ဩဂုတ် ၊ ၃၀
စံချိန်မီ ရွှေစင်၊ရွှေတုံး၊ရွှေချောင်း၊ရွှေဒင်္ဂါးနဲ့ ရွှေထည်လက်ဝတ်ရတနာတွေရောင်းချမှုနဲ့ တင်သွင်းမှုတွေအတွက် ကုန်သွယ်လုပ်ငန်းခွန်အဖြစ် သုံးရာခိုင်နှုန်းပေးဆောင်စေဖို့ စစ်ကောင်စီက ၂၀၂၄ အခွန်အကောက်ဥပဒေမှာ ပြင်ဆင်ပြဌာန်းလိုက်ပါတယ်။
ဒါကြောင့် အရင်က ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပေးထားတဲ့ စံချိန်မီ ရွှေစင်၊ရွှေတုံး၊ရွှေချောင်း၊ရွှေဒင်္ဂါး ရောင်းချ၊တင်သွင်းမှုတွေအတွက် သုံးရာခိုင်နှုန်း အခွန်ပေးဆောင်ရတော့မှာဖြစ်သလို အရင်က တစ်ရာခိုင်နှုန်းသာ ကုန်သွယ်လုပ်ငန်းခွန်ဆောင်ရတဲ့ ရွှေထည်လက်ဝတ်ရတနာတွေအတွက် အခွန်လည်း တိုးမြင့်လာတဲ့သဘော ဖြစ် ပါတယ်။
စစ်ကောင်စီကအခုလို ပြင်ဆင်သတ်မှတ်လိုက်တာကြောင့် မူလကတည်းက တည်ငြိမ်မှုအားနည်းနေတဲ့ ရွှေအ ရောင်းအဝယ်ဈေးကွက်အတွင်း ရိုက်ခတ်မှုတွေရှိလာနိုင်တယ်လို့ ရွှေကုန်သည်တချို့က ပြောပါတယ်။
“တရားဝင်ဆိုင်ဖွင့်ထားတဲ့ သူတွေအတွက် ပိုပြီး ဒုက္ခရောက်တာပေါ့၊သူတို့ရောက်တာထက် ဝယ်သူတွေက ပို ရောက်သွားတယ်ရော၊ဝယ်သူဆီက ပိုကောက်တာတော့ ဖြစ်လာနိုင်တယ်၊အခုလည်း သူတို့က သတ်မှတ်တဲ့ဈေး အတိုင်းရောင်းနေကြတာမဟုတ်ဘူးလေ”လို့ ရန်ကုန်မြို့က ရွှေကုန်သည်တဦးက သူ့အမြင်ကိုပြောပါတယ်။
လာမယ့် ၂၀၂၅ခုနှစ် မတ်လ ၃၁ရက်အထိ အကျိုးသက်ရောက်မှုရှိမယ့် ၂၀၂၄ ခုနှစ် အခွန်အကောက်ဥပဒေကို စစ် ကောင်စီက ဩဂုတ် ၂၈ရက်စွဲနဲ့ ပြင်ဆင်ပြဌာန်းလိုက်တာဖြစ်ပါတယ်။
“ရွှေစင်၊ရွှေတုံးများ(စံချိန်မီ ရွှေချောင်း၊ရွှေတုံး၊ရွှေဒင်္ဂါးများ)နှင့် ရွှေထည်လက်ဝတ်ရတနာများ ရောင်းချခြင်းမှ ရောင်းရငွေအပေါ်တွင်လည်းကောင်း၊ပြည်ပမှတင်သွင်းခြင်းအတွက်ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင်လည်း ကောင်းသုံးရာခိုင်နှုန်းဖြင့်ကုန်သွယ်လုပ်ငန်းခွနန်ကျသင့်စေရမည်”လို့ အဲ့ဒီပြင်ဆင်ချက်မှာဖော်ပြထားပါတယ်။
အဲ့ဒီလိုပေးဆောင်ရာမှာ ရွှေစင်၊ရွှေတုံး၊ရွှေထည်လက်ဝတ်ရတနာတွေကို ပြည်တွင်းမှာ ဝယ်ယူချိန်ဒါမှမဟုတ် ပြည်ပကနေတင်သွင်းခဲ့ချိန်မှာ ပေးဆောင်ခဲ့ရတဲ့ အခွန်ကိုတော့ ပြည်တွင်းမှာပြန်ရောင်းချတဲ့အခါ ဒါမှမဟုတ် ပြည်ပကိုတင်ပို့ချိန်တွေမှာ ခုနှိမ်ခွင့်မရှိဘူးလို့လည်း ပါရှိပါတယ်။
အာဏာသိမ်းပြီးနောက် အထွေထွေ ကုန်ဈေးနှုန်းမြင့်တက်မှု၊ကျပ်ငွေတန်ဖိုးကျဆင်းမှုတွေ ဆက်တိုက်ဖြစ်လာတဲ့ နောက် ပြည်တွင်းရွှေဈေးဟာလည်း တည်ငြိမ်မှုမရှိဘဲစံချိန်တင်မြင့်တက်မှုတွေနဲ့ကြုံနေရကာ စစ်ကောင်စီက တော့ မသမာတဲ့ ဈေးကစားမှုတွေကြောင့်လိုဆိုကာ ရွှေလုပ်ငန်းရှင်တွေကိုဖမ်းဆီးတာ၊ ခြိမ်းခြောက်သတိ ပေး တာတွေလုပ်နေပါတယ်။
အလားတူ ၂ ပြည်တွင်းမတည်ငြိမ်မှုတွေနဲ့ နိုင်ငံတကာပိတ်ဆို့မှုတွေကိုရင်ဆိုင်နေရတဲ့အပြင် နိုင်ငံတဝန်းဒေသ အနှံ့ တော်လှန်ရေးအင်အားစုတွေရဲ့ တော်လှန်တိုက်ခိုက်မှုတွေကိုလည်းတုံ့ပြန်နေရတဲ့ စစ်ကောင်စီ ဟာ စစ်စ ရိတ်ကာမိဖို့ ကဏ္ဍအသီးသီးကနေ အခွန်အခတွေ တိုးကောက်နေတယ်လို့ ဝေဖန်ခံနေရပါတယ်။
စစ်ကောင်စီဟာ လာမယ့် စက်တင်ဘာလဆန်းကစလို့ အိမ်သုံးမီတာခတွေနဲ့ လုပ်ငန်းသုံးမီတာခတွေကိုလည်း နှစ်ဆခွဲကနေ သုံးဆလောက်နီးပါးအထိ တိုးမြှင့်ကောက်ခံမယ်လို့ ဒီကနေ့မှာပဲ ကြေညာထားပါသေးတယ်။