ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့နယ်မှာ တိုက်ပွဲစဖြစ်

ဩဂုတ်၊ ၃၀

ဒေသကွပ်ကဲစစ်ဌာနချုပ်(ဒကစ)အခြေစိုက် စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(AA)တို့ မနေ့က ညနေပိုင်းမှာ တိုက်ပွဲစဖြစ်ခဲ့ကြပြီး အခုထိ တိုက်ပွဲဆက်ရှိနေတယ်လို့ နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့နဲ့ ငါးမိုင်၀န်းကျင်အကွာ ဝါဘိုကျွန်း၊ မင်းလှရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီဇက်ရေယာဉ်နဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြတာလို့ ဆိုပါတယ်။

“မင်းလှ(ရွာ)ဖက်ကို ဇက်နဲ့ တက်ဖို့လုပ်တာမှာ ကိုယ့်ဖက်(AA)က တိုက်တာ၊ ခွေး(စစ်ကောင်စီတပ်သား)တွေ သေတာမနည်းဘူး၊ ပြီးရင် သူတို့(စစ်ကောင် စီတပ်) ပြန်ဆုတ်သွားတယ်”လို့ AA နဲ့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။

တိုက်ပွဲဟာ မနေ့က ဩဂုတ်လ ၂၉ ရက် ညနေပိုင်း သုံးနာရီ၀န်းကျင်လောက်မှာ စဖြစ်ခဲ့တာဖြစ်ပြီး ည ကိုးနာရီ၀န်းကျင် ထိ ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ စစ်တွေဒေသခံနောက်တဦးက ပြောပါတယ်။

အဲဒီတိုက်ပွဲဖြစ်တဲ့နေရာဟာ စစ်ကောင် စီရဲ့ ရေတပ်အထိုင်ချထားတဲ့ ရွှေမင်းဂံ (ချောင်းနွယ်)ရွာနဲ့ နှစ်မိုင်နီးပါးအကွာမှာ တည်ရှိပြီး အဲဒီရေတပ်ကနေ ထွက်ခွာလာတဲ့ ဇက်ရေယာဉ်နဲ့ အပြန်အလှန် ပစ်မှုဖြစ်ခဲ့ကြတာလို့ ဆိုပါတယ်။

“ကိုယ့်ဖက်က (ရွှေမင်းဂံ)ရေတပ်ထဲကိုလည်း ရှော့တိုက်တွေနဲ့ လှမ်းပစ်တယ်၊ တိုက်ပွဲက အခုလည်းဖြစ်နေတယ်”ဒေသခံသတင်းရင်းမြစ်က ဒီနေ့ မနက် ၁၁ နာရီ ၀နျးကငြျမှာ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မင်းလှရွာအနီး၀န်းကျင်တွေကို မနေ့ညမှာ လေကြောင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

ဒါ့အပြင် စစ်တွေမြို့နယ်ရဲ့ တဖက်ကမ်း၊ ကုလားတန်မြစ် အရှေ့ဖက်ခြမ်းရှိ ပေါက်တောမြို့နယ်ကျေးရွာတွေကိုလည်း လက်နက်ကြီးပစ်ခတ်မှုတွေရှိခဲ့ပြီး မနေ့ညက ပေါက်တောမြိုနယ် ကြိမ်ခွေမော်(ပိုက်ဆိပ်)ရွာသို့ ကျရောက် ပေါက်ကွဲကာ အရပ်သားနှစ်ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

AAကရခိုင်မြောက်ပိုင်းမှာ မြို့တော်စစ်တွေနဲ့ မောင်တောကလွဲရင် ကျန်မြို့နယ်အားလုံးကိုသိမ်းပိုက်ထားတာပါ။ အခုအခါမှာတော့ မောင်တောကိုသိမ်းပိုက်နိုင်ဖို့လက်တကမ်းသာလိုတောပြီး မြို့တော်စစ်တွေမှာလည်းတိုက်ပွဲစတင်ဖြစ်ပွားလာတာဖြစ်ပါတယ်။

“အရင်ကတော့ အဝေးကနေလက်နက် ကြီးတွေနဲ့ပဲ လှမ်းချနေကြတာ၊ အခုမြေပြင်ဖြစ်နေပြီဆိုတော့ စစ်တွေလည်း အပြင်းအထန် စတော့မယ်ထင်တာပဲ” လို့ စစ်ရေးလေ့လာသူ ရခိုင်ဒေသခံတဦးက ပြောပါတယ်။