ဒေသအနှံ့ရေကြီးနစ်မြုပ်မှုတွေကြုံနေရချိန် သုံးရက်အတွင်း မိုးထပ်ကြီးနိုင်သေး

Photo – MFSD/MRO(YGN)

စက်တင်ဘာ၊ ၁၂

နိုင်ငံဒေသအနှံ့မှာအခုရက်ပိုင်းအတွင်း မိုးများပြီး ရေကြီး၊ ရေလျှံမှုတွေဖြစ်နေချိန် မြန်မာနိုင်ငံအနောက်နဲ့ အနောက် မြောက်ဘက်ကို ရွေ့လျားလာတဲ့ လေပွေလှိုင်းအရှိန်ကြောင့် ဒီကနေ့ကနေ စက်တင်ဘာ ၁၅ရက်အထိ သုံးရက်အတွင်း မိုးများတာ၊ လေပြင်းတိုက်ခတ်တာတွေ ထပ်ဖြစ်လာနိုင်သေးတယ်လို့ မိုးလေဝသနဲ့ဇလဗေဒဌာနက သတိပေးထားပါတယ်။

ဒီကနေ့ မနက်ကိုးနာရီတိုင်းထွာချက်တွေအရ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းဒေသတွေမှာ ဖြစ်ပေါ်ခဲ့တဲ့လေပွေလှိုင်းဟာ ဆက်လက်ရွေ့လျားခဲ့ပြီး စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဆက်လက်တည်ရှိနေတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။

အဲ့ဒီလေပွေလှိုင်းအရှိန်၊ ဘင်္ဂလားပင်လယ်အော်အတွင်း မုတ်သုံလေဆက်လက်အားကောင်းနိုင်တဲ့ အခြေအနေတွေ ကြောင့် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာ နေရာအနှံ့အပြားမိုးကြီးနိုင်ကာ နေပြည်တော်၊စစ်ကိုင်းအထက်ပိုင်းမန္တလေး၊ ပဲခူး၊ ဧရာဝတီစတဲ့တိုင်းတွေနဲ့ ကချင်၊ ရှမ်း၊ ကရင်၊ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြားမိုးကြီးနိုင်သလို လေပြင်းလည်းတိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊လျှပ်တပြက် ရေကြီးတာ၊ မြေပြိုတာစတဲ့ သဘာဝဘေး အန္တရာယ်တွေဖြစ်လာနိုင်တာကြောင့် ကုန်းမြင့်ဒေသနေထိုင်သူတွေအနေနဲ့ မြေပြိုမှု၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်သူတွေအနေနဲ့ ရေကြီးရေလျှံမှုတွေကို သတိပြုဖို့လိုတယ်လို့ မိုးလေဝသနဲ့ဇလဗေဒဌာနကပြောပါတယ်။

လက်ရှိမှာ နေပြည်တော်ကောင်စီနယ်မြေအတွင်း တပ်ကုန်း၊ပုဗ္ဗသီရိစတဲ့မြို့နယ်တွေအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေ၊ပဲခူးတိုင်း တောင်ငူအပါအဝင် အနီးတဝိုက်မြို့နယ်တချို့၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်း စတဲ့ဒေသအနှံ့မှာ မိုးများပြီး ရေကြီးရေလျှံတာ၊ဆည်တမံတွေကနေ ရေလျှံကျလာတာတွေကြောင့် လူဦးရေသိန်း နဲ့ချီ ရေဘေးကြုံတွေ့နေရပြီး ပိတ်မိနေတာတွေလည်းကြုံနေရပါတယ်။

နေအိမ်တွေနစ်မြုပ်တဲ့အထိ ရုတ်တရက် ရေမြင့်တက်လာပြီး ရှောင်တိမ်းရှောင်ချိန်မရတာကြောင့် သစ်ပင်တွေ ပေါ်နဲ့ အဆောက်အဦခေါင်မိုးတွေပေါ် နာရီနဲ့ချီပိတ်မိနေပြီး အကူအညီလိုအပ်သူတွေများတာကြောင့် ကယ် ဆယ် ရေးအဖွဲ့တွေအနေနဲ့လည်း အင်အားလုံလောက်မှုမရှိဘဲ အခက်တွေ့နေကြတယ်လို့ မြေပြင်ကူညီ ကယ် ဆယ်ရေး လုပ်ကိုင်နေသူတွေကပြောပါတယ်။

လတ်တလော ရေကြီးရေလျှံမှုတွေအတွင်း ထိခိုက်သေဆုံးတာတွေလည်းရှိနေပေမယ့် အကူအညီလိုအပ်သူနဲ့ ထိခိုက်သေဆုံးသူ ဘယ်လောက်အထိ ရှိနေတယ်ဆိုတဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

“မနေ့ကမနက်ခင်းတည်းက သစ်ပင်ပေါ်မှာနေနေရတာ”လို့ ဒီကနေ့မနက်ပိုင်းမှာ ပရဟိအဖွဲ့တခုက ကူညီကယ် ဆယ်ခဲ့တဲ့ တပ်ကုန်းမြို့နယ်က ရေနစ်မြုပ်သွားတဲ့ မကျီးပင်ကျေးရွာဒေသခံ သက်ကြီးအမျိုးသမီးတဦးက ပြောပါတယ်။

ရမည်းသင်းမြို့နယ်ထဲမှာတော့ ရေကြီးနစ်မြပ်မှုတွေကြောင့် သေဆုံးသူ စုစုပေါင်း ဆယ်ဦးအထိရှိခဲ့ပြီး လူငါး သောင်းခွဲလောက် ရေဘေးသင့်ခဲ့ကာ ကူညီကယ်ဆယ်ရေးစခန်းတွေဆီရွှေ့ပြောင်းပေးထားရတယ်လို့ မြန်မာ နိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်အသိပေးထားပါတယ်။

လက်ရှိမြန်မာနိုင်ငံအလယ်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်း၊ ပုဗ္ဗသီရီ၊ ဇဗ္ဗူသီရိ၊ ပျဉ်းမနား၊ ကျောက်ဆည်၊ပျော်ဘွယ်၊ ရမည်းသင်း၊ ဝမ်းတွင်းစတဲ့ မြို့နယ်တွေမှာ အဆောက်အအုံတွေနစ်မြုပ်တဲ့အထိ ရုတ်တရက် ရေကြီး၊ ရေလျှံမှုနဲ့ကြုံရတာကြောင့် ကယ်ဆယ်ရေးအကူညီလိုအပ်နေသူအများအပြား ရှိနေဆဲဖြစ်ပါတယ်။

အလားတူ ပဲခူးတိုင်း တောင်ငူမြို့နယ်အပါအဝင် တောင်ငူခရိုင်အတွင်း စစ်တောင်းမြစ်အနီး မြို့နယ်ဒေသ တချို့ မှာလည်း အလားတူ ရေနစ်မြုပ်မှုတွေကြုံနေရတာကြောင့် အကူအညီမရသေးဘဲပိတ်မိနေသူတွေရှိနေပြီး ကယ် ဆယ်ရေးအင်အားလိုအပ်နေတယ်လို့ တောင်ငူဒေသခံ ပရဟိတအဖွဲ့ဝင်တဦးကပြောပါတယ်။

“အုတ်တွင်း၊ ထန်းတပင်၊ ရေတာရှည်ဘက်တွေ ကယ်ဆယ်ရေးတွေမရောက်သေးလို့ ပိတ်မိနေတာများလာပါပြီ၊ ကြိုတင်မကယ်ဆယ်ထားရင် ဒုတိယတပ်ကုန်း ဖြစ်မှာစိုးရိမ်ရပါတယ်”လို့သူကဆိုပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒဌာနရဲ့ ဒီကနေ့ တိုင်းထွာချက်တွေအရ မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသမြို့နယ် တွေ ဖြစ်တဲ့ ပခုက္ကူ၊ ညောင်ဦး၊ မိတ္ထီလာ၊ချောက် မြို့နယ်လေးခုနဲ့ ကရင်ပြည်နယ် ဘားအံမြို့တို့မှာ နှစ်ပေါင်း ၃၅နှစ် က နေ ၇၀နှစ် နီးပါးအတွင်း စံချိန်သစ်မှတ်တမ်းဝင်တဲ့အထိ မိုးများခဲ့တယ်လို့ သိရပါတယ်။

မြစ်ရေမြင့်တက်မှုစောင့်ကြည့်အချက်အလက်တွေအရ စစ် တောင်းမြစ်ဟာ တောင်ငူနဲ့မဒေါက်မြို့နယ်တွေမှာ စိုးရိမ်ရေမှတ်အထက် နှစ်ပေကျော်လွန်နေသလို နောက်တရက် အတွင်း နှစ်ပေလောက် ထပ်ပြီးမြင့်တက်နိုင် တယ်လို့ ဖော်ပြထားပါတယ်။

အလားတူ ရွှေကျင်မြစ်ဟာလည်း နောက်တရက်အတွင်းစိုးရိမ်ရေမှတ်ရောက်နိုင်ကာ ပဲခူးမြစ်ကတော့ လက်ရှိမှာ စိုးရိမ်ရေမှတ်ထက် တပေကျော်မြင့်တက်နေသလို နောက်တရက်အတွင်း တပေလောက်ထပ်ပြီးမြင့်တက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။