တပတ်အတွင်း ဒုတိယအကြိမ်အဖြစ် မြောက်ကိုရီးယားက တာတို ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်

စက်တင်ဘာ၊ ၁၈

မြောက်ကိုရီးယားက ပစ်ခတ်လိုက်တဲ့ တာတို ဒုံးကျည် တချို့ဟာ ပင်လယ်ပြင်မှာ ကျရောက်ခဲ့တယ်လို့ တောင်ကိုရီးယားနဲ့ ဂျပန် စစ်ဘက်က အသီးသီး အတည်ပြုခဲ့ပါတယ်။

စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းမှာ မြောက်ကိုရီးယားရဲ့ မြို့တော် ပြုံယမ်း မြောက်ဖက်မှာ တည်ရှိတဲ့ ကေချွန်ဧရိယာ တဝိုက်ကနေ ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဒုံးကျည်တွေဟာ အရှေ့မြောက်ဖက် ခပ်ကျကျကို ဦးတည် ပျံသန်းခဲ့ပြီး ပင်လယ်ပြင်ထဲ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အမေရိကန်ရဲ့ အရှေ့အာရှ မဟာမိတ် နှစ်နိုင်ငံက မြောက်ကိုရီးယား ပစ်ခတ်ခဲ့တဲ့ ဒုံးကျည် အရေအတွက်ကိုတော့ အတိအကျ အတည်ပြု ထုတ်ပြန်တာမျိုး မရှိခဲ့ပါဘူး။

မြောက်ကိုရီးယားဆီက ဒုံးကျည်တွေ တက်လာကတည်းက ကာကွယ်ရေး အစီအမံတွေကို အသင့်ပြင်ထားပြီး ဂရုတစိုက် စောင့်ကြည့်ခဲ့ကြောင်း၊ ဒါပေမဲ့ အဲဒီ ဒုံးကျည်တွေဟာ လေပိုင်နက် ကျူးကျော် ခြိမ်းခြောက်တာမျိုး မရှိခဲ့ကြောင်း ဂျပန် စစ်ဘက် တာဝန်ရှိသူ တယောက်က ဆိုပါတယ်။

ဂျပန်၊ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ မြောက်ကိုရီးယားဆီက နောက်ထပ် ဒုံးကျည် စမ်းသပ်မှု အလားအလာတွေနဲ့ ပတ်သက်လို့လည်း နိုးနိုးကြားကြား စောင့်ကြည့်နေပြီး သတင်းအချက် ဖလှယ်မှုတွေကို အပြည့်အဝ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားဟာ တပတ်အတွင်း ဒုံးကျည် စမ်းသပ်မှုတွေကို ဒုတိယ အကြိမ်မြောက် လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ စက်တင်ဘာ ၁၂ ရက်နေ့တုန်းကလည်း ၆၀၀ မမ ဒုံးကျည် ပစ်စင် အသစ်ကို စမ်းသပ်ဖို့အတွက် မြောက်ကိုရီးယားဟာ တာတို ဒုံးကျည် တချို့ကို ပင်လယ်ပြင်ဖက် ပစ်ခတ်ခဲ့ပါသေးတယ်။

တောင်ကိုရီးယား စစ်ဘက်ကတော့ အဲဒီ ဒုံးကျည်တွေဟာ ရုရှားဆီ တင်ပို့ရောင်းချမှု မတိုင်ခင် လက်နက် စမ်းသပ်တာ ဖြစ်နိုင်တယ်လို့ စွပ်စွဲ ပြောဆိုထားပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားရော၊ ရုရှားကပါ ယူကရိန်း စစ်ပွဲမှာ ရုရှားစစ်တပ် အသုံးပြုဖို့ ဒုံးကျည်တွေ အရောင်းအဝယ် လုပ်နေတယ်ဆိုတဲ့ သတင်းတွေကို အတိအလင်း ငြင်းဆိုထားပါတယ်။

Ref: VoA