စက်တင်ဘာ၊ ၇
ဩဂုတ်လကုန်ပိုင်း တရက်မှာ ဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ် မနှင်းနှင်းဟာ ထိုင်းနိုင်ငံကို သွားဖို့ ရန်ကုန်လေဆိပ်ကို အရောက်မှာ လုံခြုံရေး အရာရှိတွေရဲ့ ၁၅ မိနစ်လောက် ရစ်နေတဲ့ဒဏ်ကို အတော်လေး စိတ်ပျက်နေခဲ့ပါတယ်။
‘ထိုင်းကို ဘာသွားလုပ်မှာလဲ’၊ ‘ဘာတွေ စီစဉ်ထားသလဲ’၊ ‘အပြန် လေယာဉ်လက်မှတ် ဝယ်ထားသလား’၊ ‘ဟိုတယ် ဘွတ်ကင် လုပ်ထားလား’၊ ‘ငွေဘယ်လောက် ယူသွားလဲ’၊ ‘ထိုင်းကို ပထမဆုံးအကြိမ် သွားမှာလား’၊ ‘ပြန်လာမှာလား’ ဆိုတာတွေက ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ထိုင်းအပါအဝင် နိုင်ငံတချို့ဆီ အကြောင်းကိစ္စ အမျိုးမျိုးနဲ့ ခရီးသွားခဲ့ဖူးတဲ့ မနှင်းနှင်းအတွက်တော့ အတော်ကြီး စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။
‘ကျွန်မ သူတို့ကို မကြောက်ပါဘူး။ ဒါပေမဲ့ တော်တော် စိတ်ရှုပ်ရတယ်။ သူတို့ မေးတာတွေကိုတော့ ကျွန်မ ချက်ကျလက်ကျ သေချာ ပြန်ဖြေခဲ့ပါတယ်’လို့ သူက UCAကို ပြောပါတယ်။
ဒါပေမဲ့ သူဟာ မြန်မာနိုင်ငံကနေ လေကြောင်းခရီးနဲ့ ထွက်ခွာခွင့် မရဘဲ လေဆိပ်မှာ ကျန်နေတဲ့ နောက်ထပ် တော်တော်များများနဲ့ ယှဉ်လိုက်ရင် ကံကောင်းပါတယ်လို့ မနှင်းနှင်းက ဆိုတယ်။ အာဏာသိမ်း စစ်တပ် လက်အောက်ခံ အာဏာပိုင် အဖွဲ့အစည်းတွေဟာ ကျပ်တည်းလှတဲ့ ခရီးသွားလာခွင့် ကန့်သတ်ချက်တွေကို ဆက်လက် ကျင့်သုံးနေဆဲပါ။
‘နောက်ပြီး ကိုယ့်မှာ ဘယ်လောက် ခိုင်မာမှန်ကန်တဲ့ ပတ်စ်ပို့တ်နဲ့ စာရွက်စာတမ်းတွေ ရှိနေစေဦးတော့၊ လေဆိပ်ကနေ ခရီးဆက်ခွင့် ရဖို့ဆိုတာက စစ်ဆေးတဲ့ အရာရှိရဲ့ စိတ်အခြေအနေအပေါ်မှာ မဆီမဆိုင် အများကြီး မူတည်နေသေးတာ’လို့ သူက မှတ်ချက် ပေးခဲ့ပါတယ်။
မနှင်းနှင်းဟာ အဲဒီနေ့က ပညာသင်ကြားခွင့် ဗီဇာနဲ့ ပြည်ပထွက်မယ့် မိန်းကလေးငယ် နှစ်ဦးဟာ လေဆိပ်မှာ အစစ်အဆေး အရမ်းကြမ်းပြီး အညစ်ခံရတဲ့ အကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။
‘သူတို့ရဲ့ စာရွက်စာတမ်းတွေ အကုန်လုံး တရားဝင်တယ်၊ မှန်ကန်တယ်။ ဒါပေမဲ့ သူတို့ ပတ်စ်ပို့တ်ကိစ္စတွေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောမပြနိုင်ခဲ့ကြဘူး။ သူတို့အတွက် ကျွန်မ စိတ်မကောင်း ဖြစ်မိတယ်’လို့ မနှင်းနှင်းက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပတ်စ်ပို့တ် မျိုးကွဲ ၉ ခု ထုတ်ပေးလေ့ရှိတယ်။ ပြည်ပကို အလည်အပတ်သွားဖို့၊ အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ အလုပ်ကိစ္စ၊ ဘာသာရေးစသဖြင့် အကြောင်းအရာတွေအပေါ် မူတည်ပြီး ထုတ်ပေးတဲ့ ပတ်စ်ပို့တ်ကလည်း မတူပါဘူး။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာဏာသိမ်းလိုက်ချိန် ကတည်းက စစ်တပ်ဟာ ပတ်စ်ပို့တ် အခွင့်အရေးတွေနဲ့ ထုတ်ပေးတဲ့ လုပ်ငန်းစဉ်တွေကို ပိုပြီး ကန့်သတ်ပစ်ခဲ့ပါတယ်။
စစ်တပ်ဟာ ပြည်ထဲရေး၊ ရဲတပ်ဖွဲ့၊ လူမှောင်ခိုမှု တိုက်ဖျက်ရေး အာဏာပိုင်တွေ၊ လေကြောင်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေနဲ့ အလုပ်သမား ဝန်ကြီးဌာန တာဝန်ရှိသူတွေ စုပေါင်းထားတဲ့ အထူးအဖွဲ့တွေကို လေဆိပ်တွေမှာ ထားရှိပြီး ပတ်စ်ပို့တ်တွေကို ကန့်သတ်စစ်ဆေးဖို့ တာဝန်ပေးထားကြောင်း သတင်းတွေက ဆိုပါတယ်။
ဩဂုတ် ၁၄ ရက်နေ့မှာတော့ အလည်အပတ် ပတ်စ်ပို့တ် (PV) ကိုင်ဆောင်သူတွေကို သေချာစစ်ဆေးပြီး ပြည်ပကို သွားရောက် လည်ပတ်တာတွေ ကန့်သတ်ဖို့ စီစဉ်ထားကြောင်းနဲ့ အလုပ် ပတ်စ်ပို့တ် (PJ) ကိုင်ဆောင်တဲ့ အသက် ၂၃ နှစ်နဲ့ ၃၂ နှစ်ကြား လူငယ်တွေ ပြည်ပ ထွက်ခွာခွင့် တားမြစ်မယ့် အကြောင်းတွေ ကြေညာခဲ့ပါတယ်။
ဘာသာရေး ခရီးစဉ် တခုအတွက် တခြား ကမ္ဘာလှည့် ခရီးသည် အဖွဲ့တခုနဲ့အတူ အိန္ဒိယကို သွားရောက်ဖို့ ရည်ရွယ်ထားတဲ့ အသက် ၂၃ နှစ်အရွယ် ကိုကောင်းခန့်ကတော့ သူ့ကို အိန္ဒိယသွားခွင့် မပေးတာမျိုး ကြုံလာမှာ စိုးရိမ်မိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ‘ကျွန်တော်က PV ကိုင်ထားတာ။ အခုတော့ အတော်လေး လန့်နေတယ်’လို့ သူက ဆိုပါတယ်။
စစ်တပ်ဟာ ဖေဖော်ဝါရီလမှာ စစ်မှုထမ်း ဥပဒေကို အသက်သွင်းခဲ့ပြီး အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား အမျိုးသားတွေ၊ အသက် ၁၈ နှစ်နဲ့ ၂၇ နှစ်ကြား အမျိုးသမီးတွေဟာ ၃ နှစ်ကနေ ၅ နှစ်ထိ မဖြစ်မနေ စစ်မှုထမ်းရမယ်လို့ ကြေညာခဲ့ပါတယ်။
စစ်တပ်ဟာ နိုင်ငံတဝန်းမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ (EAO)တွေနဲ့ အာဏာသိမ်းပြီး နောက်ပိုင်းမှ ပေါ်ထွက်လာတဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)လို တော်လှန်ရေး အင်အားစုတွေကို ရင်ဆိုင်တိုက်ခိုက်ရင်း မရှုမလှ အရှုံးတွေ ကြုံနေရတာကြောင့် လူအင်အား ပြန်ဖြည့်ဖို့အတွက် စစ်မှု မထမ်းမနေရ စနစ်ကို အသည်းအသန် ကျင့်သုံးလာတာ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
အသက် ၄၁ နှစ်အရွယ် သင်္ဘောသား တဦးဖြစ်တဲ့ ကိုမိုးကျော်ဟာ လောလောလတ်လတ် ဘန်ကောက်ကို အလည်အပတ် သွားရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်အတွက် သူဟာ ရေကြောင်း ကွပ်ကဲရေးဌာနဆီကနေ သီးခြားထောက်ခံပေးတဲ့ စာတစောင်ကို တင်ပြခဲ့ရတယ်လို့ ကိုမျိုးကျော်က ဆိုပါတယ်။
‘ကျွန်တော်ကတော့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အကုန် အစုံအလင် ရခဲ့တယ်။ လေဆိပ်မှာ ချာတိတ်တွေ အများကြီးကို လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေက တန်းစီခိုင်းပြီး စစ်ဆေး မေးမြန်းနေတာ တွေ့ခဲ့တယ်’လို့ သူက ပြောပြပါတယ်။
အဲဒီ စစ်ဆေးမှုကို မကျော်ဖြတ်နိုင်ဘဲ အိမ်ပြန်ရတဲ့ လူငယ်တွေဟာ လေယာဉ်လက်မှတ်ဖိုး ဆုံးပြီး ငွေကြေးအရ အများကြီး နစ်နာမယ့် သဘောပါပဲ။ ‘ဒီတော့ နိုင်ငံခြား သွားချင်ရင် ဆိုင်ရာပိုင်ရာတွေကို လာဘ်ထိုးဖို့ ဂွင်တွေလည်း ရှိလာတော့တာပေါ့’လို့ သူက ထောက်ပြခဲ့ပါတယ်။
ဒါတင် မကသေးဘဲ နိုင်ငံခြားကနေ ပြန်လာသူတွေကလည်း လေဆိပ်မှာ အမျိုးမျိုးသော မေးခွန်းတွေနဲ့ စစ်ဆေးတာတွေ ကြုံရပြန်ပါတယ်။
‘ကျွန်တော့်ကို လေဆိပ်က အရာရှိတွေက လက်ဖက်ရည်ဖိုး တောင်းတယ်။ သူတို့ စိတ်ကြည်နေတဲ့ အချိန်ဆိုရင်တော့ မေးခွန်းတွေ များများ မမေးကြဘူး’လို့ ကိုမိုးကျော်က ပြောပါတယ်။
စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံ အနှံ့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ လူငယ်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ဂျာနယ်လစ်တွေ၊ အရပ်သား အစိုးရကို ဦးဆောင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ကို ထောက်ခံတဲ့ ပြည်သူတွေ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)ကို ချိတ်ဆက်ခဲ့တဲ့ အစိုးရ ဝန်ထမ်းတွေ ထောင်သောင်းချီ ရှိခဲ့ကြပါတယ်။
အဲဒီ ပုဂ္ဂိုလ်တွေကို စစ်တပ်က အောက်တန်းကျကျနဲ့ အငြှိုးထားပြီး လက်တုံ့ပြန်ခဲ့ပါတယ်။ CDMမှာ ပါဝင်သူတွေ၊ ဆန္ဒပြသူတွေ၊ အတိုက်အခံတွေကို ပြည်တွင်းပြည်ပ ခရီးသွားခွင့် မှန်သမျှ ပိတ်ပင်ပြီး ပတ်စ်ပို့တ်တွေကိုပါ ပယ်ဖျက်ပစ်ခဲ့ပါတယ်။
အသက် ၃၃ နှစ် ရှိပြီဖြစ်ပြီး CDMမှာ ပူးပေါင်း ပါဝင်ခဲ့တဲ့ အစိုးရ ဝန်ထမ်းဟောင်း မခိုင်ဝေဦးဟာ ထိုင်းနိုင်ငံမှာ တရားမဝင် ရောက်ရှိ ခိုလှုံနေရတာ အခုဆိုရင် ၂ နှစ်လောက် ကြာမြင့်ခဲ့ပါပြီ။
‘ကျွန်မရဲ့ ပတ်စ်ပို့တ်က ဖျက်သိမ်းတာ ခံလိုက်ရပြီ။ ကျွန်မ မြန်မာနိုင်ငံဆီ ပြန်လို့လည်း မရတော့ဘူး။ ထိုင်းမှာတော့ ကျွန်မက CI (Certificate of Identities) စာရွက်စာတမ်းတွေ ရထားတဲ့အတွက် အဆင်တော့ ပြောပါတယ်။ CIက ရွှေ့ပြောင်း လုပ်သားတွေအတွက် နေထိုင်ခွင့် ပါမစ် ထုတ်ပေးထားတာမျိုးပါ’လို့ သူက UCAကို ပြောပြခဲ့ပါတယ်။
လတ်တလောမှာတော့ လူတော်တော်များများ၊ အထူးသဖြင့် စင်ကာပူ၊ မလေးရှားနဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ အလုပ်ကိစ္စ၊ ပညာသင်ဖို့၊ အလည်အပတ်စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ သွားရောက်ချင်တဲ့ လူငယ်တွေဟာ ရန်ကုန်လေဆိပ်ကနေ လှည့်ပြန်နေကြရတယ်လို့ အကြောင်းသိ သတင်းရင်းမြစ်တွေက အတည်ပြုခဲ့ကြပါတယ်။
(UCA News၏ Dismay in Myanmar over junta’s travel restrictions ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)