စပါးအုံးမြွေ ရစ်ပတ်မှုဒဏ်ကို နှစ်နာရီလောက် ကြုံတွေ့ခဲ့တဲ့ ထိုင်းအမျိုးသမီး ကျန်းမာရေး ကောင်းမွန်လာ

စက်တင်ဘာ၊ ၁၉

စပါးအုံးမြွေကြီး တကောင်ရဲ့ ရစ်ပတ် ဖျစ်ညှစ်မှုကို ၂ နာရီကျော်လောက် ခံခဲ့ရတဲ့ ထိုင်းအမျိုးသမီး တဦးဟာ အခုတော့ ဆေးရုံမှာ အခြေအနေ တိုးတက်လာနေပြီလို့ သိရပါတယ်။

ဘန်ကောက် ကလေးဆေးရုံမှာ အောက်ခြေသိမ်း ဝန်ထမ်းအဖြစ် အလုပ်လုပ်တဲ့ အရွမ် အရွန်ရော့ဂျ်ဟာ အောက်တိုဘာ ၁၇ ရက်နေ့ ညပိုင်းက အသက်ဘေးနဲ့ နီးလှတဲ့ ထိတ်လန့် တုန်လှုပ်စရာ အတွေ့အကြုံဆိုးကြီးကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

မနှစ်က ခင်ပွန်းသည် ဆုံးပါးသွားပြီးတဲ့နောက် ဆမွတ် ပရာကန်မှာ တကိုယ်တည်း နေထိုင်တဲ့ အရွမ်ဟာ အလုပ်က ပြန်လာပြီးတဲ့နောက် ညစာစားပြီး အိမ်နောက်ဖက် ကိုင်းတောနားမှာ ပန်းကန်ဆေးနေခဲ့ပါတယ်။ အဲဒီ အချိန်မှာပဲ ၁၃ ပေလောက်ရှည်ပြီး ၄၄ ပေါင်လောက် အလေးချိန်ရှိတဲ့ တွားသွား သတ္တဝါကြီးက အရွမ်ကို ချောင်းမြောင်း တိုက်ခိုက်ခဲ့တာပါ။

အသက် ၆၄ နှစ်အရွယ် အမျိုးသမီးရဲ့ အဆိုအရ မြွေကြီးဟာ သူ့ပေါင်ကို လှမ်းကိုက်ပြီးတာနဲ့ ချက်ချင်း သူ့ကို ရစ်ပတ်ခဲ့တယ်လို့ သိရပါတယ်။ အရွမ်ဟာ နိုင်သမျှအားနဲ့ ရုန်းကန်ရင်း အော်ဟစ် အကူအညီ တောင်းပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သူ့ကို မြွေမမျိုနိုင်အောင် အရွမ်က စွမ်းသမျှ တွန်းလှန်နေရင်း တနာရီခွဲလောက် အကြာမှာတော့ သူ့ရဲ့ အော်သံသဲ့သဲ့ကို အိမ်နီးချင်း တဦးက ကြားသွားခဲ့ပါတယ်။

အဲဒီ အိမ်နီးချင်းကပဲ သက်ဆိုင်ရာဆီ ဆက်သွယ် အကြောင်းကြားခဲ့တာကြောင့် ကယ်ဆယ်ရေးတွေက အခင်းဖြစ်တဲ့ နေအိမ်ကို ရောက်လာ၊ တံခါးကို ချိုးဖျက် ဝင်ရောက်ပြီး အရွမ်ကို ကယ်ဆယ်ခဲ့ရပါတယ်။ မြွေကြီးက ရစ်ပတ်တာ ခံထားရတဲ့ အမျိုးသမီးကို ကယ်ထုတ်ဖို့ အချိန်ယူခဲ့ရတဲ့ မိနစ် ၃၀ အပါအဝင် အရွမ်ဟာ စပါးအုံးရဲ့ ရစ်ပတ်မှုကို ၂ နာရီလောက် တောင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် ကယ်ဆယ်ရေးတွေက သူ့ကို အမြန်ဆုံး ဆေးရုံတင်ပို့ခဲ့ရပါတယ်။ အရွမ်ဟာ အရမ်း နွမ်းနယ်နေပြီး စကားတောင် မပြောနိုင်အောင် ဖြစ်နေခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်မှာ မြွေကိုက်ရာ တချို့လည်း ရှိနေခဲ့ပါတယ်။ စပါးအုံးတွေဟာ အဆိပ်မရှိပေမယ့်လည်း အစွယ်ရာတွေနေတဆင့် ပိုးမွှားဝင်ရောက်နိုင်တဲ့ အန္တရာယ်ကြောင့် အရွမ်ဟာ ပိုးသတ်ဆေးတွေနဲ့ ကုသမှုကိုလည်း ခံယူနေရပါတယ်။ အရွမ်ကို တိုက်ခိုက်ခဲ့တဲ့ စပါးအုံးမြွေကတော့ ကိုင်းတောထဲ ဝင်ရောက် ပျောက်ကွယ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဆေးရုံမှာ အခုအခါ အခြေအနေ တည်ငြိမ်နေပြီဖြစ်တဲ့ အရွမ်က သူဟာ လွတ်မြောက်ဖို့ မျှော်လင့်ချက်နဲ့ မြွေရဲ့ခေါင်းကို ချုပ်ကိုင်ဖို့ ကြိုးစားခဲ့ပေမယ့် စပါးအုံးမြွေက သူ့ကို လုံးဝ အလွတ်မပေးစတမ်း ဖျစ်ညှစ်ထားခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ထိုင်းမှာ နှစ်စဉ် လူပေါင်း ၁၂၀၀၀ လောက်ဟာ မြွေတွေ အပါအဝင် တောရိုင်း တိရစ္ဆာန်တွေရဲ့ တိုက်ခိုက်မှုတွေကို ကြုံရလေ့ ရှိပါတယ်။ မနှစ်တုန်းကဆိုရင် ပိုးထိပြီး သေဆုံးသူ ၂၆ ဦး ရှိခဲ့တယ်လို့ ထိုင်းအမျိုးသား ကျန်းမာရေး လုံခြုံမှုရုံးက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း ဆမွတ် ပရာကန်မှာပဲ အိမ်သာတက်နေတဲ့ အမျိုးသားရဲ့ မတော်ရာကို ကမုတ်ခွက်ထဲ ဝင်ခွေနေတဲ့ စပါးအုံးက လှမ်းကိုက်တဲ့ ဖြစ်စဉ် ပေါ်ပေါက်ခဲ့ဖူးပါတယ်။ အဲဒီ အမျိုးသားဟာ မြွေရဲ့ ခေါင်းကို အိမ်သာသုံး ဘရပ်ရှ်နဲ့ တောက်လျှောက် ရိုက်နှက်ရင်း အော်ဟစ် အကူအညီ တောင်းခဲ့တဲ့နောက် အိမ်နီးချင်း တဦးက ကြားသွားပြီး ကယ်ဆယ်ရေးတွေကို အကြောင်းကြားပေးခဲ့ပါတယ်။ အဲဒီအမျိုးသားလည်း သေကံမရောက်ခဲ့ပေမယ့် ပိုးသတ်ဆေးတွေ သောက်ခဲ့ရပြီး အကိုက်ခံရတဲ့ နေရာတဝိုက် အရမ်းနာကျင်တဲ့ဒဏ် ခံစားခဲ့ရကြောင်း သတင်းထောက်တွေကို ပြောပြသွားခဲ့ပါတယ်။

Ref: Guardian