တိုက်ပွဲတွေရပ်ဖို့ တရုတ်က သတိပေးအကြောင်းကြားလာကြောင်း TNLA အတည်ပြု

Photo -TNLA

သြဂုတ် ၃၀ 

ရှမ်းမြောက်နဲ့ တရုတ်-မြန်မာ နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ချက်ချင်းရပ်တန့်ဖို့ တရုတ်ဘက်က သတိပေးအ ကြောင်းကြားလာတာ မှန်ကန်ကြောင်း TNLA ပြောခွင့်ရ လွေးယေဦးက DNA ကို အတည်ပြုပြော ကြားပါ တယ်။ 

“မှန်ပါတယ် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့ ဗဟိုကော်မတီက ဆွေးနွေးနေပါတယ်” လို့ လွေးယေဦးက ပြောပါ တယ်။ဒါပေမယ့် အဲ့ဒီစာပေးပို့မှုနဲ့ပတ်သက်ပြီး လတ်တလော မှတ်ချက်ပေးဖို့တော့မရှိသေးဘူးလို့လည်း သူက ပြောပါတယ်။

တရုတ်နိုင်ငံ၊ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီက TNLA ထံ သြဂုတ်လ ၂၉ ရက်နဲ့ အကြောင်းကြား စာ ပေးပို့ထားတာဖြစ်ပြီး TNLA အနေနဲ့ တရုတ်နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ တရုတ်နိုင်ငံသားတွေရဲ့ အသက်၊ ပစ္စည်းဥစ္စာ လုံခြုံရေးအတွက် အန္တရာယ်ရှိတဲ့ စစ်ရေးအပြုအမူတွေကို ပပျောက်အောင် ဆောင်ရွက်ရမယ်လို့ ဆိုထားပါတယ်။

“သို့မဟုတ်ပါက တရုတ်ဘက်သည် ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမိုလုပ်ဆောင်မည် ဖြစ်ပြီး ဖြစ်ပေါ်သည့် အကျိုးဆက်များအားလုံးကို သင်တို့ကိုယ်တိုင်တာဝန်ယူရမည်ဖြစ်သည်” လို့လည်း အကြောင်းကြားစာထဲမှာ သတိပေးရေးသားထားပါတယ်။ 

တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီဘက်ခြမ်းမှာ တရုတ်စစ်တပ်ရဲ့ ကြည်းတပ်နဲ့ လေတပ် ပူးပေါင်းပါဝင်တဲ့ သုံးရက်တာ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးခါနီးမှာပဲ အခုလို သတိပေးအကြောင်းကြားလာခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်မှာ တကျော့ပြန်စတင်လာတဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA အပါအဝင် မဟာမိတ် တပ်တွေက ရှမ်းမြောက်မှာ နောင်ချို၊ လားရှိုး၊ မိုးမိတ်နဲ့ မန္တလေးတိုင်းထဲက မြို့တချို့ကို သိမ်းပိုက်ရရှိထားသလို လက်ရှိအချိန်ထိလည်း နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။ 

တရုတ်ဘက်ကတော့ သူတို့အနေနဲ့ မြန်မာပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေအတွက် အပြုသဘော ဆောင်တဲ့ ကဏ္ဍကနေပါဝင်မှာဖြစ်ပြီး တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားရရှိရေး၊ ကျန်းမာစွာနေထိုင်နိုင်ရေး အကောင်ထည်ဖော်မှုတွေအတွက် TNLA ကို ကူညီမယ်လို့ ဆိုထားပါတယ်။ 

“အခြေအနေကို ရှင်းရှင်းလင်းလင်းနားလည်ပြီး တရုတ်နိုင်ငံနှင့်အတူ ငြိမ်းချမ်းရေးမြှင့်တင်ရန် ကြိုးပမ်း ဆောင်ရွက်ကာ ကွဲလွဲမှုများကို ညှိနှိုင်းဖြေရှင်းရန်အတွက် မှန်ကန်သောလမ်းကြောင်းသို့ အမြန်ဆုံးပြန် လာ မည်ဟု မျှော်လင့်ပါသည်” လို့လည်း တရုတ်ဘက်က ပေးပို့လာတဲ့ အကြောင်းကြာစာထဲမှာ ဆိုထားပါတယ်။ 

တရုတ်အစိုးရအနေနဲ့ အခုတကြိမ်မတိုင်ခင် အရင်ကလည်း တိုက်ပွဲတွေရပ်တန့်ဖို့ ဖိအားမှုတွေ ရှိနေတယ်လို့ TNLA ခေါင်းဆောင်ပိုင်းက ထုတ်ပြောထားဖူးပါတယ်။အခုတကြိမ် စာပေးပို့ရာမှာ ရှမ်းမြောက်က တခြား မဟာ မိတ်တပ်ဖွဲ့တွေကိုပါ ပေးပို့ထားတာလားဆိုတာတော့ မသိရသေးပါဘူး။

တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးရာဝန်ကြီး မစ္စတာ ဝမ်ယိကတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ကပဲ နေပြည်တော် ရောက်လာခဲ့ပြီး လက်ရှိစစ်ခေါင်းဆောင်အပြင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) သန်းရွှေနဲ့လည်း တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ မှာ စတင်ခဲ့တဲ့ TNLA၊ MNDAA၊ AA ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်မြန်မာနယ်စပ်နဲ့ တအာင်းဒေသက မြို့ပေါင်း ၁၇မြို့ကိုသိမ်းပိုက်ပြီးချိန်တရုတ် အစိုးရရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ညမှာ ယာယီအပစ်ရပ်ခဲ့ တာဖြစ်ပါ တယ်။

လက်ရှိ တိုက်ပွဲတွေအတွင်းမှာတော့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)အပါအဝင် လားရှိုးမြို့၊ကျောက်မဲ၊နောင်ချို၊မိုးကုတ်၊မိုးမိတ်တို့ကိုသိမ်းပိုက်ထားသလို သီပေါ မြို့မှာလည်း တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်တက္ကသိုလ်တွေအခြေစိုက်ရာ ပြင်ဦးလွင်မြို့ကိုစစ်ရေးအရ ခြိမ်းခြောက်နိုင်ပြီး ရှမ်း မြောက်နဲ့ ရှမ်းတောင်အစပ် ဗျူဟာကျတဲ့နေရာမှာရှိနေတဲ့ တောင်ခမ်းတပ်နယ်အခြေစိုက် စစ်စခန်းတွေ ကို လည်း TNLA ကသိမ်းပိုက်နိုင်ဖို့နီးစပ်လာချိန်မှာ တရုတ်ဘက်က အခုလိုခြိမ်းခြောက်သတိပေးစာ ထွက်ပေါ် လာတာဖြစ်ပါတယ်။