စစ်တပ်အားပေး ပါတီနဲ့ လက်တွဲဖြုတ်ခဲ့တဲ့ ထိုင်းညွန့်ပေါင်း အစိုးရသစ်ကို အတည်ပြုဖွဲ့စည်း

စက်တင်ဘာ၊ ၅

စစ်တပ်အားပေး ပါတီတခုကို လက်တွဲဖြုတ်လိုက်တဲ့ ညွန့်ပေါင်း အစိုးရသစ်ကို ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှီနာဝပ်ထရာက အတည်ပြု ရွေးချယ်ခဲ့ပါတယ်။

ဒါဟာ စစ်တပ်နဲ့ ဆက်နွှယ်နေပြီး ထိုင်းနိုင်ငံရေး နယ်ပယ်မှာ ဩဇာညောင်းတဲ့ ပါလန်ပရာချာရတ်သ်ပါတီ (PPRP)ဟာ ၂၀၁၉ နောက်ပိုင်း ထိုင်းညွန့်ပေါင်းအစိုးရ အဆက်ဆက်ထဲမှာ ပထမဆုံးအကြိမ် ဖယ်ထုတ် ခံလိုက်ရခြင်းလည်း ဖြစ်လာပါတယ်။

ဖဲထောင်းထန်း မတိုင်ခင်က ထိုင်းညွန့်ပေါင်း အစိုးရကို ဦးဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ဆရက်သာ သာဗီဆန် လက်ထက်တုန်းကတော့ PPRPနဲ့ ပူးပေါင်းထားခဲ့ပါတယ်။ ဆရက်သာဟာ ကျင့်ဝတ်စည်းမျဉ်းဆိုင်ရာ ချိုးဖောက်မှုတွေနဲ့ စွပ်စွဲခံရပြီး ထိုင်းဖွဲ့စည်းပုံ ဥပဒေ ခုံရုံးက ရာထူးကနေ ဖယ်ရှားလိုက်တာ ခံခဲ့ရပြီးတဲ့ နောက်မှာတော့ ဖျူထိုင်းပါတီ (PTP)ရဲ့ အကြီးအကဲဖြစ်ပြီး၊ အသက် ၃၈ နှစ်သာ ရှိသေးတဲ့ ဖဲထောင်းထန်းကို ညွန့်ပေါင်း အစိုးရက ဝန်ကြီးချုပ်အဖြစ် လွှတ်တော်မှာ မဲပေး တင်မြှောက်ခဲ့ပါတယ်။

ဖဲထောင်းထန်း လက်ထက်မှာတော့ ညွန့်ပေါင်း အစိုးရသစ်ဟာ PPRPနဲ့ ဆက်မပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ပြီး တခြား နိုင်ငံရေး အင်အားစုတွေနဲ့ ညှိနှိုင်း ပူးပေါင်းခဲ့ပါတယ်။

စက်တင်ဘာ ၄ ရက်နေ့မှာတော့ ထိုင်းဘုရင် မဟာ ဗဂျီရာလောင်ကွန်းဟာ ဖဲထောင်းထန်း ဦးဆောင်တဲ့ ထိုင်းအစိုးရသစ်ကို တရားဝင် အသိအမှတ်ပြု တာဝန်အပ်နှင်းခဲ့ပါတယ်။ ဖဲထောင်းထန်းဟာ သူ့အစိုးရသစ်ရဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး လာမယ့် သီတင်းပတ်ကျရင် လွှတ်တော်မှာ အဆိုပြု တင်ပြသွားဖွယ် ရှိနေပါတယ်။

ဖဲထောင်းထန်းဟာ ဖခင်ဖြစ်သူ သက်ဆင် ရှီနာဝပ်ထရာနဲ့ အဒေါ်ဖြစ်တဲ့ ယင်လက်ခ် ရှီနာဝပ်ထရာတို့နောက် ရှီနာဝပ်ထရာ မျိုးဆက်ထဲမှာ တတိယမြောက် ထိုင်းဝန်ကြီးချုပ်နေရာ ဆက်ခံသူ ဖြစ်လာခဲ့ပါတယ်။ သူ့ဖခင်နဲ့ အဒေါ်တို့ရဲ့ ဝန်ကြီးချုပ် သက်တမ်းတွေဟာ စစ်တပ် အာဏာသိမ်းမှုတွေနဲ့ မလှမပ အဆုံးသတ်ခဲ့ပေမယ့် ဖဲထောင်းထန်းကတော့ သူ့လက်ထက်မှာ အဲဒီလို သမိုင်းတပတ်လည်မှုမျိုးကို ရှောင်လွှဲနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားထားပါတယ်။

Ref: CNA