စက်တင်ဘာ၊ ၂၀
စုံလင်များပြားလှတဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစု (EAO)တွေနဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)လို တော်လှန်ရေး အဖွဲ့တွေ ပါဝင်ပြီး ရှုပ်ထွေးလှတဲ့ မြန်မာ့နိုင်ငံရေး နောက်ခံ အခင်းအကျင်းမျိုးမှာတော့ အာရက္ခတပ်တော် (AA)ဟာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိရေးဆိုတဲ့ ရည်မှန်းချက်အတွက် စစ်မှန်တဲ့ အပြောင်းအလဲတွေ လုပ်ဆောင်ပြတဲ့ အစုအဖွဲ့ တခုအဖြစ် ရပ်တည်ပြုလာနိုင်ပါတယ်။ AAရဲ့ အောင်မြင်မှုတွေဟာ ကိုယ်ပိုင် လွတ်လပ်တဲ့ နိုင်ငံတခုရဲ့ ဖြစ်တည်မှုမျိုးကိုတောင် မျှော်လင့်လို့ ရလာပါတယ်။ ရခိုင်ပြည်နယ်ဟာ မြန်မာစစ်တပ်ရော၊ နိုင်ငံခြား စွက်ဖက် လွှမ်းမိုးမှုတွေကပါ ကင်းလွတ်ပြီး အပြည့်အဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ထိုးထွက် ရပ်တည်လာနိုင်စေမယ့် အကြောင်းတရား နှစ်ခု ရှိနေပါတယ်။ ပထမ ညွှန်ကိန်းက ရခိုင်ပြည်သူတွေဟာ တခုတည်းသော ခေါင်းဆောင်မှုအောက်မှာ စုစုစည်းစည်း နေခြင်းပါ။ ဒုတိယ ကိစ္စကတော့ ရခိုင်ပြည်နယ်ရဲ့ ပထဝီဝင် အနေအထားအရ အချက်အခြာကျကျ တည်ရှိနေမှုဖြစ်ပြီး အဲဒီ အခြေအနေကပဲ နိုင်ငံရပ်ခြား တိုက်ရိုက်ခြယ်လှယ်မှုတွေကို တွန်းလှန်နေပါတယ်။
AAကို ၂၀၀၉ ခုနှစ်မှာ ဦးထွန်းမြတ်နိုင် အပါအဝင် ရခိုင် အမျိုးသားရေးဝါဒီ လူငယ် ၂၅ ယောက်က ကချင်ပြည်နယ်မှာ အခြေစိုက်ပြီး စတင် ဖွဲ့စည်းခဲ့ပါတယ်။ ဆယ်စုနှစ် တခုကျော်လောက် အကြာမှာပဲ AAဟာ မြန်မာနိုင်ငံရဲ့ အတောင့်တင်းဆုံး လက်နက်ကိုင် အင်အားစုတွေထဲက တခုအဖြစ် ရပ်တည်လာပါတယ်။ ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဗိုလ်မှူးချုပ် ညိုထွန်းအောင်တို့ရဲ့ ဦးဆောင်မှုတွေနဲ့အတူ AAဟာ အားကောင်းတဲ့ စစ်တပ်တခုအဖြစ် ပုံပေါ်အောင် ပါးပါးနပ်နပ် တည်ဆောက်ရင်း အာရက္ခ လမ်းစဉ်လို့ ညွှန်းဆိုလေ့ရှိတဲ့ ရခိုင်နိုင်ငံတော် မျှော်မှန်းချက်ကို တကျော့ပြန် အသက်သွင်းလာနိုင်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်ထိ အခြေအနေအရ AAဟာ လေ့ကျင့်ပြီးသား တပ်အင်အား ၃၀၀၀၀ ကျော် ရှိတယ်လို့ ကြွေးကြော်ထားပါတယ်။ တချို့ကတော့ AAမှာ တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်တွေ ၄၀၀၀၀ ကျော်လောက်ထိ ရှိနိုင်တယ်လို့ ခန့်မှန်းကြတယ်။ တခြား EAOတွေနဲ့ AAက သိသိသာသာ ကွာခြားတာကတော့ စည်းလုံးတဲ့ လှုပ်ရှားမှု တခုအဖြစ် ရခိုင်ပြည်သူတွေကို AA ခေါင်းဆောင်တွေက စည်းရုံးနိုင်ခြင်း ဖြစ်ပါတယ်။ ရခိုင် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ၁၇၈၄ ခုနှစ်တုန်းက ဗမာမင်းတွေရဲ့ ကျူးကျော်မှုကြောင့် မြောက်ဦး ဘုရင့်နိုင်ငံ ကျဆုံးခဲ့တဲ့ အချိန်ကနေ အစပြုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရှေးအရင်က ရခိုင် လွတ်လပ်ရေး လှုပ်ရှားသူတွေနဲ့ ကွဲပြားတဲ့ အချက်ကတော့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ ရဲဘော်ရဲဘက်တွေဟာ သက်ကြီးပိုင်း အရင်မျိုးဆက် ရခိုင်အမျိုးသားရေး ဝါဒီတွေကိုပါ သူတို့ရဲ့ လမ်းစဉ်နဲ့ ကိုက်ညီအောင် စည်းရုံးယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မတူညီတဲ့ မျိုးဆက်တွေပေါ် ကျယ်ကျယ်ပြန့်ပြန့် အခြေပြုတဲ့ ခေါင်းဆောင်မှု စနစ်ကို ထူထောင်နိုင်ပြီး ရခိုင်ပြည်နယ် အနာဂတ်နဲ့ ပတ်သက်ရင် ရေရှည်အတွက် ပိုအာရုံစိုက်လို့ ရလာစေခဲ့ပါတယ်။
AAရဲ့ လျင်လျင်မြန်မြန် အားကောင်းလာမှုမှာ အဓိက အကျဆုံး အကြောင်းတရား တခုကတော့ လက်တွေ့ကျတဲ့ ခေါင်းဆောင်မှုပဲ ဖြစ်ပါတယ်။ AA ခေါင်းဆောင်တွေဟာ ရေတို အခင်းအကျင်းတွေကို ရေရှည်အစီအမံတွေနဲ့ ကျွမ်းကျွမ်းကျင်ကျင် ပေါင်းစပ်ညှိနှိုင်း ယူနိုင်ခဲ့တယ်။ ရက္ခိုင့်အိပ်မက် ၂၀၂၀ နဲ့ ရက္ခိတလမ်းစဉ် ဆိုတဲ့ ကြွေးကြော်မှုတွေဟာ အဲဒီ ချဉ်းကပ်မှုကို ထင်ဟပ်စေခဲ့ပါတယ်။ အားကောင်းတဲ့ စုစည်းမှု စွမ်းရည်ကို ထိရောက်တဲ့ စည်းရုံးရေး အမြင်တွေနဲ့ ပေါင်းစည်းလိုက်တဲ့ အခါမှာတော့ AAဟာ မြန်မာ စစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်ဖို့၊ ဒါမှမဟုတ် တန်းတူအနေအထားမျိုး ညှိနှိုင်းဖို့ လုံလောက်တဲ့ အင်အားစုမျိုး ပိုင်ဆိုင်လာပါတော့တယ်။
AAရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မျှော်မှန်းချက် အလားအလာတွေနဲ့ ပတ်သက်ပြီး ဒုတိယမြောက် အရေးပါတဲ့ ညွှန်ကိန်းကတော့ ရခိုင်ပြည်နယ်ရဲ့ ပထဝီဝင် နိုင်ငံရေး အနေအထားပါပဲ။ တခြား EAO တော်တော်များများလိုမျိုး AAဟာ နိုင်ငံရပ်ခြား အင်အားစု တခုခုကို မှီခိုနေရတဲ့ အခြေအနေကနေ သိသိသာသာ ကင်းဝေးနေပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ AAရဲ့ မဟာမိတ်တွေဖြစ်တဲ့ တအားင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)တို့ဟာ တရုတ်ဆီက အားကောင်းတဲ့ လွှမ်းမိုး ချုပ်ကိုင်မှုအောက်မှာ လှုပ်ရှားနေကြရတာ ဖြစ်ပါတယ်။ တရုတ်ရဲ့ ပထဝီဝင် နိုင်ငံရေး အကျိုးစီးပွားတွေကို အခြေပြုပြီး အဲဒီအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေဟာ အကန့်အသတ်တွေ ရှိနေရပါတယ်။ ဥပမာ ‘အော်ပရေးရှင်း ၁၀၂၇’တုန်းက TNLA၊ MNDAAနဲ့ AAတို့ ပူးပေါင်းပါဝင်တဲ့ ညီနောင် မဟာမိတ် သုံးဖွဲ့ဟာ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မြန်မာစစ်တပ်ကို အကြီးစား ထိုးစစ်ကြီး ဆင်နွှဲတိုက်ခိုက်ခဲ့ပေမယ့် တရုတ်က ဖိအားပေးလာတဲ့ အချိန်မှာ အဲဒီ ထိုးစစ်ကို ရပ်ပစ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ အစိုးရ မဟုတ်တဲ့ အင်အား အကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြိး ညီနောင် မဟာမိတ် သုံးဖွဲ့အပါအဝင် အစုအဖွဲ့ အမျိုးစုံကို လက်နက်တွေ သိုသိုသိပ်သိပ် ထောက်ပံ့ပေးနေတဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကိုယ်တိုင်တောင်မှ တရုတ်ရဲ့ မဟာဗျူဟာ ဦးစားပေးမှုတွေနဲ့ လိုက်လျောညီထွေပဲ လှုပ်ရှားရပါတယ်။
AAကတော့ မတူပါဘူး။ AAဟာ တရုတ်ရဲ့ ကြားဝင်စွက်ဖက်မှုတွေကနေ အတော်ကြီး ကင်းကွာပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားနေပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်ထဲမှာပါ။ ဒီအနေအထားမျိုးကို UWSAတောင်မှ အားကျရမှာ ဖြစ်ပါတယ်။ AAဟာ မဟာမိတ် အစုအဖွဲ့တွေနဲ့ ပူးပေါင်း လှုပ်ရှားမှုတွေ ရှိနေတဲ့တိုင်အောင် ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်လာရင်တော့ ကိုယ်ပိုင် စီရင်ဆုံးဖြတ်ပိုင်ခွင့်ကို လက်ဝယ်ပိုင်ပိုင် ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။ မကြာသေးခင်က အင်တာဗျူး တစ်ခုမှာ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က တရုတ်ဟာ ကိုယ်ပိုင် အမျိုးသားရေး အကျိုးစီးပွားတွေကို ရှေ့ရှုသလို AAကလည်း တူတူညီညီပဲ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီလို အမှီအခို ကင်းမှုကြောင့်လည်း AAဟာ ရခိုင်နဲ့ ပတ်သက်ရင် ပြည်ပ အင်အားစုတွေရဲ့ ချုပ်ကိုင်မှုကနေ ကင်းလွတ်ပြီး ကိုယ်ပိုင် မဟာဗျူဟာတွေကို ပုံသွင်းထုဆစ်လို့ ရနေတာပါ။
တရုတ်ဟာ မဟာဗျူဟာ အခင်းအကျင်းကြီး တခုဖြစ်တဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု စီမံကိန်း (BRI)ကို အကြောင်းပြုပြီး ရခိုင်ပြည်နယ်အပေါ် စိတ်ဝင်စားမှု ရှိပါတယ်။ ဒါပေမဲ့ ရခိုင်နဲ့ ပတ်သက်ရင် အိန္ဒိယရဲ့ ပထဝီဝင် နိုင်ငံရေး အခင်းအကျင်းတွေက ပိုပြီးတော့ အရေးပါမယ့်ပုံ ရှိပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းဟာ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်ရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်နေပြီး တရုတ်ဟာ မလက္ကာ ရေလက်ကြားကို မှီခိုစရာ မလိုဘဲ အိန္ဒိယ သမုဒ္ဒရာဖက်ကို ပင်လယ်ထွက်ပေါက် ထောက်ပံ့ပေးနိုင်ပါတယ်။ အိန္ဒိယရဲ့ အမြင်မှာတော့ တရုတ်ဟာ အဲဒီ မဟာဗျူဟာကျတဲ့ ပင်လယ်ဆိပ်ကမ်းကို ထိန်းချုပ်သွားမယ်ဆိုရင် ဒေသတွင်းမှာ အိန္ဒိယအတွက် ကြီးကြီးမားမား ဆိုးကျိုးတွေ ဖြစ်လာစေမယ်လို့ ယူဆစရာ ဖြစ်နေပါတယ်။
နောက်ပြီး ရခိုင်ပြည်နယ်ဟာ အိန္ဒိယရဲ့ ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနဲ့ ပတ်သက်ရင်လည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ အဲဒီစီမံကိန်းဟာ ဘင်္ဂလား ပင်လယ်အော်ကို အသုံးချပြီး အိန္ဒိယရဲ့ သီးခြားဆန်ဆန် တည်ရှိနေရာ အရှေ့မြောက်ပိုင်း နယ်မြေတွေကို ပြည်မ အစိတ်အပိုင်းတွေနဲ့ ချိတ်ဆက်ပေးဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေနဲ့ စစ်တွေဆိပ်ကမ်းကို ကုန်သွယ်ရေး လမ်းကြောင်းတွေ ဖြတ်သန်းသွားရမှာ ဖြစ်ပါတယ်။ အိန္ဒိယ ညီအစ်မ ခုနစ်ဖော်လို့ တင်စားလေ့ရှိတဲ့ အရှေ့မြောက်ပိုင်း ပြည်နယ် ၇ ခုကို အိန္ဒိယက ဆက်သွယ်ရာမှာ ကြက်လည်ပင်းလို့ ညွှန်းလေ့ရှိတဲ့ အနောက်ဘင်္ဂလား ကုန်းတွင်းပိုင်း နယ်မြေ ကျဉ်းကျဉ်းလေးကိုပဲ အားပြုနေရပါတယ်။ အဲဒီနေရာကို ဆီလီဂူရီ စင်္ကြန်လို့လည်း ခေါ်ပါတယ်။ တကယ်လို့ အဲဒီ စင်္ကြန် နယ်မြေလေးသာ ပိတ်ဆို့ခံလိုက်ရမယ်ဆိုရင် အိန္ဒိယဟာ အတော်ကြီးမား ကျယ်ပြန့်တဲ့ နိုင်ငံ အစိတ်အပိုင်းနဲ့ အဆက်အသွယ် ပြတ်တောက်သွားမယ့် သဘောပါ။ ပြောရမယ်ဆိုရင် အခုတောင်မှ အဲဒီ အချိတ်အဆက်ဟာ တော်တော်လေး အားနည်းနှင့်နေပြီးသား ဖြစ်ပါတယ်။
ဒါကြောင့်လည်း ရခိုင်ပြည်နယ် ကမ်းရိုးတန်းကို လက်လှမ်းမီမှု ဆုံးရှုံးလိုက်ရမယ်ဆိုရင် အိန္ဒိယအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာမှာပါ။ ဒီအတွက်လည်း အိန္ဒိယက အဲဒီဒေသမှာ တရုတ်သာမက၊ ဘယ်စူပါပါဝါ နိုင်ငံရဲ့ လွှမ်းမိုးမှုကိုမှ လက်ခံမှာ မဟုတ်ဘဲ တန်ပြန် တွန်းလှန်ပါလိမ့်မယ်။ အဲဒီလိုမျိုး ပထဝီဝင် နိုင်ငံရေး အားပြိုင်မှုတွေဟာ AAအတွက် အကျိုးကျေးဇူးတွေ များစေပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ ရခိုင်ပြည်နယ်ကို ထိန်းချုပ်ထားတာ ဘယ်သူပဲဖြစ်ဖြစ်၊ ကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင်နိုင်ဖို့ တရုတ်ရော၊ အိန္ဒိယကပါ ကြိုးစားကြမှာပါပဲ။
အဲဒီ ညွှန်ကိန်းတွေကို ကြည့်မယ်ဆိုရင် ရခိုင်ပြည်နယ်ဟာ မြန်မာမှာ စစ်မှန်တဲ့ ကိုယ်ပိုင် အုပ်ချုပ်မှု ယန္တရားကို ထူထောင်နိုင်တဲ့ ပထမဆုံး ဒေသ ဖြစ်လာဖို့ အားအကောင်းဆုံး အနေအထားကို ရောက်နေပါတယ်။ AAမှာ အားကောင်းတဲ့ ခေါင်းဆောင်မှု၊ ပထဝီဝင် နိုင်ငံရေးရဲ့ ရှုပ်ထွေးတဲ့ အရွေ့တွေကို ပါးနပ် ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်မှုတွေနဲ့အတူ ပြည်တွင်းက တခြား EAOတွေနဲ့ အတော်လေး ခြားနားတဲ့ အနေအထား တရပ်ကို ပိုင်ဆိုင်နေပါတယ်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့် အပြည့်အဝ ရရှိလာဖို့ ဆိုတာဟာ ဆူးခင်းလမ်း ဖြစ်နေမယ် ဆိုတာတော့ သေချာပါတယ်။ ဒါပေမဲ့လည်း AAက စစ်တပ်ကိုရော၊ ပြည်ပ လွှမ်းမိုးမှုတွေကိုပါ ကြံ့ကြံ့ခံနိုင်တဲ့ ထူးကဲ စွမ်းဆောင်ရည်မျိုးဟာ ရခိုင်ရဲ့ အနာဂတ်သစ်ကို ထုဆစ် ပုံဖော်နိုင်ဖို့ စစ်မှန်တဲ့ အခွင့်အလမ်းမျိုးတွေ အများကြီးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။
(The Diplomat၏ Why Rakhine State Could Become Myanmar’s First Truly Autonomous Region ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)