သိမ်းပိုက်ခံထားရတဲ့ မောင်တော နခခ(၂)စခန်းကို စစ်ကောင်စီဗုံးပြန်ကြဲလို့ စစ်သုံ့ပန်းတွေအပါအဝင်အကျဉ်း သားငါးဆယ်ကျော် သေဆုံးတယ်လို့ AA ပြော

Photo – AA

စက်တင်ဘာ၊ ၁၀

အာရက္ခတပ်တော် AA ရဲ့ မောင်တောဒေသထိုးစစ်တွေအတွင်း လက်လွှတ်ဆုံးရှုံးထားရတဲ့ မောင်တောမြို့လေးမိုင် နခခ(၂)စခန်းကို စစ်ကောင်စီက မနေ့ညကိုးနာရီခွဲလောက်မှာ ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ လေကြောင်းတိုက်ခိုက် မှုနှစ်ကြိမ်လုပ်ခဲ့တာကြောင့် အဲ့ဒီစခန်းထဲ ထိန်းသိမ်းထားတဲ့စစ်သုံ့ပန်းတွေအပါအဝင်အကျဉ်းသား ငါးဆယ်ကျော် သေဆုံးကာ ဒဏ်ရာရသူတွေလည်း အများအပြားရှိနေတယ်လို့ AA  က ထုတ်ပြန်ပါတယ်။

အာရက္ခတပ်တော် AA ဟာ အဲ့ဒီစစ်ကောင်စီစခန်းကို ပြီးခဲ့တဲ့ ဇူလိုင်လ ၆ရက်ကတည်းက အပြီးသတ်သိမ်းပိုက် ထားနိုင်ခဲ့တာဖြစ်ပြီး မောင်တောမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် စစ် သုံ့ပန်းတွေ၊စစ်ကောင်စီရဲ့စစ်သင်တန်းဆင်းထားသူတွေ၊သတင်းပေးတွေ၊မသင်္ကာသူတွေစတဲ့ အကျဉ်းသားတွေကို ထိန်းသိမ်းထားတဲ့နေရာဖြစ်တယ်လို့လည်း AA ကပြောပါတယ်။

မနေ့ညက စစ်ကောင်စီရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် ARSA၊RSOတပ်ဖွဲ့ဝင်တွေ၊စစ်သင်တန်းဆင်းထားသူတွေ၊စစ်ကောင်စီလက်ကိုင်တုတ်တွေ၊သတင်းပေးတွေလည်းပါဝင်တယ်လို့ AA ထုတ်ပြန်ချက်ကဆိုပါတယ်။

ဒါ့အပြင် ULA/AA နဲ့ ရခိုင့်တော်လှန်ရေးကိုအနှောင့်အယှက်ပေး၊ဖျက်ဆီးဖို့ကြိုးစားအားထုတ်တာကြောင့် ဖမ်းဆီး စစ်ဆေးနေသူတွေ၊ALP နဲ့ဆက်စပ်နေသူတွေအပြင် သံသယအမျိုးမျိုးနဲ့ စစ်ဆေးမေးမြန်းဖို့ ဖမ်းဆီးထားသူတချို့ အပါအဝင် စုစုပေါင်း ငါးဆယ်ကျော် နေရာမှာပဲသေဆုံးခဲ့ကြတာလို့လည်း ဖော်ပြပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူ အများအပြားထဲမှာလည်း အန္တရာယ်စိုးရိမ်ရသူတွေ ရှိနေသေး တယ်လို့ သိရပါတယ်။မနေ့ည လေကြောင်းတိုက်ခိုက်မှုအတွင်း AA တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိ၊မရှိဆိုတာ ကိုတော့ ဖော်ပြထားတာမရှိပါဘူး။

စစ်ကောင်စီဟာ မနေ့ညက နခခ(၂)စခန်းကို လေကြောင်းတိုက်ခိုက်ခဲ့သလို တညတည်းမှာပဲ မောင်တောမြို့ သုံး  မိုင်နဲ့ ဝေသာလီရွာထဲက ကုလသမဂ္ဂအဆောက်အအုံတို့ကို ဂျက်လေယာဉ်တစီးနဲ့ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရ ပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က မောင်တောမြို့ကို အာရက္ခတပ်တော် AA က ဩဂုတ်လဆန်းကစလို့ မြို့သိမ်း တိုက်ပွဲဆင်နွှဲနေကာ မြို့တွင်းနေရာအများစုကို သိမ်းပိုက်ထားနိုင်ပေမယ့် စစ်ကောင်စီနဲ့ စစ်ကောင်စီကလက်နက် တပ်ဆင်ပေးထားတဲ့ ရိုဟင်ဂျာ(မူရင်းမွတ်စလင်)တွေကိုရဲ့ အဆင့်ဆင့်ခုခံမှုတွေကို ဆက်လက်ရှင်းလင်းနေတုန်း ပဲလို့ AA ကအသိပေးထားပါတယ်။

မောင်တော ဒေသတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေများတယ်လို့လည်း AAကပြော ထားပါတယ်။

ရှမ်းမြောက် ရမခ ဌာနချုပ်နဲ့ လားရှိုးမြို့တို့အပါအဝင် ဒေသအနှံ့ တပ်ရင်းဌာနချုပ်တွေနဲ့ မြို့အများအပြား လက် လွှတ်ခဲ့ရတဲ့နောက် ဩဂုတ်လကုန်ပိုင်းနဲ့ အခုလဆန်းပိုင်းမှာ စစ်ကောင်စီက ဒေသအနှံ့မှာ တပြိုင်တည်းနီးပါး လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေပါတယ်။

ရခိုင်ပြည်နယ်မှာတော့ စက်တင်ဘာ ၈ရက် ည၇နာရီဝန်းကျင်ကလည်း အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုပ် ထားတဲ့ ပေါက်တောမြို့နယ်ထဲက ရှင်ရွာကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ်ဗုံးကြဲတိုက် ခိုက်ခဲ့ပါသေးတယ်။

အဲ့ဒီလေကြောင်းတိုက်ခိုက်မှုမှာလည်း စစ်သုံ့ပန်းတွေနဲ့ အကျဉ်းသားတွေကို ဆေးကုသပေးနေတဲ့ နေရာ ဗုံးကြဲခံရ တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သုံ့ပန်းတွေအပါအဝင် အကျဉ်းသား ၁၇ဦးသေဆုံးကာ ဒဏ်ရာရသူ ဆယ်ဦးရှိ တယ်လို့ AAက ထုတ်ပြန်ထားပါသေးတယ်။