စစ်ပွဲတွေကြားက ရိုဟင်ဂျာတွေရဲ့အနာဂါတ်

စက်တင်ဘာ ၊ ၁၆

ဘင်္ဂလားဒေ့ရှ်နိင်ငံမှာ ခုနစ်နှစ်ကြာ ခိုလှုံနေရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ ဒုက္ခသည်တသန်းနီးပါး နေရပ်မပြန်နိုင်သေးခင်မှာပဲ နယ်စပ်ဖြတ်ကျော် တိမ်းရှောင်နေသူ အရေအတွက် ထပ်မံတိုးပွားလာနေပါတယ်။

အာရက္ခတပ်တော်(AA)နဲ့အာဏာသိမ်းစစ်ကောင်စီတို့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် မောင် တောနဲ့ဘူးသီးတောင်မြို့နယ်တွေက ရိုဟင်ဂျာထောင်နဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေကြရ တာပါ။ 

အဲဒီလိုတိမ်းရှောင်နေသူတွေထဲမှာ ကာမူ(ကာယကံရှင်ဆန္ဒအရအမည်ပြောင်းထား)တို့ မိသားစုလည်း အပါအဝင်ဖြစ်ပါတယ်။

ကာမူဟာ မောင်တောမြို့ကညင်တန်းရပ်ကွက်မှာနေထိုင်နေတဲ့အသက် အရွယ်၂၇နှစ်အရွယ် ရိုဟင်ဂျာအမျိုး သားတဦးဖြစ်ပြီး သူ့မှာ ဇနီးသည်နဲ့အသက်သုံးနှစ်အရွယ်သားတဦး၊အသက်တနှစ်အရွယ် သမီးတဦးရှိကာ အသက် ၆၀ ကျော်အရွယ် ယောက္ခမဖြစ်သူနဲ့အတူနေထိုင်ကြတာပါ။

ကာမူတို့ဇနီးမောင်နှံက ကုန်ခြောက်ဆိုင်ဖွင့်ထားပြီး စီးပွားရေးပြေလည်သူတွေလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် လကုန်ပိုင်းမှာတော့ သူတို့မိသားစုနေရပ်ဒေသကိုစွန့်ခွာဖို့ အကြောင်းဖန်လာပါတော့တယ်။

မောင်တောဒေသမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့အတွက် သူတို့မိသားစုက နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံဖက်ကိုတိမ်းရှောင်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီကာလမတိုင်မီကတည်းကလည်း မောင်တောမြို့က အရပ်သားအများအပြားဟာ မောင်တောမြို့ မြောက်ဖက် ပိုင်းနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို တိမ်းရှောင်နေကြတာပါ။

ကာမူကတော့ ဆွေမျိုးတွေရှိတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်တဖက်ကမ်း ကော့ဇ်ဘဇားက ဒုက္ခ သည်စခန်းတွေဆီ တိမ်းရှောင်ဖို့စီစဥ်ခဲ့တာဖြစ်ပါတယ်။ ကာမူရဲ့ဆွေမျိုးသားချင်းအများအပြားဟာ ၂၀၁၇က တည်းက တိမ်းရှောင်ထွက်ပြေးသွားကြတာဖြစ်ပြီး အခုထိနေရပ်ပြန်မလာနိုင်ကြသေးတာပါ။

ကာမူတို့မိသားစုတော့မောင်တောမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေချိန် ပြီးခဲ့တဲ့ဇူလိုင်လနှောင်းပိုင်းမှာ မောင် တောမြို့နေအိမ်ကနေထွက်ခွာလာခဲ့ကြတာဖြစ်ပါတယ်။ လေကြောင်းနဲ့လက်နက်ကြီးရန်ကြောင့်ကာမူတို့မိသားစုက ဘေးကင်းမယ်ထင်တဲ့အခြားရပ်ကွက်တွေမှာ ရွှေ ပြောင်းနေထိုင်ခဲ့ပါသေးတယ်။ အရပ်သားတွေထိခိုက်သေဆုံးတာတွေများလာတဲ့အခါမှာတော့ မြို့ပြင်ထွက်ပြေးဖို့ သူတို့စီစဥ်ခဲ့ရပါတယ်။

မြို့ထဲက ထွက်ဖို့ကိုလည်း ရိုဟင်ဂျာလက်နက်ကိုင်တွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့တွေက ပိတ်ပင်တားမြစ် ထားတဲ့အတွက် အခြေအနေ အချိန်အခါကို စောင့်ခဲ့ရပါသေးတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ မြို့တွင်းနေရာအများစုကနေ ဆုတ်ခွာသွားချိန်မှ ထွက်ပြေးလာရတာဖြစ်ပြီး လမ်းခရီးမှာ အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရတယ်လို့ကာမူကဆိုပါတယ်။ “မြို့ထဲကနေအသက်လုထွက်လာရတာပါ”လို့ကာမူကDNAကိုပြောပါတယ်။

AAက မောင်တောမြို့နယ်မြေအများစုကို ထိန်းချုပ်ပြီးတဲ့နောက်ပိုင်းမှာတော့ မြို့ထဲပိတ်မိနေသူတွေကို ကယ် ထုတ်ပေးခဲ့တယ်လို့လည်းကာမူကဆိုပါတယ်။

(မောင်တောမြို့အတွင်းပိတ်မိနေပြီးရိုဟင်ဂျာလက်နက်ကိုင်တွေအပါအဝင်စစ်ကောင်စီကလူသားဒိုင်းပြုလုပ်ထားတဲ့ပြည်သူသုံးသောင်းနီးပါးကိုကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ AAက သြဂုတ်လ၂၉ရက်ကထုတ်ပြန်ထားပါတယ်) 

Photo  Credit - ABN
Photo Credit – ABN

မြို့ပြင်ထွက်ပြေးလာပြီးနောက်ကျေးရွာတခုမှာနှစ်ရက်ကြာအောင်ပုန်းခိုနေရစဥ်ကအတိဒုက္ခရောက်ရပုံကိုလည်းသူကအခုလိုရင်ဖွင့်ခဲ့ပါတယ်။

“နှစ်ရက်တိတိအငတ်ခံခဲ့ရပါတယ်”

တိုက်ပွဲတွေကြောင့် အသက်မွေးဝမ်းကျောင်းအလုပ်တွေ ရပ်တန့်သွားပြီး ငွေကြေးတက်နိုင်ရင်လည်း ဝယ်စားစရာ မရှိတဲ့ အခြေအနေတွေကို ပြည်သူတွေကြုံတွေ့နေတာလည်းဖြစ်ပါတယ်။

နောက်ဆုံး ပုန်းခိုစရာနေရာကလည်းရှားပါးလာပြီး အငတ်ဘေးအပါအဝင် အခက်အခဲ ဒုက္ခမျိုးစုံကြုံ လာချိန်မှာ တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်တိမ်းရှောင်ဖို့ ကာမူ ဆုံးဖြတ်ခဲ့ရပါတော့တယ်။

အဲဒီနောက်ကာမူတို့မိသားစုရဲ့ နယ်စပ်ဖြတ်ကျော်ခရီးကြမ်းစတင်ခဲ့ပါတယ်။ မောင်တောမြို့မြောက်ဖက် နှစ်မိုင်လောက်အကွာမှာရှိတဲ့ ရွှေဇားကျေးရွာဟာ ကာမူမိသားစုရဲ့ နယ်စပ်ဖြတ် ကျော် ခရီးအတွက် ပထမဆုံးပန်းတိုင်ဖြစ်ပါတယ်။အဲ့ဒီကိုခြေလျင်ထွက်ခွာခဲ့တယ်လို့ ကာမူကပြောပြပါတယ်။

မောင်တောက ထွက်ခွာရာ လမ်းတလျှောက်မှာလည်း ရိုဟင်ဂျာလက်နက်ကိုင်တွေ၊ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တွေ့ခဲ့ရပါသေးတယ်။ ရိုဟင်ဂျာလက်နက်ကိုင်တွေကိုတော့ ဘယ်အဖွဲ့(ARSA/RSO စတာကိုဆိုလို)မှန်း သူတို့ ခွဲခြားမသိဘူးလို့လည်း ကာမူကပြောပါတယ်။

“သူတို့( စကစပူးပေါင်းအဖွဲ့)ပိုက်ဆံတွေ ရွေတွေကိုလုယူတယ်”

ဒါပေမယ့်လည်း ကာမူတို့ကတော့ ရွှေ၊ငွေပစ္စည်းတွေကိုအကင်းပါးစွာ လုံခြုံအောင်သိုဝှက်ယူဆောင်လာလို့ အား လုံးမပါသွားဘူးလို့ဆိုပါတယ်။ ကာမူတို့မိသားစုက ရွှေဇားရွာကတဆင့် နတ်မြစ်ကမ်းစပ်အနီးရွာတွေကို ဆက်ထွက်ခွာခဲ့ပြီး အဲဒီရွာတွေမှာ ရက် အနည်းငယ်နေထိုင်ခဲ့ရပါတယ်။

နတ်မြစ်ကမ်းနားကရွာတွေမှာ တဖက်နိုင်ငံကူးဖို့ပွဲစားအစီအစဥ်နဲ့ လူတဖြည်းဖြည်းစုတာကို စောင့်ဆိုင်းရတာလို့ ကာမူကရှင်းပြပါတယ်။ သတ်မှတ်လူဦးရေပြည့်ပြီဆိုရင်တော့နတ်မြစ်ကိုငါးဖမ်းစက်လှေနဲ့ဖြတ်ကူးပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံဖက် ဆက်သွားကြမှာပါ။

စက်လှေခကတော့ တဦးကိုကျပ်ငွေတသိန်းကနေဆယ်သိန်းလောက်အထိ အစားစားရှိတာပါ။ကာမူတို့ကတော့ တဦးကို ကျပ်ငွေရှစ်သိန်းပေးခဲ့ရတာဖြစ်ပါတယ်။ “ပိုက်ဆံမရရင် လှေပေါ်မတက်ရဘူး”လို့ ကာမူကပြောပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ဖက်ကို တိမ်းရှောင်ကြရာမှာလည်း လက်နက်ကြီးအပါအဝင် ပစ်ခတ်ခံရလို့ သေဆုံးသူတွေ၊ လှေမှောက်သေဆုံးသူတွေလည်းရှိခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်အမျိုးတွေဆိုရင် လှေနစ်ပြီးသေသွားကြတယ်”လို့ကာမူကပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ဖက်ကိုပို့ဆောင်တဲ့စက်လှေတွေက တဖက်ကမ်းအဆင်သင့်ရာနေရာမှာ ကပ်ပေးတာဖြစ်ပြီး ဒုက္ခ သည်စခန်းရောက်ဖို့တော့အဆင့်ဆင့် ထပ်ပြီးဖြတ်ကျော်ရပါသေးတယ်။

“ဟိုဖက်ကမ်းရောက်ပြီးတော့လည်း တောထဲမှာ တညအိပ်ခဲ့ရတယ်၊နောက်ဆုံးကျမှ ယောက်ဖက လာခေါ်တာ” လို့ကာမူကဆိုပါတယ်။ စက်လှေ ကပ်တဲ့နေရာကနေ လမ်းမပေါ်ကို ရောက်ဖို့အတွက်ကတော့လူတယောက်ကို ဘင်္ဂလားဒေ့ရှ် တာကာ ငွေနှစ်ထောင်စီ(ကျပ်တသိန်းနီးပါး)ပွဲစားကိုပေးရပါသေးတယ်။

စစ်ကောင်စီဗဟိုဘဏ်ရဲ့သတ်မှတ်ဈေးနှုန်းတွေအရ ဘင်္ဂလားဒေ့ရှ်သုံးငွေ ၁ တာကာကို မြန်မာငွေ ၁၇ကျပ်ခွဲနှုန်း လောက်ရှိပေမယ့် ပြင်ပပေါက်ဈေးအရတော့ ၁တာကာကို ကျပ်ငါးဆယ်ဝန်းကျင်လောက်ဈေးရှိနေတာပါ။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့(BGB)နဲ့ မတွေ့အောင်ရှောင်ရှားသွားနိုင်ဖို့လမ်းပြပွဲစားကိုပေးရတာလို့လည်း ကာမူကရှင်းပြပါတယ်။

“တောလမ်းရော၊ ဆူးတွေ၊ ခြုံတွေရော ဖြတ်ပြီး သွားရတယ်”

ဒါ့အပြင် လမ်းမပေါ်ကတဆင့်ဒုက္ခသည်စခန်းကို ရောက်ဖို့အတွက် တဦးကို တာကာ၁၅၀ (ကျပ်ခုနှစ်သောင်း) လောက်ထပ်ပေးရပြန်ပါတယ်။ “ဒီကို ရောက်တော့ ဘာမှမကျန်တော့ဘူး”လို့ကာမူကငြီးတွားပါတယ်။

လက်ရှိမှာတော့ ကာမူတို့မိသားစုကနယ်စပ် ကော့ဇ်ဘဇားဒေသဒုက္ခသည်စခန်းတခုရှိ ယောက်ဖဖြစ်သူအိမ်မှာ နေထိုင်နေပြီးဆွမျိုးတွေနဲ့ စခန်းကအလှူငွေကောက်ခံကျွေးမွးတာနဲ့စားသောက်နေရတာပါ။ “အမျိုးတွေပေးတဲ့ဆန်နည်းနည်းနဲ့စားနေရတာ၊ မလောက်ပါ၊ တော်တော်ဒုက္ခရောက်နေပါတယ်” လို့ သူက ရင်ဖွင့်ပါတယ်။

အတိတ်ကဖြစ်စဥ်တွေ

ရခိုင်ပြည်နယ်က လူမျိုး၊ဘာသာရေးအသွင် ပဋိပက္ခတွေဟာလွန်ခဲ့တဲ့ ဆယ်စုနှစ်ရှစ်ခုလောက်ကတည်းက စတင်ခဲ့တာပါ။ လူ့အသိုင်းအဝိုင်းနှစ်ခုကြား ကာလရှည်ကြာ ပွတ်တိုက်မှုတွေကလွတ်လပ်ရေးမရမီ ၁၉၄၀ ခုနှစ်ဝန်းကျင်ကာလ ဂျပန်တွေကျူးကျော်ဝင်ရောက်သိမ်းပိုက်လာချိန်မှာ ပိုဆိုးရွားလာခဲ့တယ်လို့ မြန်မာ့ အရေးကျွမ်းကျင်သူ ဆွီဒင်လူမျိုးသတင်းစာဆရာ ဘာတဲလ်လစ်တနာက သူ့ဆောင်းပါးတခုမှာရေးသားဖူး ပါတယ်။ (ကိုးကား-Militancy in Arakan State)

ဒုတိယကမ္ဘာစစ်ကာလကရခိုင်တိုင်းရင်းသားတွေအပါအဝင်ဗုဒ္ဓဘာသာဝင်တွေက ဂျပန်နဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော်(BIA)ဖက်ကရပ်တည်ခဲ့ပေမယ့် စစ်တကောင်းအနွယ် မွတ်ဆလင်တွေကတော့ ဗြိတိသျှဖက်က ရပ် တည်ခဲ့တာလို့ ဘာတဲလ်လစ်တနာကဆိုပါတယ်။

လူ့အသိုင်းအဝိုင်းနှစ်ခုကြား ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး လွတ်လပ်ရေးရပြီးချိန်မှာတော့ မွတ်ဆလင်ငါးသောင်း အထက် ထွက်ပြေးသွားခဲ့ရကာ အစ္စလာမ်နိုင်ငံတွေဆီပျံနှံ့သွားခဲ့ရတာလို့ ဆောင်းပါးမှာဖော်ပြထားပါတယ်။

အဲဒီနောက်ပိုင်း ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ရတာကလည်းလက်ရှိဖြစ်စဥ်က ပထမဆုံးမဟုတ်ခဲ့ပါဘူး။

အာဏာရှင်ဦးနေဝင်းလက်ထက် ၁၉၇၈ ခုနှစ်ကလည်း ရိုဟင်ဂျာသိန်းနဲ့ချီ တဖက်နိုင်ငံကို ထွက်ပြေးခဲ့ဖူးပါတယ်။ မဆလအစိုးရလက်ထက် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို စစ်ဆေးဖို့ဆိုကာ ပြုလုပ်ခဲ့တဲ့ နဂါးမင်းစစ်ဆင် ရေးကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာနှစ်သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတာပါ။

ဒါပေမယ့် နိုင်ငံတကာကပြင်းပြင်း ထန်ထန်ဆန့်ကျင်ကန့်ကွက်ခဲ့လို့ ထွက်ပြေးသွားတဲ့ရိုဟင်ဂျာတွေကို ဟင်္သာစီမံ ချက်နဲ့ ပြန်လည်လက်ခံခဲ့ရပါတယ်။

အဲဒီအချိန်တုန်းက ရိုဟင်ဂျာအများစုကို ပြန်လာရောက်ခွင့်ပြုခဲ့ပေမယ့် ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေကတော့ သူတို့အတွက် ပိုမိုလုံခြုံစိတ်ချတယ်လို့ယူဆတဲ့ နယ်စပ်တဖက်ခြမ်းဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှာသာ ဆက်နေ ထိုင်ခဲ့တယ်လို့ ဘာတဲလ်လစ်တနာက သူ့ဆောင်းပါးမှာရေးသားထားပါတယ်။ (ကိုးကား-Militancy in Arakan State)

နဝတစစ်အစိုးရလက်ထက်ကလည်း သိန်းချီတဲ့ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထပ်မံထွက်ပြေးခဲ့ရဖူးပါ တယ်။

၁၉၉၂ ခုနှစ်က မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ထိတွေ့တိုက်ပွဲငယ်တွေဖြစ်ပွားပြီးနောက် စစ်တပ်ရဲ့ ဖြိုခွဲနှိမ်နင်းမှု တွေကြောင့် ရိုဟင်ဂျာလူမျိုး နှစ်သိန်းခွဲနီးပါး -ဘင်္ဂလားဒေ့ရှ်ဖက်ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။ (ကိုးကား…No Way back for Myanmar Rohingya” Refugees -Bertil Lintner)

၂၀၁၇ခုနှစ်တုန်းကလည်း ARSAအဖွဲ့က မောင်တောဒေသရှိ နယ်ခြားစောင့်ရဲစခန်းတွေကို ဝင်ရောက်တိုက်တာက အစပြုလို့စစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုဆိုကာ အကြမ်းဖက်နှိမ်နှင်းမှုတွေကြောင့် ရိုဟင်ဂျာလူမျိုး ခုနစ်သိန်းခွဲလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးခဲ့ရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သတ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ ဂမ်ဘီယာနိုင်ငံက ဦးဆောင်ကာ လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် တရားစွဲဆိုထားဆဲလည်း ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDအစိုးရလက်ထက်မှာတော့ ရိုဟင်ဂျာဒုက္ခသည်တွေပြန်လည်လက်ခံဖို့ သုံးကြိမ် ဆောင်ရွက်ခဲ့ဖူးပေမယ့်တရားဝင်ပြန်ဝင်ရောက်လာသူမရှိခဲ့ပါဘူး။

(ဟိန္ဒူဘာသာဝင်တွေအပါအဝင်ဒုက္ခသည်ရာဂဏန်းကိုယ့်အစီအစဥ်နဲ့ပြန်ဝင်ရောက်လာတာတွေရှိပါတယ်။)

စစ်ကောင်စီလက်ထက်မှာလည်း ဒုက္ခသည်တထောင်ကျော်ကို ပြန်လည်လက်ခံဖို့ ဆွေးနွေးထားပေမယ့် အကောင်အထည် ဖော်နိုင်တာမရှိခဲ့သေးတာဖြစ်ပါတယ်။

(လက်ရှိမှာမောင်တောမြို့နယ်တဖက်ကမ်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသမှာ ရိုဟင်ဂျာလူမျိုးတသန်းလောက်ခိုလှုံနေကြပြီး ကမ္ဘာပေါ်မှာဒုက္ခသည်အများဆုံးခိုလှုံရာ ဒေသအဖြစ်မှတ်တမ်းဝင်နေပါတယ်။)

ဒါ့အပြင် ၂၀၁၂ခုနှစ်ကလည်း ရခိုင်ပြည်နယ်မှာ လူမျိုးရေးပဋိပက္ခတွေဖြစ်ပွားခဲ့လို့ ရိုဟင်ဂျာလူမျိုး တသိန်းခွဲနီးပါး စစ်တွေမြို့အနောက်ဖက် ဒုက္ကသည်စခန်းတွေမှာ လက်ရှိအထိ ခိုလှုံနေရဆဲဖြစ်ပါတယ်။

သူတို့တွေဟာစခန်းတွင်းကလွဲလို့ ပြင်ပထွက်ခွာ သွားလာခွင့်ကိုစစ်တပ်ကပိတ်ပင်ထားတာခံရပြီး လူ့အခွင့်အရေး တွေ ဆုံးရှုံးနေတယ်လို့အစဉ်တစိုက် ဝေဖန်တာတွေရှိနေတာပါ။

လက်ရှိစစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်လည်း ရခိုင်မြောက်ပိုင်းဘူးသီးတောင်၊ မောင်တောဒေသကနေ ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးသူဦးရေကဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ရိုဟင်ဂျာအရေးတက်ကြွ လှုပ်ရှားသူတွေ အဆိုအရ ပြီးခဲ့တဲ့လပိုင်းအတွင်းမှာပဲ တသောင်းထက်မနည်းရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တိုက်ပွဲတွေစတင်ကတည်းက တဖက်နိုင်ငံကို တိမ်းရှောင်သူအရေအတွက် အတိအကျကိုတော့ သိရဖို့ခက်ခဲတယ်လို့လည်း ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူတဦးကဆိုပါတယ်။

“နေ့တိုင်း ရသလို ထွက်ပြေးနေကြတာ၊မြေပြင်အရေအတွက်ကသိဖို့ခက်တယ်”လို့သူကပြောပါတယ်။

မောင်တောမြို့နယ်မှာ တိုက်ပွဲတွေက ပြီးခဲ့တဲ့မေလလောက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး သြဂုတ်လဆန်း ကစ လို့မြို့သိမ်းတိုက်ပွဲပြင်းထန်ခဲ့တာပါ။

လက်ရှိအချိန်မှာတော့ AAက မောင်တောမြို့နယ် အားလုံးနီးပါးကိုထိန်းချုပ်ထားတာဖြစ်ပါတယ်။

မောင်တောနဲ့နယ်မြေထိစပ်နေတဲ့ ဘူးသီးတောင်မြို့နယ်ကိုတော့ AAက ပြီးခဲ့တဲ့မေလကသိမ်းပိုက်ခဲ့တာပါ။ ဒါကြောင့်AAက မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသအားလုံးနီးပါးကို ထိန်းချုပ်ထားနိုင်တာလို့လည်းဆို နိုင်ပါ တယ်။

(မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံက၁၆၈မိုင်လောက်နယ်မြေထိစပ်နေတာဖြစ်ပါတယ်။)

ဒါ့အပြင် AAထိန်းချုပ်နယ်မြေတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာအရေအတွက်ကလည်း သုံးသောင်းနဲ့အထက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။ (ခန့်မှန်းအရေအတွက်ဖြစ်ပြီးမြေပြင်နဲ့ကွဲလွဲနိုင်ပါတယ်။)

 

မြေပြင်မှာဘာတွေဖြစ်နေလဲ

စစ်ပွဲကာလအတွင်းမှာ တခြားသောပြည်သူတွေနည်းတူ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေလည်း အတိဒုက္ခ၊အခက်အခဲမျိုးစုံကို ကြုံတွေ့ခံစားနေပါတယ်။ ပေါက်တောမြို့နယ်က ရိုဟင်ဂျာလူမျိုးတဦးဖြစ်တဲ့ ဟူစိန်(အမည်လွဲ) ကတော့ သူ့အတွေ့အကြုံကို DNAထံ အခုလိုရင်ဖွင့်ထားပါတယ်။

ပေါက်တောမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်လာချိန်စားနပ်ရိက္ခာ၊ဆေးဝါး အားလုံးပြတ်တောက်သွားလို့ ဒုက္ခ ရောက်ခဲ့ရတယ်လို့ဆိုပါတယ်။

“တချို့ဆို စားစရာလုံး၀မရှိတော့လို့ တောင်းစားကြရတဲ့အဆင့်ရောက်သွားတယ်”လို့ဟူစိန်ကပြောပါတယ်။

စားဝတ်နေရေးအခက်အခဲကြောင့် ငါး၊ ပုဇွန်တွေ ကိုယ်တိုင်ရှာပြီးရပြန်တော့လည်း ရောင်းစရာ နေရာမရှိလို့ အခက်ကြုံရပြန်ပါတယ်။

“ဓါတ်ဆီတစ်လီတာ သုံးသောင်းနဲ့ စစ်တွေကို သွားရောင်းဖို့ကလည်း စရိတ်မကိုက်တော့ဘူးလေ”လို့ဟူစိန်က သူ့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။

 (မြို့တော်စစ်တွေနဲ့ရေမိုင်၁၆မိုင်လောက်သာကွာဝေးတဲ့ပေါက်တောမြို့ကို AAကနှစ်လကြာထိုး စစ်ဆင်ပြီး ပြီးခဲ့ဇန်နဝါရီလမှာသိမ်းပိုက်ခဲ့ပါတယ်။)

ပေါက်တောမှာ အဆင်မပြေတော့တဲ့အတွက် ဟူစိန်မိသားစုအပါအဝင် ရိုဟင်ဂျာအချို့က လမ်းခရီးအဆင် ပြေချိန် ပြီးခဲ့တဲ့ဒီဇင်ဘာလကုန်ပိုင်းလောက်မှာ စစ်တွေမြို့ကို စစ်ဘေးတိမ်းရှောင်လာခဲ့ကြတာဖြစ်ပါတယ်။

ဆွေမျိုးတွေရှိတဲ့ စစ်တွေမြို့နယ်ကကျေးရွာတခုမှာ ခိုလှုံနေစဥ် အစပိုင်းကာလတွေမှာ အဆင်ပြေခဲ့ပေမယ့် စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် တစထက်တစ သူတို့အနေအထိုင်ကျပ်တည်းလာခဲ့ရတာပါ။

စစ်ကောင်စီက ရိုဟင်ဂျာတွေကို အတင်းအကြပ်စစ်မှုထမ်းခိုင်းတာ၊ AAကိုကန့် ဆန္ဒပြခိုင်းတာတွေကို ပြုလုပ်ခဲ့ ပြီး သူတို့အနေနဲ့လည်း ပြေးစရာမြေမရှိလို့ အခက်ကြုံရတယ်လို့ဟူစိန်ကပြောပါတယ်။

“အခု ကိုယ့်ဆီပြန်လို့ကလည်း မရတော့ဘူး။ လမ်းတွေ အကုန် ပိတ်သွားပြီ”

စစ်ကောင်စီက သူတို့ထိန်းချုပ်ထားနိုင်သေးတဲ့ စစ်တွေလိုမြို့တွေမှာ ဒေသခံအရပ်သားတွေကို လူသားဒိုင်း အဖြစ်ပြုလုပ်ထားပြီး မြို့ပြင်ကိုထွက်ခွာခွင့်ပိတ်ပင်ထားတာပါ။

“နေမကောင်းရင်တောင် ဆေးခန်းသွားပြလို့မရဘူး။ ဝမ်းရောဂါဖြစ်ကြတုန်းက ဆေးခန်းမပြရလို့ သေသွားကြ တယ်လေ၊ကလေးတွေ အများကြီး”လို့ဟူစိန်က ရင်ဖွင့်ခဲ့ပါတယ်။

AAကိုဆန့်ကျင်တယ်ဆိုပြီး ဆန္ဒပြရာမှာလည်း အထောက်အပံ့တွေပေးမယ်လို့မက်လုံးပေးတာ၊ ငါးဖမ်းထွက်ခွင့် ပိတ်ပင်မယ်လို့ခြိမ်းခြောက်တာတွေနဲ့ ဖိအားပေးစေခိုင်းခဲ့တာဖြစ်ပါတယ်။

“တကျော့ပြန်ပြဿနာတွေဖြစ်အောင် ဖန်တီးနေတာလို့ မြင်တယ်။ နောက်ပြဿနာဖြစ်ရင် ကျွန်တော်တို့တွေပဲ နစ်နာရမှာ”လို့ ဟူစိန်က ဆိုပါတယ်။

စစ်ကောင်စီက အတင်းအဓမ္မစစ်မှုထမ်းခိုင်းဖို့ ရိုဟင်ဂျာရွာတွေနဲ့ကယ်ဆယ်ရေးစခန်းတွေ လာရောက်လူစာရင်းတောင်းယူရာမှာလည်း မက်လုံးပေးတာ၊ခြိမ်းခြောက်တာတွေပြုလုပ်ခဲ့တယ်လို့ဟူစိန်က ပြန်ပြောပြပါတယ်။

“စစ်မှုထမ်းဖို့ စာရင်းလာတောင်းတယ်၊ မပေးရင် မင်းတို့ကို လှောင်ထားမယ်၊ ငါးမဖမ်းရဘူး၊ ဘယ်မှ မသွားရဘူး အဲလိုခြိမ်းခြောက်တယ်”

ဒါ့အပြင် ရိုဟင်ဂျာလူမျိုးတွေထဲမှာလည်း စစ်ကောင်စီနဲ့ ပေါင်းနေတဲ့သူတွေ ရှိတယ်လို့ဟူစိန်ကပြောပါတယ်။

တချို့ကျေးရွာနဲ့ ကယ်ဆယ်ရေးစခန်းတွေကအုပ်ချုပ်ရေးမှူးတွေ၊ တာဝန်ရှိသူတွေက စစ်ကောင်စီထံက လာဘ် ငွေနဲ့ အခွင့်အရေးပြီး စစ်မှုထမ်းစာရင်းကာက်ယူပေးတာဖြစ်ပါတယ်။

“သူတို့ကိုလည်း စစ်ကောင်စီက အများကြီး မက်လုံးပေးပြီး ဆွယ်ထားတာကိုး၊မှတ်ပုံတင် လုပ်ပေးမယ်၊ ပိုက်ဆံ ပေးမယ်ဆိုပြီးတော့”

အမှန်တကယ်တမ်းမှာတော့ မှတ်ပုံတင်အပါအဝင် မက်လုံးပေးထားတဲ့ ဘယ်အရာမှမရခဲ့ဘူးလို့ သူကပြောပါ တယ်။

ဒီအကြောင်းအရာတွေကတော့ ဟူစိန်က သူမြင်တွေ့ကြားသိခဲ့တာတွေကိုပြောပြခဲ့တာဖြစ်ပါတယ်။ စစ်မှုထမ်းကိစ္စနဲ့ပတ်သတ်လို့ ဟူစိန်ပြောပြတာထက် ပိုမိုပြီး လက်တွေ့ကြုံခဲ့ရသူ ရိုဟင်ဂျာလူမျိုးတဦးကိုလည်း DNAက ဆက်သွယ်မေးမြန်းခွင့်ရခဲ့ပါတယ်။

သူ့နာမည်ကိုတော့ ကာယံကာရှင်ဆန္ဒအရ လွဲပြောင်းထားပြီးမိုဟာမက်လို့ပဲ သုံးသွားမှာဖြစ်ပါတယ်။မိုဟာမက်က စစ်မှုထမ်းဖို့ အတင်းအကျပ် သိမ်းသွင်းခံရသူတဦးဖြစ်ပြီး လက်ရှိမှာတော့ AAထိန်းချုပ်ဒေသတခုမှာ ခိုလှုံနေ သူ လည်းဖြစ်ပါတယ်။

သူ့ကို AAနဲ့နီးစပ်တဲ့ DNAသတင်းရင်းမြစ်ရဲ့ အကူအညီနဲ့ ဆက်သွယ်မေးမြန်းခွင့်ရခဲ့တာပါ။

မိုဟာမက်က အသက်၄၀အရွယ် ရိုဟင်ဂျာလူမျိုးတဦးဖြစ်ပြီး သူတို့မိသားစုကဘိုးစဥ်ဘောင်ဆက် စစ်တွေမြို့ နာဇီ ရပ်ကွက်မှာ နေထိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြို့အများစုမှာမှာ ၂၀၁၂ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ဘာသာရေး ပဋိပက္ခတွေမှာတော့ သူတို့မိ သားစုက အခြားသောရိုဟင်ဂျာတွေနဲ့အတူ စစ်တွေမြို့အနောက်ဖက်က ဒုက္ကသည်စခန်းတွေမှာ ခိုလှုံနေခဲ့ရတာ လက်ရှိအချိန်အထိပါ။

မိုဟာမက်က လွန်ခဲ့တဲ့ မတ်လဝန်းကျင်ကတည်းက စစ်မှုထမ်းဖို့ အတင်းအကျပ် စုဆောင်းခံခဲ့ရတာပါ။စစ်မှုထမ်း ဖို့ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံကိုလည်း သူကအခုလို DNAကို ပြန်ပြောပြခဲ့ပါတယ်။

“စစ်အရာရှိတွေ စခန်းရောက်လာပါတယ်၊စခန်းတာဝန်ခံတွေခေါ်ပြီး စစ်ထဲဝင်ရဖို့ပြောပါတယ်။ မှတ်ပုံတင် ပေး မယ်၊လစာနဲ့ပိုက်ဆံလည်းပေးမယ်ပြောပါတယ်”

ဒါ့အပြင် ကိုယ့်မြေကိုကာကွယ်ဖို့ စစ်မှုထမ်းရမှာဖြစ်ပြီး စစ်မှုမထမ်းရင် ငါးဖမ်းခွင့်အပါအဝင် စခန်းပြင်ပသွားလာ ခွင့်တွေ ပိတ်ပင်မယ်ဆိုပြီး စစ်တပ်ကခြိမ်းခြောက်တယ်လို့လည်းသူကဆိုပါတယ်။

စစ်တိုက်ခိုင်းရတဲ့ အကြောင်းအရာ အသေးစိတ်တွေကိုတော့ သူအပါအဝင် အများစုက နားလည်သိရှိတာမရှိ ဘူးလို့လည်းပြောပါတယ်။ မိုဟာမက်တို့စခန်းကတော့ စစ်မှုထမ်းဖို့ အသက်၁၆နှစ်ဝန်းကျင်ကနေ အသက်၄၀ ကျော်အထိ လူဦးရေ ၂၀ကျော်လောက် စုဆောင်းခေါ်ယူတာခံခဲ့ရတယ်လို့ဆိုပါတယ်။

အဲဒီနောက်မှာတော့ စစ်တွေတပ်နယ်ထဲမှာ သူတို့ ရာဂဏန်းလောက်ကိုသင်တန်း ဆယ်ရက်ကျော် လောက်ပေးခဲ့တာဖြစ်ပါတယ်။

“သေနတ်ပစ်သင်ပါတယ်၊ သူတို့ခိုင်းသလိုလုပ်လိုက်ပါတယ်”လို့မိုဟာမက်ကပြောပြပါတယ်။

စစ်ကောင်စီက ရိုဟင်ဂျာတွေကို အတင်းအကျပ် စစ်မှုထမ်းစေပြီး စစ်တွေတပ်နယ်၊ ဘူးသီးတောင်နဲ့ မောင်တော ဒေသတွေဆိုရင် အမှတ်၁၅ စစ်ဆင်ရေးကွပ်ကဲမူဌာနချုပ်-စကခ၁၅(ဘူးသီးတောင်)တို့မှာ သင်တန်းပေးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက DNAကိုပြောထားပါတယ်။

သင်တန်းကာလမှာတော့ စစ်တပ်က သူတို့ကို ဆူပူကြိမ်းမောင်းရိုက်နှက်တာတွေတော့ သိပ်မလုပ်ခဲ့ဘူးလို့ဆို ပါတယ်။ အစားအသောက်ကတော့ အစပိုင်းမှာ ကောင်းကောင်းကျွေးမွေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကြုံ သလိုသာစားသောက်ရတယ်လို့ လည်းဟူစိန်ကပြောပါတယ်။

မိုဟာမက်ကတော့ စစ်မတိုက်လိုတဲ့အတွက် သင်တန်းပေးနေစဥ်ကာလအတွင်းမှာကတည်းက လွတ်မြောက်ရာ လမ်းကို အမြဲကြံစည် ကြိုးပမ်းနေခဲ့တာပါ။နှစ်ပတ်ဝန်းကျင် သင်တန်းကာလပြီးဆုံးတဲ့အခါမှာတော့သူက AAနဲ့ နီးစပ်တဲ့ ရပ်ဆွေရပ်မျိုးတဦးအကူအညီနဲ့ လွတ်မြောက်နယ်မြေကို ထွက်ပြေးလာနိုင်ခဲ့တာဖြစ်ပါတယ်။

“ဘယ်ပို့မလဲတော့မသိပါ၊ ရတာနဲ့ထွက်ပြေးခဲ့တာပါ”

(သူထွက်ပြေးလွတ်မြောက်တဲ့ အခြေအနေ အသေးစိတ်ကိုတော့ မိသားစုလုံခြုံရေးအရ မိုဟာမက်က မေတ္တာရပ်ခံ လို့ ချန်လှပ်ထားခဲ့ပါတယ်။)

အခုလက်ရှိမှာတော့ မိုဟာမက်က စစ်တွေမြို့နဲ့ မဝေးလှတဲ့ AAထိန်းချုပ်နယ်မြေမှာ ခိုလှုံနေတာပါ။

“ဒီမှာအဆင်ပြေပါတယ်၊ မိသားစုကိုတော့ စိုးရိမ်ပါတယ်”လို့သူကရင်ဖွင့်ပါတယ်။ ပေါက်တောမြို့နယ်က ရိုဟင်ဂျာ လူမျိုး ဟူစိန်ကတော့ အတင်းအကျပ် စစ်မှုထမ်းရလို့ သူ့သူငယ်ချင်းမိတ်ဆွေ အများအပြားသေဆုံးခဲ့ရတယ်လို့ DNAကိုပြောပြပါတယ်။

“ကျွန်တော်တို့ ရိုဟင်ဂျာတွေ သေနေရတာ စိတ်ထဲမကောင်းဘူး။ အလောင်းတောင်ပြန်မရကြဘူး”

 လက်ရှိတကျော့ပြန်တိုက်ပွဲတွေနဲ့ပတ်သတ်လို့လည်း AAနဲ့ရခိုင်လူမျိုးတွေကို ကန့်ကွက်လိုတာမရှိပေမယ့် သူ့တ ကိုယ်တည်းဆန္ဒအရဆိုရင်တော့ ငြိမ်းချမ်းစွာပဲ နေထိုင်လိုတယ်လို့ ဟူစိန်ကရင်ဖွင့်ပါတယ်။

“တယောက်တည်းအတွက် ပြောရရင်တော့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်စေချင်တယ်၊ တိုက်ပွဲတွေ ဖြစ်နေရင် ကျွန်တော် တို့အခက်အခဲရှိတယ်လေ၊ ကုန်ဈေးနှုန်းတွေ တအားကြီးတယ်၊ အလုပ်တွေလည်း မလုပ်ကြရဘူးဆိုတော့ တိုက်ပွဲ မဖြစ်စေချင်ဘူး”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အတင်းအကျပ်စစ်မူထမ်းဖို့ ပြုလုပ်လုပ်နေတာကို ရိုဟင်ဂျာတွေသာမက အခြား တိုင်းရင်းသားလူမျိုးစုတွေပါ ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။

ဒေါ်မဖြူသန်း(အမည်လွဲ)ဟာ ကျောက်ဖြူမြို့ နယ်ကျောက်တလုံး ဒုက္ခသည်စခန်းမှာနေထိုင်နေတဲ့ ကမန်တိုင်းရင်းသူတဦးဖြစ်ပါတယ်။ ကမန်လူမျိုးတွေဟာ ရခိုင်မျိုးနွယ်စု ၇ခုထဲကတခုဖြစ်ပြီး မြန်မာနိုင်ငံမှာ တခုတည်းသော အစ္စလာမ်ဘာသာကိုးကွယ်တဲ့ တိုင်းရင်းသားလူမျိုးစုတခုအဖြစ် တရားဝင်အသိအမှတ်ပြုခံရသူတွေလည်းဖြစ်ပါတယ်။

ဒေါ်မဖြူသန်းတို့ကတော့ အရင်ကကျောက်ဖြူမြို့ပေါ်မှာ နေထိုင်ခဲ့ကြတာဖြစ်ပြီး ၂၀၁၂ ခုနှစ်က ရခိုင်မှာဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ၊ ဘာသာရေးပဋိပက္ခတွေကစလို့ မြို့ပြင် စခန်းမှာ နေထိုင်ခဲ့ရတာ ဆယ်စုနှစ်တခုကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။

ဒေါ်မဖြူသန်းရဲ့သားဖြစ်သူကတော့ ပြီးခဲ့တဲ့လပိုင်းအတွင်း စစ်ကောင်စီက စစ်မှုထမ်းဖို့ အတင်းအကျပ်ခေါ် ဆောင်သွားတာ ခံခဲ့ရတာပါ။

“စခန်းမှာရှိတဲ့သူတွေ အကုန်လုံး ပါတာပဲ၊ အသက်အကြီးတွေလည်း ပါတယ်၊ ဗျူဟာမှူးကိုယ်တိုင် လာဖမ်း ခေါ် တာ၊ စစ်မှုထမ်းဖို့ဆိုပြီး၊ မထမ်းလို့မရဘူး၊ ပြည့်သူစစ်အတွက်ပါ၊ ကိုယ့်ရွာကိုယ် ကာကွယ်ရမှာ အဲလိုလည်း ပြော တယ်”လို့ဒေါ်မဖြူသန်းကပြန်ရှင်းပြပါတယ်။

ရက်တိုစစ်သင်တန်းပေးပြီးနောက် ဒေါ်မဖြူသန်းသားအပါအဝင် စစ်မူထမ်းဖို့ခေါ်ဆောင်သွား သူတွေကို ကျောက်ဖြူ ငလပွေဆိပ်ကမ်းနဲ့ မြို့၀င်ဂိတ်တွေမှာ စစ်ကောင်စီတပ်နဲ့အတူနေထိုင် ကင်းစောင့်ခိုင်းထား တာဖြစ်ပါတယ်။

နေအိမ်(စခန်း)ကိုလည်း ရံဖန်ရံခါသာ ပြန်လာရပြိး စစ်တပ်အခြေကျစခန်းတွေမှာ ထားရှိထားတာလို့ ဒေါ်မဖြူသန်းကပြောပါတယ်။

“အစကတော့ ဆန်တွေဘာတွေနဲ့ ပိုက်ဆံရကြတယ်၊ အခု ဘာမှ မရဘူး၊ သူတို့ စစ်တပ်မှာ နေရတော့ အလုပ် လည်း လုပ်ဖို့မရ၊ မိသားစုတွေ ငတ်သူငတ်ကြတယ်”

စစ်ကောင်စီရဲ့အဓမ္မစစ်မှုထမ်းဥပဒေက တနိုင်ငံလုံးရှိပြည်သူတွေအားလုံးအပေါ်သက်ရောက်မှုရှိပြီး ရိုဟင်ဂျာတွေကတော့ ပိုမိုအသုံးချခံနေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက DNAကိုပြောပါတယ်။

“ရိုဟင်ဂျာတွေကပိုမိုပြီးတော့ နိုင်ငံရေးအရရောလူမျိုးရေးအရရော ဒေသတွင်းမှာ ပဋိပက္ခတွေဖြစ်ဖို့ အသုံးချခံရတဲ့အခြေအနေမျိုးပိုမိုလုပ်ဆောင်ခံရတာတွေ့ရတယ်”

ရိုဟင်ဂျာတွေကို အတင်းအကျပ်စစ်မှုထမ်းစေပြီး စစ်ဘောင်ကျယ်လာတဲ့ရခိုင်ပြည်နယ်မှာ AAကိုတိုက်ခိုက် ခိုင်းလို့ သေဆုံးမှုတွေဖြစ်ပွားခဲ့တယ်လို့ဦးအောင်မျိုးမင်းကဆက်ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးအရလည်း ရိုဟင်ဂျာတွေက ဒေသခံAAတပ်ဖွဲ့တွေကို ခုခံဆန့်ကျင်တယ်ဆိုတဲ့အယူ အဆမျိုး ဖြစ်ပွားစေပြီး စစ်တပ်အနေနဲ့အမြဲကျင့်သုံးနေကျ လူမျိုးရေးအမုန်းမီးစကို ရိုက်သွင်းကာ ပြဿနာကို တစထက် တစကြီးထွားစေဖို့ အသုံးချနေတာလည်းတွေ့ရတယ်လို့NUGဝန်ကြီးကမှတ်ချက်ပြုပါတယ်။

“စစ်ကောင်စီဖက်ကတင်မကပါဘူး အစွန်းရောက်အကြမ်းဖက်ရိုဟင်ဂျာတချို့အဖွဲ့အစည်းတွေက ရိုဟင်ဂျာ လူ ငယ်တွေကိုမြှောက်ပင့်ပေးပြီးတော့ AAကိုခုခံတိုက်ခိုက်တဲ့နေရာမှာသုံးတဲ့ အခါသူတို့ကနိုင်ငံရေးအရ အသုံးချ ခံနေရတဲ့အရာမျိုး၊AAနဲ့ရခိုင်ပြည်မှာရှိတဲ့ရခိုင်အပါအဝင်တိုင်းရင်းသားတွေကိုဆန့်ကျင်တိုက်ခိုက်တယ်ဆိုတဲ့အမြင်မျိုးနဲ့ပိုမိုပြီးအမုန်းတရားဖြစ်အောင်၊ပိုမိုပြီးတော့အထင်မှားမူတွေဖြစ်အောင်လုပ်ဆောင်နေတဲ့အရာမျိုးလည်းဖြစ်ပါတယ်” လို့NUGဝန်ကြီးကဆက်ပြောပါတယ်။

ရိုဟင်ဂျာတွေရဲ့မျှော်လင့်ချက်

AAအနေနဲ့ မကြာခင်အချိန်ကာလတခုမှာ ရခိုင်ပြည်နယ်တခုလုံးကို သိမ်းပိုက်အုပ်ချုပ်နိုင်တော့မယ်လို့ နိုင်ငံတ ကာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့( International Crisis Group- ICG )အပါအဝင်စစ်ရေးနဲ့ နိုင်ငံရေးစောင့်ကြည့်အကဲခတ်တွေက သုံးသပ်ထားကြပါတယ်။

စစ်အာဏာရှင်တွေနဲ့ခေတ်အဆက်ဆက်အစိုးရတွေကတော့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေနေရပ်ပြန်လာရေး အပါအဝင်ရခိုင်အရေးနဲ့ပတ်သတ်လို့ နိုင်ငံတကာဖိအားတွေကို ကြုံတွေ့ခဲ့ပြီး အခုထိမဖြေရှင်းနိုင်သေးပါဘူး။

လက်ရှိအနေအထားအရတော့ ရိုဟင်ဂျာအပါအဝင် ရခိုင်အရေးမှာ AAက အဓိက အခရာကျလာပြီး ပခုံးပြောင်း ထမ်းရတော့မယ်လို့လည်း အကဲခတ်တွေက သုံးသပ်ထားပါတယ်။

 ဒါကြောင့်ရိုဟင်ဂျာလူမျိုးတွေရဲ့ စစ်ပွဲကာလအလွန် မျှော်လင့်ချက်တွေနဲ့ ပတ်သတ်လို့ DNAက ရိုဟင်ဂျာ ၇ဦးကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

အဲဒီထဲမှာဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေသူနှစ်ဦးနဲ့ AAထိန်းချုပ်နယ်မြေမှာခိုလှုံနေသူနှစ်ဦးပါဝင်ပါတယ်။ ကျန်သုံးဦးကတော့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ စစ်တွေမြို့မှာ နေထိုင်နေသူတွေပါ။

အဲဒီထဲကနှစ်ဦးကိုတော့ ဘာသာစကားအခက်အခဲအရ စကားပြန်က တဆင့်မေးမြန်းထားတာလည်းဖြစ်ပါတယ်။ DNAကမေးမြန်းခဲ့တဲ့ရိုဟင်ဂျာတွေအနက် နှစ်ဦးကနိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးတန်းတူညီမျှမှုတွေရချင်တယ်လို့ ဖြေပါတယ်။ ဒါ့အပြင် စစ်ပွဲတွေပြီးရင် နေရပ်ဇာတိအိမ်ပြန်လိုတယ်လို့လည်း ဆိုပါတယ်။

တခြားသုံးဦးကတော့ ပညာရေး၊ကျန်းမာရေးနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေတန်းတူရချင်ပြီး နေရပ်ပြန်လိုတယ်လို့ ပြောပါတယ်။ ကျန်နှစ်ဦးကတော့ အိမ်ပြန်ချင်တာကလွဲရင် မဖြေတက်လို့သာပြောပါတယ်။(အားလုံးရဲ့တူညီတဲ့အဖြေမှာ နေရပ်ပြန်လိုတာလည်းဖြစ်ပါတယ်။)

ပေါက်တောမြို့နယ်ကနေ စစ်တွေမြို့ကို စစ်ရှောင်လာသူတဦးဖြစ်တဲ့ ဟူစိန်ကတော့ မျှော်လင့်ချက်အနေနဲ့ အများကြီး မပြောပြတက်ပေမယ့် AAအုပ်ချုပ်ရင် စစ်ကောင်စီထက် အခွင့်အရေးတွေ ပိုရမယ်ထင်တယ်လို့ DNAကို ပြောပါတယ်။

“စစ်ကောင်စီလက်ထက်မှာက ကျွန်တော်တို့ အကုန်လုံး အနှိမ်ခံရတာလေ”

ဒါ့အပြင် ဆေးကုသခွင့်၊ပညာသင်ခွင့်၊လွတ်လပ်စွာသွားလာခွင့်၊အလုပ်လုပ်ခွင့်တွေ ရချင်တယ်လို့သူက ဆိုပါတယ်။

“AAအုပ်ချုပ်လာရင် အဲလိုရမယ်လို့လည်း မျှော်လင့်တယ်၊ အခုလည်း AAအုပ်ချုပ်တဲ့နေရာတွေမှာ အဲလိုသွားခွင့်ရကြတယ်”

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေက ခေတ်အဆက်ဆက် အာဏာရှင်အစိုးရတွေအောက်မှာ နိုင်ငံသားမဟုတ်သူတွေ ဆိုကာ ဖိနှိပ်ခံခဲ့ရပြီး လွတ်လပ်စွာသွားလာခွင့်၊ပညာသင်ခွင့်စတာတွေကိုကန့်သတ်တားမြစ်ထားတာလို့ ကိုယ်တိုင်ကြုံတွေ့ဖူးသူသတင်းရင်းမြစ်တွေကလည်း DNAကိုပြောပါတယ်။

“ဥပမာတခုပေါ့ ကျွန်တော်နဲ့စစ်တွေတက္ကသိုလ်မှာ ကျောင်းနေဖက်မောင်တောကရိုဟင်ဂျာတယောက် ဆေးကျောင်းမှီတယ်၊တက်ခွင့်မရဘူး၊ရိုးရိုးမေဂျာလာတက်ရတယ်”လို့အသက်၄၃နှစ်အရွယ်ရှိ သတင်းရင်းမြစ်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇါးဒေသရှိ ဒုက္ခသည်စခန်းတခုမှာ ခိုလှုံနေတဲ့ ကာမူကတော့ သူ့ရဲ့မျှော်လင့်ချက်ကို လိုရင်းတိုရှင်း အခုလိုဖွင့်ဟခဲ့ပါတယ်။

“အေးချမ်းရင်တော့ ကိုယ့်နေရာကို ပြန်မယ်၊ ဒီမှာ အခက်အခဲရှိတယ်”

Photo – UNHCR

ရိုဟင်ဂျာနဲ့ပတ်သတ်လို့မူဝါဒသဘောထားတွေ 

အာရက္ခတပ်တော်(ULA/AA)ကရှုပ်ထွေးတဲ့အခြေအနေတွေတည်ငြိမ်သွားမယ့် နောင်တချိန်မှာရခိုင်ပြည်နယ်ကို အ မှန်တကယ် အုပ်ချုပ်မယ့်အာဏာပိုင် အဖွဲ့အစည်းအဖြစ် ထွက်ပေါ်လာဖို့ အလွန်နီးစပ်နေပြီလို့ နိုင်ငံတကာ ပဋိ ပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့( International Crisis Group- ICG )က သုံးပ်ထားပါတယ်။

​ပြီးခဲ့တဲ့သြဂုတ်လ၂၇ရက်စွဲနဲ့ထုတ်ပြန်တဲ့ သီးခြားလွတ်လပ်ခြင်း – မြန်မာ့မြေပေါ်က ရခိုင်ပြည်အတွက် တိုက်ပွဲ ဆိုတဲ့ အစီရင်ခံစာထဲမှတ်ချက်ပြုထားတာဖြစ်ပါတယ်။

လအနည်းငယ်အတွင်းမှာAAက မြန်မာနိုင်ငံအတွင်း အစိုးရမဟုတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ထိန်း ချုပ်တဲ့ဒေသတွေအနက် လူဦးရေအရသာမက အကျယ်အဝန်းအရပါ အကြီးမား၊ အကျယ်ပြန့်ဆုံး ကိုယ်ပိုင်အုပ် ချုပ်နယ်မြေကြီးတခုကို သိမ်းပိုက်၊ ဖန်တီးနိုင်ခဲ့ပြီလို့ICGကဆိုပါတယ်။

ULA/AAက မဝေးတော့တဲ့ ကာလတခုမှာ ရခိုင်တပြည်လုံးနီးပါးကို သိမ်းပိုက်တော့တဲ့အထိ စစ်ရေးအရ အသာ စီး ရနေတယ်လို ဖော်ပြထားတာပါ။ မနှစ်ကနိုဝင်ဘာလကစတင်ခဲ့တဲ့ တကျော့ပြန်တိုက်ပွဲ ဆယ်လတာကာလ အ တွင်းမှာ AAကရခိုင်ပြည်နယ် ၁၇မြို့နယ်အနက် ဆယ်မြို့နယ်နဲ့ချင်းတောင်ပိုင်းပလက်ဝမြို့နယ်ကို ပါသိမ်း ပိုက်ထားတာပါ။

အဲဒီထဲမှာမှ ရိုဟင်ဂျာလူမျိုးသိန်းနဲ့ချီနေထိုင်တဲ့ ဘူးသီးတောင်မြို့နယ်လည်းပါဝင်ပါတယ်။ ရိုဟင်ဂျာလူမျိုး အများ စုရှိတဲ့ မောင်တောမြို့နယ်ကိုလည်း အလုံးစုံသိမ်းပိုက်နိုင်တော့မယ်လို့AAက အသိပေးထားပါတယ်။ ဒါ့အပြင် နေ ရပ်စွန့်ခွာ ရိုဟင်ဂျာ တသိန်းကျော်ရှိတဲ့ မြို့တော်စစ်တွေကိုလည်းAAက ဝိုင်းပိတ်ဆို့ထားတာဖြစ် ပါတယ်။

(ရိုဟင်ဂျာလူမျိုးတွေက ရခိုင်မြောက်ပိုင်းမှာ အများစုနေထိုင်ကြပြီး မောင်တော၊ဘူးသီးတောင်နဲ့စစ်တွေမှာ အများ ဆုံးဖြစ်ပါတယ်။)

ICG အစီအရင်ခံစာမှာတော့ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့တစ်သန်းခန့် ရိုဟင်ဂျာဒုက္ခသည်တွေကို ဆော လျင်စွာ နေရပ်ပြန်ပို့ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံကစိတ်အားထက်သန်နေတယ်လို့ဆိုပါတယ်။

အင်အားကြီးအိမ်နီးချင်းနိုင်ငံတွေ(တရုတ်နဲ့အိန္ဒိယနိုင်ငံကိုဆိုလို)ရဲ့ ရှုပ်ထွေးလှတဲ့ အကျိုးစီးပွားရပ်ဝန်းမှာ ခလုတ် မထိ၊ ဆူးမငြိဘဲ လမ်းကြောင်းမှန် ရှာဖွေနိုင်ရေးက အာရက္ခတပ်တော်အတွက်အလွန်တရာ အရေးကြီးလှတယ်လို့ လည်းသုံးသပ်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအကြံပေးကတော့ ရခိုင်ပြည်ကရိုဟင်ဂျာတွေကိုနေရပ်ပြန်ပို့နိုင်ရေး အာရက္ခတပ် တော် AA နဲ့ဆွေးနွေးရေးလမ်းကြောင်းတခု ဖန်တီးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ကို အကြံပြုထားတယ်လို့ စက်တင်ဘာလ ၃ ရက် သတင်းစာရှင်းလင်းပွဲမှာပြောထားပါတယ်။

AAခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ဖို့ရေးကို မူအရအမြဲတမ်း ထောက်ခံ တယ်လို့ မကြာသေးခင်က The Diplomat သတင်းဌာနနဲ့သီးသန့်အင်တာဗျုးမှာ ဖြေကြားထားပါတယ်။ “သင့်လျော်တဲ့ အခြေအနေ အောက်မှာ သူတိုရဲ့ ဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိ၊ ဘေးကင်းလုံခြုံတဲ့ နေရပ်ပြန် ရေးတော့ ရှိသင့်တာပေါ့”လို့AAတပ်မှူးချုပ်ကဆိုပါတယ်။

ဒါ့အပြင် ARSA ၊ RSO နှင့် ARA တို့လို မတူ ကွဲပြားတဲ့ရိုဟင်ဂျာ(မူဆလင်လို့သုံးထား) စစ်သွေးကြွ အုပ်စု တွေက အာ ဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝှမ်းလူမျိုးရေး၊ ဘာသာရေး အားလုံးမှာ ရာဇ၀တ်မှုတွေ ကျူး လွန်နေကြတဲ့ စစ် အစိုးရ စစ်တပ်နဲ့ပူးပေါင်းပြီး တန်းတူလုပ်ဆောင်နေကြတယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထောက်ပြထားပါတယ်။

အဲဒီအဖွဲ့တွေက မောင်တော၊ ဘူးသီးတောင် စတဲ့ နယ်စပ်မြို့နယ်တွေမှာ နေထိုင်သူတွေရဲ့ ဘေးကင်း လုံခြုံးရေး ကိုလည်း ခြိမ်းခြောက်နေတာဖြစ်တယ်လို့ AAခေါင်းဆောင်ကဆက်လက်ပြောပါတယ်။

“သူတို့တွေ ရေရှည်တည်တံ့တဲ့ နေရပ်ပြန်ရေးနဲ့ပတ်သက်လို့ အထူး အရေးကြီးတဲ့ အခြေအနေဖြစ်တဲ့ နယ်စပ် တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ပြန်လည်တည်ဆောက်ရာမှာ ULA/AA နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဒေသတွင်းနဲ့ နိုင်ငံ တကာက သက်ဆိုင်သူအားလုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ တာဝန်တစ်ရပ်လည်းဖြစ်ပါတယ်”လို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က The Diplomatကိုဖြေကြားခဲ့တာပါ။

ဒါ့အပြင်ရခိုင်ပြည်တွင်း နိုင်ငံရေးနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ သဘောထားကွဲလွဲ တာ တွေရှိနေတယ်လို့လည်းAAခေါင်းဆောင်ကပြောပါတယ်။

“သူတို့ရဲ့ ကွဲလွဲတဲ့ မူဝါဒတွေရဲ့ နောက်ကွယ်မှာ မတူညီတဲ့အကြောင်းအရင်းတွေ၊ အကျိုးစီးပွားတွေတော့ ရှိနိုင်ပါ တယ်”လို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဆိုပါတယ်။

NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ရိုဟင်ဂျာအရေးဟာအစိုးရအဆက်ဆက်ရင်ဆိုင်ခဲ့ရတဲ့ ကိစ္စ တခုဖြစ်တယ်လို့ ဆိုပါတယ်။

“ရိုဟင်ဂျာအရေးကဒေသမှာရှိနေတဲ့အဖွဲ့အစည်းတွေနဲ့ဒေသမှာရှိတဲ့တိုင်းရင်းသားအားလုံးအဆင်ပြေပြေနဲ့နေထိုင်နိုင်ဖို့အတွက်နယ်မြေအတွင်းမှာရှိတဲ့အခြားသောအဖွဲ့အစည်းတွေနဲ့လည်းဘယ်လိုမျိုးနည်းလမ်းနဲ့ အ ကောင်း ဆုံးဖြေရှင်းနိုင်မလဲ ပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတာ တွေ့ဆုံလျက်လုပ်ဆောင်လျက်ရှိပါ တယ်”လို့ ဦးအောင်မျိုးမင်းက DNAကိုပြောပါတယ်။

Photo Credit – ABN

အနာဂါတ်လူမှုသဟဇာတဖြစ်စေရေး

အထက်မှာဆိုခဲ့သလိုပဲ ရခိုင်ပြည်နယ်ထက်ဝက်ကျော်ကိုသိမ်းပိုက်ထားတဲ့ AAက ဒေသတခုလုံးကိုသိမ်းပိုက်နိုင် ဖို့ နီးစပ်နေတာဖြစ်ပါတယ်။(ရခိုင်၁၇မြို့နယ်အနက် စစ်ကောင်စီအပြည့်အဝထိန်းချုပ်ထားနိုင်တာ မာန်အောင်၊ ကျောက်ဖြူနဲ့ဂွမြို့နယ်လောက်သာကျန်ပါတယ်။ မောင်တောမြို့နယ်ကိုတော့ AAကအများစုထိန်းချုပ်ထားပြီး စစ်တွေ၊ တောင်ကုတ်၊အမ်းတို့ကိုတော့ဝိုင်းရံထိုးစစ်ဆင်နေတာပါ။)

လက်ရှိတကျော့ပြန်ရခိုင်တိုက်ပွဲကာလအတွင်းမှာတော့AAတပ်ဖွဲ့တွေအနေနဲ့ ရိုဟင်ဂျာလူမျိုးတွေအပေါ် အကြမ်း ဖက်မှုတွေ ကျုးလွန်ခဲ့တယ်ဆိုတဲ့ စွတ်စွဲမှုတွေ ကျယ်ကျယ်ပြန်ပြန့်ထွက်ပေါ်နေပါတယ်။

သာဓကတခုဆိုပါက ပြီးခဲ့တဲ့ဩဂုတ်လ ၅ ရက်နေ့ဖြစ်စဥ်ကို မြင်တွေ့နိုင်တာပါ။ မောင်တောမြို့အနီး နတ်မြစ်ကမ်းမှာ ဒရုန်းနဲ့ ပစ်ခတ်လို့ ကလေးတွေအပါအဝင် ရိုဟင်ဂျာရာဂဏန်းသေဆုံးခဲ့တာပါ။ အဲဒီဖြစ်စဉ်ကို အာရက္ခ တပ်တော် AA က ကျူးလွန်ခဲ့တာလို့ ပြည်ပရောက် ရိုဟင်ဂျာခေါင်းဆောင်အချို့က စွပ်စွဲပြောဆိုခဲ့ပါတယ်။

AA ကတော့ သူတို့နဲ့ သက်ဆိုင်ခြင်းမရှိကြောင်းနဲ့စုံစမ်းစစ်ဆေးသွားမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ULA/AA ဟာ ရခိုင်ပြည်နယ်က မတူညီတဲ့ လူမျိုးစုနဲ့ ဘာသာရေးအားလုံးကို ကိုယ် စားပြုပြီးရ ခိုင်မှာ လက်နက်ကိုင်တိုက်ခိုက်ချိန်ကစလို့ မည်သည့်အခါကမှ ဘာသာရေး၊ လူမျိုးရေးကို ပစ်မှတ်ထား တိုက်ခိုက်မျိုးမရှိခဲ့ပါဘူးလို့ The Diplomat သတင်းဌာနကိုဖြေကြားထားပါတယ်။

“ပြည်ပရောက် မူဆလင်တွေရဲ့စွပ်စွဲချက်တွေမှအပ ရခိုင်က မူဆလင်တွေနဲ့တခြားသော လူမှုအဖွဲ့အစည်း တွေအ ပေါ်မှာကျွန်တော်တို့ အဖွဲ့ဝင်တွေ ရက်စက်တဲ့ရာဇဝတ်မှုတွေ ကျူးလွန်စရာအကြောင်း မရှိဘူးလို့ အခိုင်အမာပြောနိုင်ပါတယ်”လို့AAခေါင်းဆောင်က ပြောထားပါတယ်။

AAအနေနဲ့အများစုခန့်မှန်းထားသလိုပဲ မကြာခင်ကာလမှာ ရခိုင်တပြည်လုံးကို အုပ်စိုးနိုင်တော့မယ့် အနေအထား တွေအရ နှစ်ဖက်အသိုင်းအဝိုင်းနှစ်ခုကြား သဟာဇာတဖြစ်စေရေးအပါအဝင် ရိုဟင်ဂျာတွေနဲ့ပတ်သတ် တဲ့စိန် ခေါ်မှုတွေဖိအားတွေကိုမလွဲမသွေရင်ဆိုင်ရမယ်လို့လည်းရခိုင်အရေးလေ့လာသူတဦးကမှတ်ချက်ပြုပါတယ်။

“ဒီအတွက်လည်းAAခေါင်းဆောင်တွေပြင်ဆင်ထားပြီးဖြစ်မယ်လို့ယူဆပါတယ်။ သူတို့အနေနဲ့က ရခိုင်ပြည်နဲ့ ပတ်သက်လို့အဓိကအကျဆုံးပုဂ္ဂိုလ်အဖွဲ့အစည်းဖြစ်လာမှာဆိုတော့”လို့သူကပြောပါတယ်။

AAထိန်းချုပ်နယ်မြေတခုမှာ နေထိုင်နေတဲ့ ပညာတက်ရိုဟင်ဂျာလူငယ်တဦးကလည်း အနာဂတ်ကာလ လူ့အ သိုင်း အဝိုင်းနှစ်ခုကြား သဟာဇတဖြစ်စေဖို့နဲ့ပတ်သတ်ပြီး သူ့အမြင်ကိုအခုလိုပြောပြပါ တယ်။( ကာယကံ ရှင်သဘောထားအရအမည်မဖော်ပြထားပါ။)

ရခိုင်ပြည်နယ်အခြေအနေမှာ ခေတ်အဆက်ဆက်က ရှုပ်ထွေးခဲ့ပြီး စစ်တပ်ကလည်း လူမျိုးရေးမုန်းတီးမှု တွေ ဖြစ် စေဖို့အမြဲ ဖန်တီးခဲ့တယ်လို့သူကပြောပါတယ်။  “အခုလည်းစစ်တပ်ကနှစ်ဖက်ယုံကြည်မှုပျက်ပြီးပြသနာတွေဖြစ်အောင်လုပ်နေတယ်၊ AAကအုပ်ချုပ်နိုင်တော့ မယ် ဆိုရင်တော့ ပြသနာတွေပြေလည်အောင် ရိုဟင်ဂျာလူကြီးတွေနဲ့ဆွေးနွေးသင့်တယ်။ ရိုဟင်ဂျာတွေ ကိုလည်း တန်း တူအခွင့်အရေးတွေပေးသင့်ပါတယ်”လို့သူကမှတ်ချက်ပြုပါတယ်။

ICGကတော့ ULA/AAအနေနဲ့ သူတိုအာဏာပိုင်တဲ့ နယ်မြေအတွင်း တည်ငြိမ်မှုရှိစေရန် ရိုဟင်ဂျာများနဲ့ ဆက်ဆံ ရေးအဖုအထစ်တွေကို ပြန်လည်ပြုပြင်ပြီး လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေ ကို လွတ်လပ်စွာ စုံစမ်း စစ်ဆေးခွင့် ပြုသင့်တယ်လို့ အစီအရင်ခံစာမှာ အကြံပြုထားပါတယ်။

(မှတ်ချက် – ယခုဆောင်းပါးဟာ DNAသတင်းဌာက မြေပြင်သတင်းရင်းမြစ်တွေနဲ့ ချိတ်ဆက်ပြီး စုံစမ်းဖော်ထုတ်ရေးသားထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဆောင်းပါးပါ တချို့တည်​နေရာအပါအဝင်အ​သေးစိတ်အချက်အလက်တွေကို ကာယကံရှင်တွေအပြင် သက်ဆိုင်ရာမိသားစုရဲ့ လုံခြုံရေးအရ ချန်လပ်ထားခဲ့တာဖြစ်ပါတယ်။)