ရုရှားစပိုင်လို့ လူသိများတဲ့ ဝေလငါး သေဆုံးသွားကြောင်း နော်ဝေးအတည်ပြု

စက်တင်ဘာ၊ ၂

ရုရှားစပိုင်အဖြစ် စွပ်စွဲခံရတဲ့ ဝေလငါး တကောင်ကို နော်ဝေးကမ်းလွန် တနေရာမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့ပါတယ်။ 

ဟာဗယ်လ်ဒီမာလို့ ချစ်စနိုး နာမည်ပေးထားတဲ့ ဘီလူဂါ ဝေလငါးရဲ့ အသက်ကင်းမဲ့နေတဲ့ ခန္ဓာကိုယ်ကို နော်ဝေး အနောက်တောင်ပိုင်း ရီဆာဗီကာမြို့ ကမ်းလွန်မှာ ပေါလောမျောနေတာကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ တွေ့ခဲ့ပါတယ်။ အခုတော့ ဝေလငါး အသေကောင်ကို အနီးဆုံး မြို့တခုဆီ ပို့ဆောင်ပြီး သေမှုသေခင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီ ဝေလငါးကို နော်ဝေးတဝိုက် ရေပြင်မှာ လွန်ခဲ့တဲ့ ၅ နှစ်က ပထမဆုံးအကြိမ် ရှာတွေ့ခဲ့ပါတယ်။ ဟာဗယ်လ်ဒီမာရဲ့ ခန္ဓာကိုယ်မှာ GoPro ကင်မရာ တလုံးကို တပ်ဆင်ထားပြီး ရုရှားရဲ့ စိန့်ပီတာစဘက်ဂ်မြို့မှာ ထုတ်လုပ်တယ်ဆိုတဲ့ စာတန်းကိုလည်း ရေးသားထားတာ တွေ့ရပါတယ်။

ဒီဖြစ်စဉ်ကို အကြောင်းပြုပြီး ဟာဗယ်လ်ဒီမာဟာ ရုရှားက စေလွှတ်ထားတဲ့ စပိုင်ဝေလငါး တကောင်အဖြစ် ထင်ကြေးပေး ခံရပြီး လူသိများလာခဲ့ပါတယ်။ အရင်ကတည်းက ရုရှားဟာ လင်းပိုင်နဲ့ ဝေလငါးတွေကို စပိုင်အဖြစ် လေ့ကျင့်ပေးပြီး အသုံးချနေနိုင်ကြောင်း ထင်ကြေးတွေ ရှိခဲ့ဖူးပါတယ်။ အဲဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ရုရှားဟာ ဘယ်တုန်းကမှ မှတ်ချက်ပေး တုံ့ပြန်တာမျိုး မရှိခဲ့ပါဘူး။

ဟာဗယ်လ်ဒီမာရဲ့ သက်မဲ့ခန္ဓာကိုတော့ သူ့ရဲ့ လှုပ်ရှားသွားလာမှုတွေကို နှစ်တွေနဲ့ချီ စောင့်ကြည့် လေ့လာနေတဲ့ အဖွဲ့အစည်း တခုက ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ ဟာဗယ်လ်ဒီမာဟာ အသက် ၁၅ နှစ် ဝန်းကျင်သာ ရှိသေးပြီး ပျမ်းမျှသက်တမ်း နှစ် ၆၀ လောက် ရှည်လျားတဲ့ ဘီလူဂါ ဝေလငါး တကောင်အတွက် ငယ်ရွယ်သေးတယ်လို့ ဆိုနိုင်ပါတယ်။

၂၀၁၉ ခုနှစ်၊ ဧပြီလမှာ ကင်မရာနဲ့အတူ သူ့ကို ပထမဆုံးအကြိမ် ရှာတွေ့ခဲ့တဲ့နောက် နော်ဝေး ပြည်တွင်းထောက်လှမ်းရေး အေဂျင်စီဟာ ရုရှားရဲ့ စပိုင် ဝေလငါးတွေ၊ လင်းပိုင်တွေ လှုပ်ရှားနိုင်ခြေတွေအပေါ် ပိုမို အာရုံစိုက်ခဲ့ပါတယ်။

ဟာဗယ်လ်ဒီမာဆိုတဲ့ နာမည်ကတော့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ဗလာဒီမာဆိုတဲ့ နာမည်နဲ့ နော်ဝေးဘာသာအရ ဝေလငါးဆိုတဲ့ စကားလုံးကို ပေါင်းစပ်ပြီး မှည့်ခေါ်ထားတာလို့ သိရပါတယ်။  

Ref: BBC