နိုက်ဂျီးရီးယားမှာ ရေကြီးရာက တိရစ္ဆာန်ရုံထဲက တိရစ္ဆာန်တွေ မြို့ထဲလွတ်လာ

စက်တင်ဘာ၊ ၁၁

နိုက်ဂျီးရီးယား မြို့တမြို့မှာ ရေကြီးရာက တိရစ္ဆာန်ရုံထဲက တိရစ္ဆာန်တွေပါ လွတ်မြောက်ကုန်လို့ အရှုပ်အထွေး အခြေအနေတချို့ ဖြစ်ပေါ်ခဲ့ပါတယ်။

နိုက်ဂျီးရီးယား အရှေ့မြောက်ပိုင်း၊ ဘော်နိုပြည်နယ် အနှံ့မှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေတာပါ။ အခုသီတင်းပတ် အစောပိုင်းမှာတော့ ပြည်နယ်မြို့တော် မိုင်ဒူဂါရီမှာ ရေကြီးရာက တောရိုင်းတိရစ္ဆာန်တွေ လွတ်ပြီး မြို့ထဲလမ်းတွေပေါ် ရောက်လာတာ ဖြစ်ပါတယ်။

လမ်းတွေပေါ်မှာ တိရစ္ဆာန်ရုံထဲက လွတ်မြောက်လာတဲ့ အကောင်ပလောင်တွေ လျှောက်သွားနေတဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

ဆန်ဒါကိုင်အာရီမီ တိရစ္ဆာန်ရုံရဲ့ ဒါရိုက်တာဖြစ်သူ အလီ ဒွန်းဘက်စ်က လွတ်မြောက်သွားတဲ့ တိရစ္ဆာန် အရေအတွက်ကို အတိအကျ မသိရသေးပေမယ့် နေရာအနှံ့က ဆက်သွယ်မှုတွေကို ချက်ချင်း တုံ့ပြန်ပြီး လိုက်လံ ဖမ်းဆီးနေတယ်လို့ ပြောပါတယ်။

သူက လူထုအနေနဲ့ တောရိုင်းတိရစ္ဆာန်တွေနား အတင့်ရဲပြီး မကပ်ဖို့၊ ဥပမာ ငှက်ကုလားအုတ်လို တိရစ္ဆာန်မျိုးတွေဟာ အန္တရာယ် မရှိဘူးလို့ ယူဆရပေမယ့် လူကို ထိခိုက်အောင် တိုက်ခိုက်နိုင်စွမ်း ရှိတတ်တာကို နားလည်ဖို့လည်း သတိပေးခဲ့ပါတယ်။

ဘော်နိုပြည်နယ် အစိုးရကတော့ မိုင်ဒူဂါရီ မြို့ထဲမှာ ဆယ်စုနှစ် သုံးခုလောက်အတွင်း မကြုံဖူးလောက်အောင် ဆိုးရွားတဲ့ ရေကြီးမှုတွေ ကြုံနေတာလို့ ပြောပါတယ်။

လောလောဆယ် မြို့ထဲမှာ ဘယ်လို သားရိုင်းတိရစ္ဆာန်တွေ လွတ်မြောက်နေသလဲ ဆိုတာကို တိတိကျကျ အတည်ပြုဖို့ ခက်နေပါတယ်။

ဒွန်းဘက်စ်က ကျားနဲ့ ခြင်္သေ့လှောင်အိမ်တွေ ရေမြုပ်ကုန်တယ် ဆိုတာကို အတည်ပြုပေမယ့် အဲဒီတိရစ္ဆာန်တွေပါ လွတ်မြောက်သွားသလား ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ 

လက်ရှိ အချိန်ထိတော့ မြို့ထဲမှာ တောရိုင်းတိရစ္ဆာန်တွေ တိုက်ခိုက်လို့ လူတွေ ထိခိုက်သေကြေတဲ့ သတင်းမျိုးတွေ မကြားရသေးပါဘူး။

နိုက်ဂျီးရီးယားဟာ အခုနှစ်အတွင်း ပြည်နယ်တချို့မှာ ရေကြီးမှု ပြဿနာတွေနဲ့ ရုန်းကန်နေရပြီး စုစုပေါင်း လူ ၁၇၀ လောက် သေဆုံးခဲ့သလို သောင်းနဲ့ချီပြီး နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြရပါတယ်။

Ref: BBC