ရုရှားဒုံးကျည်တွေကို ယူကရိန်းရဲ့ F-16 တိုက်လေယာဉ်တွေ ကြားဖြတ် ပစ်ချခဲ့

ဩဂုတ်၊ ၂၉

အနောက်မဟာမိတ် နိုင်ငံတွေဆီက ပူပူနွေးနွေး လက်ခံရရှိထားတဲ့ F-16 တိုက်လေယာဉ်တွေကို အသုံးပြုပြီး ရုရှားဒုံးကျည်တွေကို လေထဲမှာ အောင်အောင်မြင်မြင် ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းက ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်နဲ့ ဥရောပ မဟာမိတ် နိုင်ငံတချို့က လဆန်းပိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေကို ယူကရိန်းဆီ လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီ အပေါ့စား တိုက်လေယာဉ်တွေကို ယူကရိန်းက ကာလရှည်ကြာ တောင်းဆိုနေခဲ့ရာက အခုအခါမှ အရေအတွက် အတိအကျ မထုတ်ပြန်တဲ့ F-16တွေကို ပထမအသုတ် လက်ခံရရှိထားတာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းက ယူကရိန်းစစ်ဘက် အရာရှိ တဦးက F-16တွေဟာ လက်တွေ့ တိုက်ပွဲဝင်အဆင့် မစ်ရှင်တွေမှာ စတင် ပျံသန်းနေပြီလို့ ပြောကြားခဲ့ပါတယ်။ နောက်တော့ ယူကရိန်း လေတပ်က F-16တွေဟာ လေပိုင်နက်ထဲ ကျူးကျော်လာတဲ့ ရုရှား ဒုံးကျည်တွေကို အောင်အောင်မြင်မြင် ကြားဖြတ် ပစ်ချတဲ့ စစ်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာလို့ အတည်ပြုခဲ့ပါတယ်။

ရုရှားဟာ အခုသီတင်းပတ် အစောပိုင်းမှာ ယူကရိန်းနိုင်ငံအနှံ့ မြို့ရွာတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေ ရာနဲ့ချီ အသုံးပြုပြီး နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း ရုရှားရဲ့ ဒုံးကျည်တွေနဲ့ အလုံးအရင်း တိုက်ခိုက်မှုကို ခုခံ ကာကွယ်ရာမှာ F-16 တချို့ကို ထုတ်သုံးခဲ့ကြောင်း အတည်ပြုခဲ့ပြီး အဲဒီ တိုက်လေယာဉ်တွေဟာ မစ်ရှင်ကို ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ပြီး ဒုံးကျည်တချို့ကို ပစ်ချနိုင်ခဲ့ကြောင်း ပြောကြားသွားပါတယ်။

ဒါပေမဲ့ တိုက်လေယာဉ် ဘယ်နှစီး ပါဝင်ပျံသန်းပြီး ဒုံးကျည် ဘယ်နှစင်းကို ပစ်ချခဲ့သလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဇီလန်စကီးက ထုတ်မပြောခဲ့ပါဘူး။

ယူကရိန်းဟာ ဘက်စုံသုံး F-16 တိုက်လေယာဉ်တွေကို လောလောဆယ် ကာကွယ်ရေး ကဏ္ဍအတွက်သာ အသုံးချနေသေးပြီး ရုရှားပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ထုတ်မသုံးသေးတဲ့ သဘော ဖြစ်ပါတယ်။

အခု သီတင်းပတ် ရုရှားရဲ့ ဒုံးကျည်နဲ့ ဒရုန်း အသုံးပြု တိုက်ခိုက်မှုတွေဟာ ယူကရိန်း စစ်ပွဲတလျှောက် လုပ်ဆောင်ခဲ့သမျှ ထုထည်ပမာဏ အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ယူကရိန်းရဲ့ စွမ်းအင်နဲ့ ဓာတ်အားဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို အဓိက ပစ်မှတ်ထားခဲ့ကြောင်း သိရပါတယ်။

Ref: Insider