အခြေခံလုပ်ခ တိုးမြှင့်ရေး မူလလျာထားတဲ့အတိုင်း အကောင်အထည် ဖော်မယ်လို့ ထိုင်းအစိုးရပြော

စက်တင်ဘာ၊ ၉

စိုးရိမ်တကြီး ဝေဖန် ထောက်ပြမှုတွေ ရှိနေတဲ့တိုင်အောင် လုပ်ငန်းကြီးတွေရဲ့ ဝန်ထမ်းတွေကို အနိမ့်ဆုံး အခြေခံလုပ်ခ မြှင့်တင် သတ်မှတ်စေမယ့် အစီအစဉ်ကို လျာထားချက်အတိုင်း အကောင်အထည် ဖော်မယ်လို့ ထိုင်းအစိုးရက အတည်ပြုခဲ့ပါတယ်။

အလုပ်သမား ဝန်ကြီးဌာန ဝန်ကြီး ဖင်ပတ် ရတ်ချာကစ်ပရာခန်က အောက်တိုဘာ ၁ ရက်နေ့ကစလို့ ထိုင်းမှာ အခြေခံ တနေ့လုပ်ခကို ဘတ် ၄၀၀ စတင် သတ်မှတ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၈ ရက်နေ့တုန်းက စီးပွားရေး လုပ်ငန်းရှင်တွေ၊ အလုပ်သမား ဝန်ကြီးဌာန လက်အောက်ခံ ကော်မတီတွေ အကျေအလည် ဆွေးနွေးခဲ့တဲ့နောက် အခုလို လုပ်ခလစာ လျာထားချက်ကို ဆက်လက် အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဝန်ကြီးက ပြောပါတယ်။

အခြေခံ လုပ်လစာ သတ်မှတ်ချက်ကို မြှင့်တင်တာဟာ ထိုင်းရဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် ထိခိုက်မှုတွေ ကြုံတွေ့သွားစေနိုင်ကြောင်း စိုးရိမ်တကြီး ထောက်ပြမှုတွေ ရှိနေတဲ့တိုင် အဲဒီ အစီအစဉ်ကို ဆက်လက် အကောင်အထည်ဖော်ဖို့ အစိုးရက ဆုံးဖြတ်ခဲ့တာပါ။

နိုင်ငံရဲ့ စီးပွားရေး တိုးတက်နှုန်း နှေးကွေးနေတာကို သဘောပေါက်ကြောင်း၊ ဒါကြောင့်လည်း အခု အပြောင်းအလဲကို တရားဝင် မသတ်မှတ်ခင် အချက်အလက် အခိုင်မာဆုံး ဆန်းစစ်မှုတွေနဲ့ ချဉ်းကပ်ဖို့ အလုပ်သမား ဝန်ကြီးဌာန အမြဲတမ်း အတွင်း​ဝန်ကို သူက သေချာ ညွှန်ကြားခဲ့ကြောင်း ဖင်ပတ်က ပြောပါတယ်။

အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက် မကြေညာခင်မှာ ဝန်ကြီးဌာနဟာ လူမှုဖူလုံရေး ရုံးက ဦးဆောင် ကောက်ယူတဲ့ စစ်တမ်းတွေကိုလည်း အခြေပြုပြီး စဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းမှာ အလုပ်သမား ၂၀၀ ထက်မနည်းရှိတဲ့ လုပ်ငန်းကြီးတွေဟာ အနိမ့်ဆုံး လုပ်ခလစာကို တနေ့ ဘတ် ၄၀၀ သတ်မှတ်ဖို့ အဲဒီ စစ်တမ်းကလည်း ထောက်ခံခဲ့ပါတယ်။

ဒါဟာ လုပ်ငန်းကြီးတွေ အတွက်သာ အကျုံးဝင်တဲ့ သတ်မှတ်ချက်ဖြစ်ပြီး ဝန်ထမ်း အင်အား ၂၀၀ အောက်နဲ့ လည်ပတ်နေတဲ့ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေမှာ ဝန်ထမ်းတွေရဲ့ လုပ်ခကို မဖြစ်မနေ တိုးပေးစရာ လိုဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဝန်ကြီးက ဝန်ကြီးချုပ်သစ် ဖဲထောင်းထန်း ရှီနာဝပ်ထရာ ဦးဆောင်နေတဲ့ လက်ရှိ အစိုးရဟာ နိုင်ငံစီးပွားရေးကို ပြန်လည် ဦးမော့လာအောင် စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။ နိုင်ငံ စီးပွားရေး တိုးတက်နှုန်းဟာ မျှော်လင့်ထားတဲ့ အတိုင်းအတာ တခုဆီ ရောက်လာပြီး ဆိုရင်တော့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေရဲ့ ဝန်ထမ်းတွေကိုပါ အနိမ့်ဆုံးလုပ်ခ တိုးမြှင့်ပေးဖို့ အစိုးရ အတည်ပြု ပြဋ္ဌာန်းမှာ ဖြစ်ပါတယ်။

ထိုင်းစီးပွားရေး လုပ်ငန်းရှင်တွေ စုစည်းထားတဲ့ ခိုဆန် အသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ ဆန်ဂါ ရူအန်ဝတ်တန်နာကူလ်ကတော့ အခြေခံ လုပ်ခ တိုးမြှင့်စေတဲ့ အစီအမံဟာ တိုက်ရိုက်ရော၊ သွယ်ဝိုက်ပြီးပါ ဆိုးကျိုးတချို့ ဖြစ်ပေါ်လာမှာကို စိုးရိမ်ကြောင်း ပြောပါတယ်။ ဝန်ထမ်းလစာတွေကို တိုးမြှင့်ပေးရတဲ့အခါ လုပ်ငန်းကြီးတွေက ဝန်ထမ်းသစ် ခန့်အပ်မှုတွေ ဆိုင်းငံ့တာ၊ ရှိရင်းစွဲ ဝန်ထမ်းအင်အားကို လျှော့ချတာ၊ အသုံးစရိတ် မြင့်တက်လာတာတွေ ကြုံရနိုင်တယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

အစိုးရ အနေနဲ့ ဝန်ထမ်းတွေရဲ့ လုပ်ခကို ထိထိရောက်ရောက် တိုးမြှင့်ပေးဖို့ အမှန်တကယ် လိုလားတယ်ဆိုရင် ဟန်ချက်ညီ ထိန်းညှိမှုအဖြစ် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေကို အခွန်လျှော့ပေါ့ပေးတာမျိုး အကူအညီတွေ ပေးသင့်တယ်လို့လည်း သူက တိုက်တွန်း တောင်းဆိုသွားခဲ့ပါတယ်။

Ref: Bangkok Post