လက်ဘနွန်မှာ ပေါက်ကွဲခဲ့တဲ့ ဝေါ်ကီတော်ကီတွေနဲ့ ပတ်သက်မှု မရှိကြောင်း အမှတ်တံဆိပ်ပိုင်ရှင် ဂျပန်ကုမ္ပဏီ ငြင်းဆို

စက်တင်ဘာ၊ ၂၀

လက်ဘနွန်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့ လမ်းလျှောက် စကားပြောစက် ဝေါ်ကီတော်ကီတွေကို ထုတ်လုပ်မှု မရှိတော့တာ ဆယ်စုနှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီး ဖြစ်တယ်လို့ ဂျပန် ကုမ္ပဏီ တစ်ခုက ပြောပါတယ်။

လက်ဘနွန်မှာ ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေ အသုံးများတဲ့ လက်ကိုင် စာတိုပို့ ကိရိယာ pagerတွေနဲ့ လမ်းလျှောက် စကားပြောစက် ဝေါ်ကီတော်ကီတွေ နှစ်ရက်ဆက်တိုက် ပေါက်ကွဲခဲ့တဲ့နောက် လူ ၄၀ နီးပါး သေဆုံးခဲ့ပြီး ၃၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာတွေဟာ အစ္စရေးရဲ့ ခြေရာခံ ထောက်လှမ်းမှုတွေကို ရှောင်လွှဲဖို့အတွက် နည်းပညာမြင့် ဒစ်ဂျစ်တယ် ဆက်သွယ်ရေး စနစ်တွေအစား pagerတွေ၊ ဝေါ်ကီတော်ကီတွေနဲ့ ဆက်သားတွေကိုသာ ဆက်သွယ်ရေး စနစ်အတွက် အဓိက အသုံးပြုခဲ့ပေမယ့်လည်း အစ္စရေးက နည်းလမ်းရှာ ဖောက်ဝင်ပြီး ဗုံးတွေ တပ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးဟာ လက်ဘနွန်ဆီ အဲဒီ ဆက်သွယ်ရေး ကိရိယာတွေ မရောက်ခင် လမ်းခုလတ် တနေရာရာမှာ ပစ္စည်းတွေချင်း လဲလှယ်ထားတာ ဖြစ်နိုင်ကြောင်း ယူဆရပေမယ့် အစ္စရေး စစ်တပ်ကတော့ ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့က ပေါက်ကွဲမှုတွေရဲ့ ဒုတိယနေ့အဖြစ် Icom ကုမ္ပဏီထုတ် IC-V82 အမျိုးအစား ဝေါ်ကီတော်ကီတွေ ပေါက်ကွဲခဲ့တာပါ။ ဒါပေမဲ့လည်း အိုဆာကာမြို့ အခြေစိုက် ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီကတော့ အဲဒီတိုက်ခိုက်မှုဟာ ကုမ္ပဏီနဲ့ ကင်းကင်းရှင်းရှင်း ရှိတယ်လို့ ဖြေရှင်းထားပါတယ်။

ဓာတ်ပုံမှတ်တမ်းတွေအရ ပေါက်ကွဲခဲ့တဲ့ ဝေါ်ကီတော်ကီတွေဟာ IC-V82တွေဆိုတာ တွေ့ရပေမယ့် ကုမ္ပဏီရဲ့ အဆိုအရ အဲဒီ မော်ဒယ်တွေကို ထုတ်လုပ်မှု ရပ်ဆိုင်းထားခဲ့တာ ၁၀ နှစ်ကျော်ပြီလို့ Icomက ဆိုပါတယ်။

ဝေါ်ကီတော်ကီ စက်တွေကို ထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှုတွေ မရှိတဲ့အပြင် အဲဒီ ဝေါ်ကီတော်ကီတွေမှာ အသုံးပြုမယ့် ဘက်ထရီ အမျိုးအစားတွေကိုပါ ထုတ်လုပ်မှု ရပ်ဆိုင်းထားခဲ့ပြီး ဖြစ်တယ်လို့ Icomက ထုတ်ပြန်ခဲ့ပါတယ်။

အလားတူ စက်တင်ဘာ ၁၇ ရက်နေ့တုန်းက လက်ဘနွန်နဲ့ ဆီးရီးယားအနှံ့ pagerတွေ ပေါက်ကွဲခဲ့တဲ့ ဖြစ်စဉ်မှာလည်း အဲဒီ ကိရိယာတွေ တံဆိပ်တပ်ထားတဲ့ Gold Apollo ကုမ္ပဏီကလည်း အဲဒီကိရိယာတွေကို သူတို့ ထုတ်လုပ် တင်ပို့ခဲ့တာ မဟုတ်ကြောင်း ဖြေရှင်းခဲ့ရပါတယ်။

ကုမ္ပဏီ ပိုင်ရှင် ဆူချင်းကောင်းက ကုမ္ပဏီ နာမည်နဲ့ ထုတ်ကုန်နာမည်တွေ အသုံးပြုခွင့် လိုင်စင်ယူထားတဲ့ ဟန်ဂေရီ အခြေစိုက် လုပ်ငန်းတစ်ခုကသာ Gold Apollo တံဆိပ်ပါတဲ့ အဲဒီ pagerတွေကို ထုတ်လုပ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ 

လက်ကိုင်ဆက်သွယ်ရေး ကိရိယာတွေ တပြုံတမကြီး နှစ်ရက်ဆက်တိုက် ပေါက်ကွဲခဲ့တဲ့ အခြေအနေဟာ လက်ဘနွန် လူ့အဖွဲ့အစည်းကိုလည်း အကြီးအကျယ် တုန်လှုပ်နေစေပြီး လက်ရှိ အသုံးပြုနေတဲ့ လက်ကိုင်ဖုန်းတွေ အပေါ်မှာတောင် အကြီးအကျယ် သံသယတွေ ဝင်နေကြတယ်လို့လည်း သိရပါတယ်။

Ref: BBC