ဟားရစ်နဲ့ ဒုတိယအကြိမ် စကားစစ်ထိုးဖို့ကို ထရမ့် ပယ်ချ 

စက်တင်ဘာ၊ ၁၄

ရွေးကောက်ပွဲ မတိုင်ခင်မှာ ကာမာလာ ဟားရစ်နဲ့ နောက်တကြိမ် စကားစစ်ထိုးတော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်လ် ထရမ့်က ပြောပါတယ်။

အမေရိကန် ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်း နှစ်ယောက်ဟာ အခုသီတင်းပတ် အစောပိုင်းတုန်းက ဖီလာဒဲဖီးယားမှာ စကားစစ်ထိုးခဲ့ကြပြီး လေ့လာသူတွေက ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်းဖြစ်တဲ့ ဟားရစ်ဖက်က အသာစီး ရခဲ့တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

အဲဒီနောက် ဟားရစ်က နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင် ထရမ့်နဲ့ ဒုတိယအချီ စကားစစ်ထိုးဖို့ စိန်ခေါ်ခဲ့ပေမယ့် စက်တင်ဘာ ၁၂ ရက်နေ့မှာတော့ ထရမ့်က ပယ်ချခဲ့တာ ဖြစ်ပါတယ်။

ဟားရစ်ဟာ စကားစစ်ထိုးပွဲမှာ နိမ့်ပါးခဲ့တာကြောင့် မကျေပွဲ နွှဲချင်နေတာ ဖြစ်ကြောင်း၊ စကားစစ်ထိုးပွဲမှာ သူသာ စစ်မှန်တဲ့ အောင်နိုင်သူ ဖြစ်ခဲ့ကြောင်း ထရမ့်က ဆိုပါတယ်။

လူထုအမြင် စစ်တမ်းတွေရော၊ လေ့လာစောင့်ကြည့်သူတွေရဲ့ သုံးသပ်ချက်တွေမှာပါ ဟားရစ်ဟာ ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု ပြိုင်ဘက်အပေါ် စကားအရာမှာ အသာစီး ရခဲ့တယ်လို့ ညွှန်ပြနေပေမယ့် ထရမ့်ကတော့ သူသာ အနိုင်ရခဲ့တယ်လို့ ပိုင်ပိုင်နိုင်နိုင် ပြောဆိုနေတာပါ။

အဲဒီ စကားစစ်ထိုးပွဲကို ABC သတင်းဌာနက ကြီးမှူးခဲ့ပြီး မိနစ် ၉၀ ကြာ ပြုလုပ်ခဲ့တာပါ။ ထရမ့်ဟာ ဟားရစ်ရဲ့ ထိုးနှက်ချက်တွေကို ခုခံရင်း အဓိက အချိန်ကုန်ခဲ့ရသလို သူ့ဖက်က အားသာချက် ဖြစ်နိုင်မယ့် အကြောင်းအရာတွေကို ထိထိရောက်ရောက် တင်ပြမသွားနိုင်ခဲ့ဘူးလို့ စောင့်ကြည့် လေ့လာသူတွေက ပြောပါတယ်။

အမေရိကန် ရွေးကောက်ပွဲ ကျင်းပဖို့ နှစ်လလောက်သာ လိုတော့တဲ့ အခြေအနေမှာတော့ ထရမ့်နဲ့ ဟားရစ်တို့အပေါ် လူထု ထောက်ခံမှုနှုန်းဟာ အရမ်း ဟန်ချက်ညီနေပြီး ရလဒ်ပိုင်း ကျပ်တည်းကျဉ်းမြောင်းလွန်းတဲ့ ရွေးကောက်ပွဲ တခု ဖြစ်လာဖွယ် ရှိနေပါတယ်။

အစောပိုင်းတုန်းကတော့ NBC သတင်းဌာနရဲ့ အစီအစဉ်နဲ့ စက်တင်ဘာ ၂၅ ရက်နေ့မှာ ထရမ့်-ဟားရစ် ဒုတိယအကြိမ် စကားစစ်ထိုးဖို့ နှစ်ဖက် ညှိနှိုင်းမှုတွေ ရှိခဲ့ပေမယ့်လည်း အခုတော့ ထရမ့်က နောက်ထပ် စကားစစ်ထိုးမယ့် ကိစ္စကို ငြင်းဆိုသွားတာ ဖြစ်ပါတယ်။

Ref: CNN