စက်တင်ဘာ၊ ၆
မြန်မာနိုင်ငံသား တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူ တဒါဇင်ကျော်ဟာ မလေးရှားကိုအသွား ထိုင်းနိုင်ငံ ပိုင်နက်ထဲမှာ ကြားဖြတ် ဖမ်းဆီးတာ ခံလိုက်ရကြောင်း သိရပါတယ်။
ထိုင်းရဲတပ်ဖွဲ့က နိုင်ငံတောင်ပိုင်း နယ်စပ်မှာရှိတဲ့ ရတ္တာဖောင်မှာ စက်တင်ဘာ ၅ ရက်နေ့တုန်းက မြန်မာနိုင်ငံသား ၁၅ ယောက်နဲ့ ထိုင်းယာဉ်မောင်း ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
အဝေးပြေးလမ်း လုံခြုံရေး ရဲအရာရှိတွေနဲ့ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေ ပူးပေါင်းပြီး စစ်ဆေးရေးဂိတ် တခုမှာ သံယသ ရှိလောက်စရာ ဗင်ကားတစီးကို ကြားဖြတ် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အဖမ်းခံရတဲ့ မြန်မာတွေဟာ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၃ ဦးဖြစ်ပြီး သူတို့ထဲက ကလေး ၁ ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ မြန်မာ ၁၅ ဦးဟာ ထိုင်းနယ်စပ်ကို တရားမဝင် ဖြတ်ကျော်လာပြီး မလေးရှားထိ ခရီးဆက်ဖို့ ရည်ရွယ်ထားတာလို့ ရဲတွေက ပြောပါတယ်။
သူတို့ကို လိုက်ပါပို့ဆောင်လို့ အဖမ်းခံရတဲ့ ထိုင်းနိုင်ငံသားကတော့ အသက် ၅၅ နှစ်အရွယ် ဆွမ်ဆက်ခ်ဆိုသူ ဖြစ်တယ်လို့ ရဲတွေက ဖော်ပြပြီး နာမည်အပြည့်အစုံကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။
မလေးရှားထိ တရားမဝင် ရွှေ့ပြောင်းသွားရောက်မယ့် မြန်မာနိုင်ငံသားတွေဟာ ထိုင်းတောင်ပိုင်း ဒေသတွေကို တရားမဝင် ဖြတ်ကျော် ကူးသန်းလေ့ ရှိတယ်ဆိုတာ သတင်းရထားကြောင်း ရဲတွေက ဆိုပါတယ်။
ကနဦး စစ်ဆေးမှုတွေအရ အဲဒီ မြန်မာတွေဟာ တက်ခ်ဒေသမှာရှိတဲ့ တောလမ်း တနေရာကနေ ထိုင်းဖက်ကို ဖြတ်ဝင်လာတာလို့ ထွက်ဆိုခဲ့ကြောင်း သိရပါတယ်။ သူတို့တွေဟာ မလေးရှားမှာ အလုပ်အကိုင် ရရှိစေမယ်ဆိုတဲ့ အာမခံချက်နဲ့အတူ ပွဲစားတွေကို ကျပ်ငွေ သိန်း ၅၀ စီ ပေးခဲ့ရတယ်လို့လည်း ပြောပြခဲ့ပါတယ်။
အခုတော့ မြန်မာ ၁၅ ဦးရော၊ ထိုင်းယာဉ်မောင်းကိုပါ ရတ္တာပေါင် ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ဥပဒေကြောင်းအရ အရေးယူမှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေသလို ဗင်ကားကိုလည်း သိမ်းယူထားတယ်လို့ သိရပါတယ်။
တရားမဝင် ရွှေ့ပြောင်းသူတွေကို ခေါ်ယူမှုနဲ့ ဆက်စပ်နိုင်တဲ့ နောက်ထပ် ကြံရာပါတွေကိုလည်း ဖော်ထုတ် ဖမ်းဆီးနိုင်အောင် ဆက်လက် စုံစမ်းနေတယ်လို့ ရဲတွေက ထုတ်ပြန်ထားပါတယ်။
Ref: Bangkok Post