ပြည်သူ့စည်းစိမ်ဥစ္စာတွေကို အလွဲသုံးစားလုပ်ခဲ့တဲ့ အကျင့်ပျက်ဝန်ထမ်းတိုင်းကို ထိရောက်စွာ အရေးယူသွားမယ်လို့ AA ထုတ်ပြန်

စက်တင်ဘာ၊ ၁၄

မြို့သိမ်းတိုက်ပွဲတွေအတွင်း ပြည်သူ့စည်းစိမ်ဥစ္စာတွေကို အလွဲသုံးစားလုပ်ခဲ့ကြတဲ့ အကျင့်ပျက်ဝန်ထမ်းတိုင်းကို ထိရောက်စွာ အရေးယူသွားမယ်လို့ အာရက္ခတပ်တော်(AA)က မနေ့က စက်တင်ဘာ ၁၃ ရက်နေ့စွဲနဲ့ထုတ်ပြန်ပါတယ်။

မြို့သိမ်းတိုက်ပွဲ ပြင်းထန်၊ ကြာမြှင့်ခဲ့တဲ့ အချို့မြို့တွေမှာ ပြည်သူ့စည်းစိမ်၊ ဥစ္စာ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာနဲ့ အသုံးအဆောင်ပစ္စည်းတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေထံ အပ်နှံခြင်းမပြုဘဲ အလွဲသုံးစားလုပ်ခဲ့တဲ့ တပ်ဖွဲ့ဝင်နဲ့ အုပ်ချုပ်ရေးဘက်မှ အကျင့်ပျက်ဝန်ထမ်းအချို့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို ခိုးမှုကျူးလွန်ခဲ့သူတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့  ထိုက်တန်သောအပြစ်များပေးပြီး အ ရေးယူထားကာ ခိုးယူထားတဲ့ပစ္စည်းတွေကိုလည်း ပိုင်ရှင်အစစ်အမှန်တွေ လက်ထဲ ပေးအပ်ထားခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီဖက်မှာတော့ တပ်တွင်းထောက်လှမ်း ရေးတွေနဲ့ သေသေချာချာ လေ့လာပြီး အရေးယူနေတယ်၊ ခိုးတဲ့ထဲမှာ(ULA/AA)အထဲက လူတွေရော၊ အပြင်လူ (အရပ်သား)တွေရော ပါတာပေါ့”လို့ ရခိုင်မြောက်ပိုင်းမြို့နယ်တခုမှ AA နဲ့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်တဦးက ပြောပါတယ်။

ဒါ့အပြင် မပြီးပြတ်သေးတဲ့ ပစ္စည်း၊ ဥစ္စာ ပျောက်ဆုံးမှုတွေကို ဆက်လက် စစ်ဆေးနေပြီး အလားတူကျူးလွန်ခဲ့တဲ့ အကျင့်ပျက်၀န်ထမ်းတိုင်းကိုလည်း အရေးယူသွားမယ်လို့ AA ရဲ့ အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီလို ခိုးမှုကျူးလွန်သူတွေကို အရေးယူနေတဲ့အပြင် ပိုင်ရှင်တွေ ဝှက်ထားခဲ့တဲ့ ရွှေ၊ ငွေ အစရှိ အဖိုးတန်ပစ္စည်းတွေကို မိမိတို့တပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေပြီး တွေ့ရှိရင် ပိုင်ရှင်အစစ်အမှန်တွေ လက်ထဲ ကောင်းမွန်စွာ ပြန်လည်အပ်နှံပေးနေတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့သိမ်းတိုက်ပွဲ ရက်ရှည်ကြာခဲ့တဲ့ ရမ်းဗြဲ၊ ပေါက်တော၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့ပေါ်တို့မှာ ပြည်သူတွေရဲ့ နေအိမ်တွေထဲက ပစ္စည်းတွေ ပျောက်ဆုံးတာတွေ ရှိခဲ့တယ်လို့ အဲဒီဒေသခံတွေနဲ့ ကာယကံ ရှင်တွေက ပြောထားပါတယ်။

“စစ်ကောင်စီတပ်သားတွေ ခိုးသွားတာလည်း အများကြီးပဲ၊ ပွဲပြီးမှ ကိုယ့်ဖက်က သုံးလုံး(ULA အုပ်ချုပ်ရေးဌာန)ကလူတွေနဲ့ ထောက်ပို့တွေလည်း ခိုးကြတာ ရှိတယ်”လို့ နောက် ထပ် ရခိုင်မြောက်ပိုင်းမှ ဒေသခံတဦးက ပြောပါတယ်။

ရခိုင်ဒေသတိုက်ပွဲတွေအတွင်း ခိုးယူခံရလို့ ပစ္စည်း၊ ဥစ္စာ ပျောက်ဆုံးမှုတွေ ရှိတဲ့အပြင် စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှုတို့ကြောင့်လည်း ထောင်ချီတဲ့ ဈေးဆိုင်ခန်း၊ လူနေအိမ်တွေ ပျက်စီးခဲ့ရပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် Department of Law Enforcement and Public Security (DLEPS)  ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာနကို ဖွဲ့စည်းကာတပ်ဖွဲ့ဝင်အသစ်တွေ ခေါ်ယူသွားမယ်လို့  ထုတ်ပြန်ချက်ကဆိုပါတယ်။

ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ပိုမိုလုံခြုံစိတ်ချရတဲ့ အနေအထားမျိုး ရရှိလာစေဖို့ ပိုမို အားစိုက်ကြိုးစားဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။ 

အာရက္ခတပ်တော်(AA)ဟာ ရခိုင်ဒေသတွင်း ဥပဒေစိုးမိုးရေး၊ တရားခံဖမ်းဆီးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ အခွန် ကောက်ခံရေး စတဲ့ယန္တရားတွေကို ပြီးခဲ့တဲ့ ၂၀၂၀ အပစ်ရပ်ကာလကတည်းက အရှိန်မြှင့်လုပ်ဆောင်လာခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၃ နို၀င်ဘာ ၁၃ ရက်မှစကာ တကျော့ပြန် ထိုးစစ်တွေ စတင်ခဲ့တဲ့ AA ဟာ တိုက်ပွဲကာလ ဆယ်လအတွင်း ချင်းပြည်နယ် ပလက်၀နဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ဆယ်ခုကို သိမ်းပိုက်ထားကာ ကျန်မြို့တွေကိုလည်း တစ်မြို့မကျန် အလုံးစုံသိမ်း ပိုက်ရရှိရေးအတွက် ထိုးစစ်တွေ ဆက်လက်ဆင်နွှဲနေတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။