စစ်ကောင်စီအမည်တပ်ပြီးလှူဒါန်းဖို့ ပြောတာကြောင့် အလှူရှင်တွေလှည့်ပြန်ခဲ့ရတယ်ဆိုတဲ့သတင်းမှား

စက်တင်ဘာ၊ ၂၀။

(Fact Check) Delta News Agency/ The Red Flag

နေပြည်တော်၊ တပ်ကုန်းမြို့အရှေ့မှာရှိတဲ့ ရွာတွေက ရေဘေးသင့်ပြည်သူတွေကို ပြန်လည်ထူထောင်ရေး ထောက်ပံ့ဖို့အတွက် ရောက်လာတဲ့ အလှူရှင်တွေကို စစ်ကောင်စီအမည်ခံလှူဒါန်းဖို့ ပြောဆိုလာတာကြောင့် အလှူရှင်တွေလှည့်ပြန်ခဲ့ရတယ်ဆိုတဲ့ ရုပ်သံဗွီဒီယိုတခု လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။

အဲ့ဒီရုပ်သံကို နွေဦးမောင်မောင်ဆိုတဲ့ Facebook စာမျက်နှာကနေ မနေ့က စက်တင်ဘာ ၁၉ ရက် နေ့လည် ၁၂ နာရီဝန်းကျင်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ကြည့်ရှုသူ ရှစ်သောင်းနှစ်ထောင်ကျော် အထိရှိနေကာ ပြန်လည်မျှဝေမှုများပြားနေပြီး ပျံနှံ့မှုအားကောင်းနေတာပါ။

ရုပ်သံလင့်ခ် – https://archive.ph/kNNcd 

ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင်ပုံကို မွန်းမံပြီး အဲ့ဒီရုပ်သံနဲ့ ပူးတွဲအသုံးပြုပြီး ပြန်လည်မျှထားတဲ့ video ကိုလည်း ကြည့်ရှုမှုများနေကာ reaction ပြုလုပ်သူ ၆၇၀၀၀ ကျော်၊ comment ရေးသားသူ ၃၀၀၀ ကျော်နဲ့ ပြန်လည် မျှဝေသူ ၃၃၀၀၀ ကျော်အထိရှိနေကာ ဆက်လက်ပျံ့နှံ့နေတာပါ။

ရုပ်သံလင့်ခ် – https://archive.ph/lErs5 

☑️ သတင်းစိစစ်ချက် 

MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေ အဲ့ဒီ့ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်ကို စစ်ဆေးကြည့်ရာမှာ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပျဥ်းစစ်တပ်ဂိတ်မှာ စစ်ဆေးမှုတွေရှိတာကြောင့် လမ်းခရီးစောင့်ဆိုင်းနေတဲ့ ရုပ်သံ ဖြစ်တာကိုတွေ့ရှိရပါတယ်။

စစ်ကောင်စီအနေနဲ့ ပရဟိတအဖွဲ့တွေရဲ့ ကူညီထောက်ပံ့မှုတွေကို စစ်တပ်အမည်ခံပြီး လှူဒါန်းခိုင်းတဲ့ဖြစ်စဥ် တွေ ရှိနေပေမယ့် အခုလက်ရှိပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်ကတော့ မူရင်းရုပ်သံရဲ့ အသံကိုဖျက်ကာ အစားထိုး လုပ်ကြံဖြန့်ဝေထားတာပါ။

ဒီရုပ်သံရဲ့ မူရင်းအသံဖိုင်မှာ “စစ်ဆေးရေးဂိတ်မှာ နှစ်ညအိပ်သုံးရက် နီးပါးစောင့်ဆိုင်းနေရတာကြောင့် အခုလို ရုပ်သံရိုက်တင်ရတာဖြစ်တယ်”လို့ ပြောဆိုထားပေမယ့် အစားထိုးအသံမှာတော့ အလှူရှင်တွေ လှည့်ပြန်ခဲ့ရတယ်လို့ ဖြန့်ဝေထားတာပါ။ 

မူရင်းပို့စ်ပိုင်ရှင်က အဲ့ဒီရုပ်သံကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်က Chan.Chan.tgi အကောင့်ကနေ tik tok လူမှုကွန်ရက်မှာ စတင်ဖြန့်ဝေခဲ့ကာ တာချီလိတ်-တောင်ကြီး ခရီးစဥ်အတွင်း ရိုက်ကူးခဲ့တဲ့ ရုပ်သံဖြစ်တယ် လို့ ယူဆရပြီး “ မိုင်းပျဥ်စစ်တပ် ပေါက်မှာ နှစ်ည ညပေါင်း ၅ ညအိပ်တောင်ကြီးရောက်”တယ်လို့ (မူရင်း အတိုင်း) comment box မှာ သူက ရေးသားထားပါသေးတယ်။

မူရင်းရုပ်သံကို ဒီနေရာမှာကြည့်ပါ 

☑️ သုံးသပ်ချက်

ဒီရုပ်သံထဲမှာပါတဲ့ နောက်ခံစကားပြောစာသားနဲ့ ဗွီဒီယိုက လွဲမှားပြီး လုပ်ကြံဖန်တီးတင်ဆက်ထားတဲ့ သတင်းမှားတခုဖြစ်ပေမယ့် စစ်ကောင်စီအနေနဲ့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးရာမှာ ပိတ်ပင်တား ဆီးတဲ့ ဖြစ်ရပ်မျိုးတွေကို ပြုလုပ်ခဲ့တာမျိုးတွေလည်း ရှိပါတယ်။

ကရင်နီပြည်နယ်နဲ့ ပဲခူးတိုင်းက ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့ပေးမယ့်ရိက္ခာတွေကို စစ်ကောင်စီ က သယ်ယူခွင့်မပြုဘူးဆိုတဲ့သတင်းကို RFA က ဖော်ပြထားတာကို ဒီနေရာ မှာ ကြည့်နိုင်ပါတယ်။

ဒါ့အပြင် စစ်တောင်းမြစ်အရှေ့ပိုင်းမှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ပြီး အစားအသောက်ပို့ထောက်ပံ့ခြင်းတွေကိုလည်း စစ်ကောင်စီအနေနဲ့ ကန့်သတ်ပိတ်ပင်မှုတွေရှိနေတာကို Myanmar Now က စက်တင်ဘာ ၁၇ ရက်က ရေးသားထားတဲ့ သတင်းကိုဒီ နေရာမှာ ဖတ်လို့ရပါတယ်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။ 

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ ကနေ ဝင်ရောက်ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။ 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/ 

Fb – https://www.facebook.com/myanmarfactcheckingnetwork