မြိုင်နယ်သရက်ကန်ရွာက စစ်အုပ်စု နှစ်ပတ်အတွင်းလက်နက်မချရင် တိုက်ခိုက်သိမ်းပိုက်မယ်လို့ သတိပေး

စက်တင်ဘာလ ၊ ၇

မကွေးတိုင်း မြိုင်နယ်မြို့တောင်ပိုင်း သရက်ကန်ပျူစောထီးရွာက စစ်တပ်၊ရဲနဲ့ ပျူစောထီးတွေ နှစ်ပတ်အတွင်း လက်နက်ချဖို့နဲ့ လက်နက်မချရင် တိုက်ခိုက်သိမ်းပိုက်မယ်လို့ ဒေသအခြေစိုက် TYKပြောက်ကျားတပ်ဖွဲ့က သတိ ပေးထုတ်ပြန်လိုက်ပါတယ်။

မြိုင်မြို့နယ်ထဲက လူသိများတဲ့ ပျူစောထီးရွာတွေဖြစ်တဲ့ ကိုင်းတောမ၊ဝက်ပုတ်၊ရွာသစ်စတဲ့ ရွာတွေကို တော် လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် သရက်ကန်ရွာကိုလည်း အလားတူ တိုက်ခိုက် မှာဖြစ်တယ်လို့ ထုတ်ပြန်လာတာပါ။

“မြိုင်နယ်က အကြီးဆုံးပျူရွာထဲက တရွာပါ၊သူနဲ့ကပ်လျက်ပျူရွာက တွင်းမရွာပေါ့၊တွင်းမပျူရွာက သရက်ကန် တောင်ဘက် နှစ်ရွာကျော်မှာလို့” TYK ပြောက်ကျားတပ်ဖွဲ့က ကိုကုလားလေးက DNAကိုပြောပါတယ်။

လက်ရှိသရက်ကန်ရွာမှာ စစ်တပ်၊ရဲနဲ့ ပျူစောထီးအင်အားစုစုပေါင်း ၁၅၀လောက်ရှိနေကာ အရပ်သား သုံးဆယ် ဝန်းကျင်လောက်လည်း ရှိနေတယ်လို့ ဆိုပါတယ်။အဲ့ဒီစစ်အုပ်စုတပ်ဖွဲ့ဝင်တွေ လက်နက်ချဖို့နဲ့ ရွာခံအရပ်သားတွေ ထွက်ခွာလာကြဖို့ TYK ပြောက်ကျားတပ်က မနေ့က သတိပေးစာထုတ်ပြန်တာပါ။

ဒီလိုစာထုတ်ပြန်ပြီးနောက် သရက်ကန်ရွာထဲ နေထိုင်တဲ့ ပြည်သူ ဆယ်ဦးလောက် နေရပ်စွန့်ခွာလာကြတယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေက ရွာကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမပြုမီ စစ်ကောင်စီကိုစွန့်ခွာပြီး လက်နက်ချပူးပေါင်း လာတဲ့ စစ်သား၊ရဲနဲ့ ပျူစောထီးတွေကို ဂျနီဗာကွန်ဗင်းရှင်းဥပဒေအရ အကာအကွယ်ပေးမှာဖြစ်သလို လက်နက် နဲ့တကွ ဘက်ပြောင်းလာသူတွေကိုတော့ ဆုကြေးနှင့်တခြားခံစားခွင့်တွေပါပေးမယ်လို့ TYK ပြောက်ကျားတပ်က ဆိုပါတယ်။

“အဲ့ဒီရွာက ခေတ်အဆက်ဆက်အစိမ်း(ကြံခိုင်ရေး)ရွာဗျ၊ဒါပေမယ့် ၂၀၂၀ရွေးကောက်ပွဲမှာတော့ NLD က မဲငါး ဆယ်ကျော်အသာနဲ့ အနိုင်ရတယ်၊ရှေ့ရွေးကောက်ပွဲတွေကတော့ ကြံဖွတ်ပဲအဆက်ဆက်နိုင်တယ်”လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

သရက်ကန်ကျေးရွာဟာ မြိုင်မြို့တောင်ဘက် ၁၄မိုင်ဝန်းကျင်အကွာ မြိုင်-ကမ္မလမ်းပေါ်မှာရှိပြီး ပုသိမ်-မုံရွာလမ်းမ နဲ့ နှစ်မိုင်လောက်သာဝေးပါတယ်။ပြီးခဲ့တဲ့ ဩဂုတ်လပထမပတ်အတွင်း သရက်ကန်ရွာအနီးတဝိုက်ကဝက်ပုတ် ပျူစောထီးရွာနဲ့ ကိုင်းတောမရဲစခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ဒါ့အပြင် တွင်းမပျူစောထီးရွာကနေ မြိုင်ကပဖစက်ရုံဘက် ခြေလျင်စစ်ကြောင်းထိုးလာပြီး ကိုင်းတောမရွာသစ် ကျေးရွာဘုန်းကြီးကျောင်းမှာ အခြေချနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာလည်း ဩဂုတ် ၁၉ရက်ကနေ ၂၁ရက် အထိ သုံးရက်ဆက်တိုက်ခိုက်ခံရတာကြောင့် အထိနာပြီး သရက်ကန်ရွာဘက်ကို ပြန်ဆုတ်ခွာခဲ့ပါတယ်။

ကိုင်းတောမရွာသစ်တိုက်ပွဲမှာအထိနာပြီး ဆုတ်ခွာသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လက်ရှိအထိ သရက်ကန် ရွာမှာရှိနေဆဲပဲလို့ ဒေသအခြေစိုက် အညာမြေတပ်ပေါင်းစု တပ်ဖွဲ့ တာဝန်ရှိသူတဦးက DNAကိုပြောပါတယ်။

ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းပြန်လည်တင်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်တွေက ရှမ်း မြောက်နဲ့ မန္တလေးတိုင်းအတွင်းကမြို့တွေနဲ့ စစ်ကောင်စီတပ်ရင်းဌာနချုပ်တွေကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တဲ့နောက် စစ်ကိုင်း၊မကွေး အညာဒေသတွေမှာလည်း တပ်ပေါင်းစုထိုးစစ်တွေပြန်လည်အားကောင်းလာနေပါတယ်။

တော်လှန်ရေးတပ်တွေဘက်က အဲ့ဒီလို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေအားကောင်းလာတာကြောင့် ပြီးခဲ့တဲ့လအ တွင်းအညာဒေသတွေမှာ စစ်ကောင်စီစခန်းတွေသိမ်းပိုက်ခံရတာ၊ရဲကင်းနဲ့ ပျူစခန်းနဲ့ စစ်ကောင်စီစခန်းတွေ စွန့် လွှတ်ဆုတ်ခွာသွားတာတွေဆက်တိုက်ရှိနေပြီး မြိုင်နဲ့ ပခုက္ကူက စစ်အုပ်စုစခန်းတချို့ဟာလည်း အလားတူ သိမ်း ပိုက်ခံရတာ၊ဆုတ်ခွာသွားတာတွေရှိနေပါတယ်။

ဒီလို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့ကြုံလာရတဲ့နောက် စစ်ကောင်စီကတော့ အညာဒေသမြို့နယ်တွေမှာပါ တိုက် ပွဲရှိချိန်မှာရော၊တိုက်ပွဲမရှိချိန်မှာပါ လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပြီး မြိုင်မြို့နယ် မြောက် ခြမ်းက လက်ယက်မကျေးရွာကိုတော့ မနေ့က နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပစ်ခတ်လို့ ဒေသခံ ငါးဦး သေဆုံးခဲ့ပါတယ်။