း စောင့်ရှောက်ထားပါတယ်။

Ref: Independent