ရုရှားကို ဒုံးကျည် ထောက်ပံ့တဲ့ အီရန်ကို အမေရိကန်နဲ့ မဟာမိတ်တွေ အရေးယူမှုတွေ တိုးမြှင့်

စက်တင်ဘာ၊ ၁၁

အီရန်က ရုရှားကို ဒုံးကျည်တွေ ထောက်ပံ့တာကြောင့် အမေရိကန်ဟာ အီရန်ရဲ့ အဓိက လေကြောင်းလိုင်းအပေါ် အရေးယူ ပိတ်ဆို့မှုတွေ တင်းတင်းကျပ်ကျပ် သတ်မှတ်လိုက်ပါတယ်။ 

ဗြိတိန်နိုင်ငံကို ရောက်ရှိနေချိန် အတောအတွင်း အမေရိကန် နိုင်ငံခြားရေး ​ဝန်ကြီး အန်တိုနီ ဘလင်ကန်က အီရန် လေကြောင်းလိုင်း (Iran Air)နဲ့ ပူးပေါင်းဆောင်ရွက်မှု အားလုံးကို အရေးယူ ပိတ်ဆို့သွားမယ်လို့ ကြေညာခဲ့တာပါ။ အမေရိကန်ရဲ့ ဥရောပ မဟာမိတ် ၃ နိုင်ငံဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့ကလည်း တူညီတဲ့ အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်သွားမယ်လို့ အသီးသီး အတည်ပြုခဲ့ပါတယ်။

စက်တင်ဘာ ၁၀ ရက်မှာ ဘလင်ကန်က အီရန်ဟာ ရုရှားကို တာတိုပစ် ဒုံးကျည်တွေ ထောက်ပံ့ပေးအပ်ပြီး ယူကရိန်း စစ်ပွဲကို အရှိန်မြင့်တက်လာအောင် မီးစာဖြည့်ပေးနေကြောင်း၊ မကြာခင် သီတင်းပတ်တွေအတွင်း ရုရှားဟာ ယူကရိန်း စစ်မြေပြင်မှာ အီရန်လုပ် ဒုံးကျည်တွေကို စတင် အသုံးချလာဖွယ် ရှိနေကြောင်း ပြောပါတယ်။

ပြင်သစ်၊ ဗြိတိန်နဲ့ ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီးတွေကလည်း ရုရှားလက်နက်တိုက်ထဲ အီရန် ဒုံးကျည်တွေ ဖြည့်တင်းပေးမှုဟာ ဥရောပတိုက် တခုလုံးရဲ့ လုံခြုံရေး ကဏ္ဍကိုပါ တိုက်ရိုက် ခြိမ်းခြောက်မှု မြောက်တယ်လို့ အသီးသီး သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

အီရန်ကတော့ ရုရှားအတွက် စစ်လက်နက်တွေ ထောက်ပံ့ပေးခဲ့တယ်ဆိုတဲ့ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုထားခဲ့ပါတယ်။

အမေရိကန်နဲ့ ဥရောပ ၃ နိုင်ငံစလုံးက ရုရှားအတွက် အီရန်ဒုံးကျည်တွေ ပံ့ပိုးမှုကို တညီတညွတ်တည်း ရှုတ်ချကြောင်းနဲ့ လေကြောင်းဝန်ဆောင်မှု ကဏ္ဍမှာ အီရန်နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ချက်ချင်း ရပ်ဆိုင်းစေမှာဖြစ်ကြောင်းလည်း ကြေညာခဲ့ပါတယ်။

အမေရိကန်ဟာ Iran Airကို အရင်ကလည်း ပိတ်ဆို့အရေးယူမှုတွေ သတ်မှတ်ဖူးပြီး အခုအသစ်ထပ်တိုးမယ့် ပိတ်ဆို့မှုတွေရဲ့ အတိုင်းအတာ ပမာဏကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။

အမေရိကန် အစိုးရဟာ Iran Airကိုသာ မကဘဲ အဲဒီ ဒုံးကျည်တွေ အလွှဲအပြောင်း ပြုလုပ်မှုမှာ အဓိက ပါဝင်ခဲ့တယ်ဆိုတဲ့ ရုရှားနဲ့ အီရန် စစ်ဘက် အရာရှိတွေကိုလည်း တဦးချင်း ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ခဲ့ပါတယ်။

အီရန်ဟာ စစ်ပွဲရဲ့ အစောပိုင်း ကာလတွေတုန်းကလည်း ရုရှားအတွက် ဖောက်ခွဲရေး (ကာမီကာဇီ) ဒရုန်းတွေ ပမာဏ အမြောက်အမြား ထောက်ပံ့ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲခဲ့ဖူးပါတယ်။ အဲဒီစွပ်စွဲချက်ကို အီရန်က ငြင်းဆိုခဲ့ပေမယ့်လည်း ယူကရိန်း ပိုင်နက်ထဲကို ရုရှားက အီရန်လုပ် ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း အထောက်အထားတွေ တပုံတပင် တွေ့ရှိခဲ့ပါတယ်။

Ref: CNN