စစ်မှုထမ်းဖို့ အဓမ္မစုဆောင်းခံရသူ ၂၇ဦးက စစ်သားနှစ်ဦးကိုပစ်သတ်ပြီး KNUဆီခိုလှုံ

Photo – Kwe Ka Lu News

စက်တင်ဘာ၊ ၁၁

စစ်ကောင်စီတပ်က စစ်မှုထမ်းခိုင်းဖို့ ဖမ်းဆီးခေါ်ဆောင်လာတဲ့ အမျိုးသား ၂၇ ဦး အခုလ ၈ ရက်နေ့ညမှာ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ခန္တီရွာအနီး စစ်ကောင်စီတပ်သားတွေကို ခုခံထွက်ပြေးလွတ် မြောက်လာခဲ့တယ်လို့ KNU တပ်မဟာ (၄) အတွင်းရေးမှူး ပဒို စောအယ်နားက DNA ကို ပြောပါတယ်။ 

“သူတို့ ပါလာတာ ၂၉ ယောက်လို့ ပြောတယ်၊ ကျွန် တော်တို့ဆီတော့ ၂၇ ယောက် ရောက်လာတယ်၊ နှစ်ယောက်က ထွက်ပြေးရင်းနဲ့ ပျောက်သွားတာလားမသိဘူး၊ အဲဒီအဖွဲ့တွေနဲ့ ကျွန်တော်တို့အဆက်အသွယ်မရသေးဘူး၊ တပ်ခွဲတာဝန်ခံကပဲ သတင်းအကြမ်း ဖျင်းပို့ပေးထားသေးတယ်” လို့ ပဒို စောအယ်နားက ပြောပါတယ်။ 

ထွက်ပြေးလွတ်မြောက်လာသူ ၂၇ ဦးဟာ ထိုင်းနိုင်ငံဘက်ခြမ်းမှာ အဖမ်းခံရပြီးနောက် ရနောင်းကနေတဆင့် ကော့သောင်းဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီထံ လွှဲပြောင်းခြင်းခံခဲ့ရသူတွေလို့ သိရပါတယ်။ 

အဲဒီနောက်မှာတော့ စစ်သင်တန်းပေးဖို့အတွက် မြိတ်မြို့ကနေတဆင့် ပလောက်မြို့အခြေစိုက် အမှတ် (၁၂) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရေလမ်းကနေ ပို့ဆောင်လာစဥ် ထွက်ပြေးလွတ် မြောက်လာခဲ့တာဖြစ်ပါတယ်။ 

“လှေတစီး သူတို့ ၂၉ ယောက်ပါတယ်၊ စစ်သားက နှစ်ယောက်၊ အဲဒီလှေမှာပဲ စစ်သားဆီက သေနတ်လုပြီးတော့ သူတို့ပစ်သတ်လိုက်တယ်၊ ပစ်သတ်ပြီးတော့ အဲဒီလှေတစီးနဲ့ သူတို့ထွက်ပြေးလာတာ” လို့လည်း ပဒို စောအယ်နားက ပြောပါတယ်။

သူတို့နဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သေနတ် နှစ်လက်ကိုလည်း ယူဆောင်လာနိုင်ခဲ့ပြီး လက်ရှိမှာတော့ KNU တပ်မဟာ (၄)၊ တပ်ရင်း (၇)က တပ်ခွဲတခုမှာ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။ 

အခုလို ထွက်ပြေးလွတ်မြောက်လာသူ ၂၇ ဦးကတော့ ဘယ်ဒေသတွေကလဲဆိုတာကို အတိအကျမသိရသေးဘူးလို့လည်း ပဒို စောအယ်နားက DNA ကို ပြောပါတယ်။ 

ဒေသတွင်း သတင်းဌာနတခုဖြစ်တဲ့ The Tanintharyi Times ရဲ့ သတင်းဖော်ပြချက်အရတော့ အခုလို လွတ်မြောက်လာတဲ့ လှေတစီးနဲ့အတူ တခြားလှေနှစ်စီးလည်း စစ်မှုထမ်းခိုင်းဖို့ ဖမ်းဆီးလာသူတွေကို တင်ဆောင်ပြီး မြိတ်ကနေ အတူတူထွက်လာခဲ့တာလို့ သိရပါတယ်။ 

ဒါ့အပြင် အဲဒီလို ရေလမ်းကနေ ပို့ဆောင်လာသူတွေကို လာကြိုတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေကြား ခန္တီရွာအနီးမှာပဲ တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ ဆိုပါတယ်။ 

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် စစ်ကောင်စီတပ်ဟာ ထိုင်းနိုင်ငံမှာအဖမ်းခံရပြီးနောက် ရနောင်းနယ် စပ်ကနေ မြန်မာဘက်ပြန်ပို့လိုက်တဲ့ သူတွေထဲက အမျိုးသားတွေကို နေရပ်ပြန်မပို့ဘဲ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်