ယူရေနီယမ် သန့်စင်စက်ရုံ တခုရဲ့ အတွင်းပိုင်း ပုံရိပ်တွေကို မြောက်ကိုရီးယား ပထမဆုံးအကြိမ် ထုတ်ပြ

 စက်တင်ဘာလ ၊ ၁၄

မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ ယူရေနီယမ် သန့်စင်စက်ရုံ တခုရဲ့ အတွင်းပိုင်း ပုံရိပ်တွေကို ပထမဆုံးအကြိမ်အဖြစ် ဓာတ်ပုံတချို့ ထုတ်ပြန် ပြသခဲ့ပါတယ်။

အဲဒီ ဓာတ်ပုံတွေမှာ နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းက ယူရေနီယမ် သန့်စင်မှု စက်ရုံတခုရဲ့ အတွင်းပိုင်းကို လှည့်လည် စစ်ဆေးနေခဲ့တာကို တွေ့ရပါတယ်။ ကင်က နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက် ပိုင်ဆိုင်မှုကို အစွမ်းကုန် အရှိန်မြှင့်တင်သွားမယ်လို့ ကြေညာပြီး မကြာခင်မှာပဲ အစိုးရပိုင် KCNA သတင်းဌာနဆီကနေ အခု ဓာတ်ပုံတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ယူရေနီယမ် သန့်စင်မှုဟာ နျူကလီးယား လက်နက်တွေ ထုတ်လုပ်ရာမှာ အရေးအကြီးဆုံး လိုအပ်ချက်လို့ ဆိုနိုင်ပါတယ်။

အဲဒီ ဓာတ်ပုံတွေဟာ မြောက်ကိုရီးယားရဲ့ ပေါ်ပေါ်ထင်ထင် တည်ဆောက်ထားရာ ယွန်ပြောင် ယူရေနီယမ် သတ္တုသန့်စင် စက်ရုံထဲမှာလား၊ တခြားလျှို့ဝှက် နေရာတခုမှာလား ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။ စစ်ရေး သုတေသီတွေက မြောက်ကိုရီးယားဟာ ယွန်ပြောင်အပြင် အနည်းဆုံး နောက်ထပ် လျှို့ဝှက်ထားတဲ့ ယူရေနီယမ် သတ္တုသန့်စင်စက်ရုံ အနည်းဆုံး တခု ထပ်ရှိလိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။

KCNAရဲ့ ဓာတ်ပုံတွေထဲမှာတော့ ကင်ဟာ စစ်ဘက် အရာရှိတွေနဲ့အတူ စက်ရုံ အတွင်းပိုင်းကို ကြည့်ရှုနေပြီး ယူရေနီယမ် သန့်စင်မှုအတွက် အသုံးပြုတဲ့ ပေါင်းချောင် အများအပြား ရှိနေတာကိုလည်း တွေ့ရပါတယ်။

ကင်ဟာ အဲဒီနေရာတွေကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေး လေ့လာပြီးတဲ့နောက် အားတက် ကျေနပ်ခဲ့တယ်လို့လည်း KCNAရဲ့ သတင်းမှာ ဖော်ပြထားခဲ့ပါတယ်။ KCNAက ကင်ဟာ အဲဒီနေရာကို ဘယ်အချိန်တုန်းက သွားရောက်ခဲ့သလဲ ဆိုတာကို မဖော်ပြထားသလို ဘယ်နေရာလဲ ဆိုတာကိုလည်း ထုတ်ပြောမထားပါဘူး။

တောင်ကိုရီးယားရဲ့ အီဝှာတက္ကသိုလ်မှာ မြောက်ကိုရီးယားအရေး လေ့လာသူ တဦးအဖြစ် အလုပ်လုပ်နေတဲ့ ပါမောက္ခ လိုင်ဖ်အဲရစ် အီစလီက မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ နျူကလီးယား လက်နက် စွမ်းရည်ကို ထုတ်ကြွားဖို့အတွက် ဒီဓာတ်ပုံတွေကို ပြသလိုက်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ပါတယ်။ 

နျူကလီးယား လက်နက် နည်းပညာနောက် အပတ်တကုတ် လိုက်နေဆဲ ဖြစ်တာကြောင့် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေ အပြင်းအထန် ခံနေရပေမယ့် ရုရှားနဲ့ တရုတ်တို့ရဲ့ ပံ့ပိုးမှုတွေကြောင့် ကင်ဦးဆောင်တဲ့ အစိုးရဟာ ခေါင်းမော့နေနိုင်ဆဲလို့လည်း သူက ထောက်ပြခဲ့ပါတယ်။ 

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တိုက် ပမာဏကို တိတိကျကျ မသိရပေမယ့် ဖြစ်နိုင်ခြေ အရှိဆုံး ခန့်မှန်းမှုအဖြစ် နျူကလီးယား ထိပ်ဖူး အခု ၅၀ လောက် ပိုင်ဆိုင်ထားပြီး နောက်ထပ် ၄၀ လောက် တိုးချဲ့တည်ဆောက်နေဆဲလို့ ယူဆရပါတယ်။ 

Ref: BBC