စက်တင်ဘာ၊ ၇
စစ်ကောင်စီ ဖမ်းဆီးထားတဲ့ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှ ဒေသခံ ကိုးဆယ်ကျော်ကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)နဲ့ ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခဲ့တယ်လို့ မိသားစု၀င်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာ စစ်တွေမြို့အနီးရှိ ဗျိုင်းဖြူရွာထဲကို စစ်ကြောင်းထိုး၀င်ရောက်ကာ ရွာသား ရှစ်ဆယ်နီးပါးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ပြီး နောက်ထပ်ရွာသား ငါးရာ၀န်းကျင်ကိုပါ လချီကြာ ဖမ်းဆီးစစ်ကြောနေခဲ့တာပါ။
အဲဒီဖမ်းဆီးထားသူတွေထဲက ၁၄၀ ကျော်ကို ဩဂုတ်လ ၃၀ ရက်နေ့မှာ ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခဲ့ပြီး မနေ့က စက်တင်ဘာလ ၆ ရက်နေ့မှာလည်း လူကိုးဆယ်ကျော်ကို ထပ်မံအမိန့်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
“အရင်တခေါက်တုန်းကအတိုင်းပဲ သုံးနှစ်ချစီ ကျပါတယ် အကုန်လုံး၊ မတ ရားအသင်းနဲ့ပဲ ချတာ” လို့ ဗျိုင်းဖြူရွာသားတဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီဟာ ဗျိုင်းဖြူရွာသား ရာချီကို ပြီးခဲ့တဲ့ သုံးလကျော် မေလ ၂၉ ရက်နေ့ကတည်းက ဖမ်းဆီးထားခဲ့တာဖြစ်ပြီး အချို့ကို ပြန်လွှတ်ခဲ့ပေမယ့် ကျန်နှစ်ရာကျော်ကိုတော့ ဆက်လက်ဖမ်းဆီးထားကာ ထောင်ဒဏ်အမိန့်တွေ ချမှတ်နေတာဖြစ်ပါတယ်။
အခု ထောင်ဒဏ်ချမှတ်ခံခဲ့ရသူတွေကို စစ်တွေခရိုင်တရားရုံးမှာ ရုံးချိန်နှစ်ကြိမ်သာ စစ်ဆေးခဲ့ပြီး ကျန်ရုံးချိန်တွေကိုတော့ ထောင်တွင်းတရားရုံးမှာသာ စစ်ဆေးကာ မိသားစုတွေကို ၀ငျရောကျနားထောငျခှင့ျမပေးဘဲ စစ်ဆေးခဲ့တယ်လို့ မိသားစု၀င်တွေက ပြောကြပါတယ်။
“မိသားစုက ပုံမှန်တွေ့လို့လည်း မရဘူး၊ သူတို့ စိတ်ကြိုက် ဖမ်းချင်သလိုဖမ်းပြီး အမိန့်ချလိုက်တာ၊ သုံးနှစ်တဲ့၊ ဘာမှန်းတောင် မသိလိုက်ဘူး၊ ရှေ့နေတွေတောင် မရှိခဲ့ဘူး”လို့ ထောင်ဒဏ်ချခံရသူတဦးရဲ့ မိသားစု၀င်တဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီက ထောင်ဒဏ်ချမှတ်ခဲ့သူတွေထဲ အသက်မပြည့်သေးသူတွေနဲ့ ငါးဆယ်ကျော်၊ ခြောက်ဆယ်၀န်းကျင် သက်ကြီးပိုင်းအရွယ်တွေလည်း ပါ၀င်တယ်လို့ ဗျိုင်းဖြူရွာသားတွေက ပြောကြပါတယ်။
အခုလိုထောင်ဒဏ်ချမှတ်ခံရသူတွေအပြင် နောက်ထပ် မိသားစုနဲ့ အဆက်အသွယ်မရဘဲ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်း ခံထားရသူတွေလည်း အချို့ ရှိနေသေးတယ်လို့ ရွာသားတွေက ပြောထားကြပါတယ်။
စစ်ကောင်စီတပ်ဟာ အမျိုးသမီး၊ ကလေးငယ်၊ သက်ကြီးရွယ်အိုတွေပါမကျန် ဗျိုင်းဖြူတရွာလုံးမှ ပြည်သူတွေကို ဖမ်းဆီးခဲ့ပြီး သုံးရက်အတွင်း ၇၆ ဦးကို သတ်ဖြတ်ခဲ့ကာ ဖမ်းဆီးစစ်ဆေးနေစဉ်စစ်ကြောရေးအတွင်း ရိုက်နှက်ဒဏ်ကြောင့် သေဆုံးရသူဟာလည်း နှစ်ဦးထက်မနည်း ရှိခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ စစ်ကြောရေးတွင်း ရိုက်နှက်နှိပ်စက်မှုဒဏ်ကြောင့် အသက်မပြည့်သေးတဲ့ကလေးတွေအပါအ၀င် ဆယ်ချီဟာလည်း ဆေးရုံတက်ကုသခဲ့ကြရတယ်လို့ မိသားစု၀င်တွေနဲ့ ရွာသားတွေက DNA ကို ပြောထားပါတယ်။
စစ်ကောင်စီဟာ ဗျိုင်းဖြူရွာမှ အမျိုးသားတွေကို ဖမ်းဆီး၊ သတ်ဖြတ်၊ ထောင်ဒဏ် ချမှတ်တာတွေ လုပ်နေတဲ့အပြင် အမျိုးသမီးနဲ့ ကလေးငယ်တွေကိုလည်း ရွာမှာ နေခွင့်မပေးဘဲ မြို့တွင်းသို့ ပို့ဆောင်၊ ပိတ်လှောင်ထားပါတယ်။
ဗျိုင်းဖြူရွာအပြင် စစ်တွေမြို့အနီးပတ်လည်မှာရှိတဲ့ လူနေကျေးရွာ တဆယ်ကျော်မှ ပြည်သူတွေဟာလည်း ရွာမှာမနေဖို့၊ စစ်တွေမြို့တွင်းသို့ ရွေ့ပြောင်းကြဖို့ အတင်းအကြပ် စေခိုင်းခံခဲ့ကြရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မြစ်ကြောင်းကမ်းနားတလျှောက်နဲ့ စစ်တွေမြို့ပတ်လည်မှာလည်း မြေမြှပ်မိုင်းတွေ ထောင်၊ ခြံစည်းရိုးကာထားပြီး လူအ၀င်အထွက်အားလုံးကို ပိတ်ထားပါတယ်။
ရခိုင်ပြည်နယ်ရဲ့မြို့နယ်ထက်၀က်ကျော်ကို သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော်(AA)ဟာ စစ်တွေအပါအ၀င် ကျန်မြို့နယ်အားလုံးရှိ စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်သွားမယ်လို့ အကြိမ်ကြိမ်ထုတ်ပြန် အသိပေးထားပြီး စစ်တွေမြို့နယ်အတွင်းမှာလည်း တိုက်ပွဲအချို့ စဖြစ်ပွားနေပြီဖြစ်ပါတယ်။