သံတွဲနောက်ဆုံးလက်ကျန် ရေတပ်စခန်းကို AAသိမ်းပိုက်ပြီး တမြို့နယ်လုံးကို ထိန်းချုပ်၊ ရေတပ်စခန်းတခုကို စစ်ကောင်စီ ပထမဆုံးလက်လွတ်ရ

Photo – AA Info Desk (ပုံဟောင်း)

ဩဂုတ်၊ ၂၈

သံတွဲမြို့နယ်အတွင်းက စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်တဲ့ သဗြုချိုင်(မောင်ရွှေလေး)ရေတပ်စခန်းကို အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

အခု သိမ်းပိုက်လိုက်တဲ့ သဗြုချိုင်ရေတပ်စခန်းဟာ သံတွဲမြို့နယ်အတွင်းရှိ နောက်ဆုံးလက်ကျန်စခန်းဖြစ်တာကြောင့် သံတွဲမြို့နယ်တခုလုံး AA လက်ထဲကျရောက်သွားပြီဖြစ်ပါတယ်။

“စစ်ကောင်စီက လက်နက်ချလိုက်တာ၊ အကုန်ရသွားပြီ၊ ထွက်ပြေးနေတဲ့သူတွေတော့ ရှိသေးတယ်ကြားတယ်” လို့ သံတွဲဒေသခံသတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။

သဗြုချိုင်ရေတပ်စခန်းမှ စစ်ကောင်စီတပ်သားတွေဟာ မနေ့က ဩဂုတ်လ ၂၇ ရက်နေ့ကတည်းက လက်နက်ချခဲ့ကြတာဖြစ်ပြီး အချို့ကတော့ စစ်ရေယာဉ်တွေနဲ့ ထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ရေတပ်စခန်းအနီး၀န်းကျင်ရှိ တောင်ကုန်းတွေနဲ့ လူနေကျေးရွာတွေအတွင်း ထွက်ပြေးပုန်းနေကြတဲ့ စစ်ကောင်စီတပ်သားအချို့လည်း ရှိနေပြီး AA က လိုက်လံရှင်းလင်းနေတယ်လို့ပြောပါတယ်။ 

“ရွာထဲတွေမှာ စစ်တပ်က ပစ်သတ်လို့ သေတာတွေလည်း အများကြီးရှိတယ်” လို့ သံတွဲဒေသခံနောက်တဦးက ပြောပါတယ်။

သဗြုချိုင်ရေတပ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အနီး၀န်းကျင်မှ ဒေသခံ အရပ်သား ဆယ်ချီ ထိခိုက်သေဆုံးခဲ့ရတယ်လို့လည်း ဒေသခံသတင်းရင်းမြစ်တွေက DNA ကို ပြောထားပါတယ်။

AAဘက်ကတော့အဲဒီရေတပ်စခန်းသိမ်းတိုက်ပွဲနဲ့ပက်သက်လို့အခုထိတရား၀င်အသိပေးထုတ်ပြန်တာ မရှိသေးပါဘူး။

ဒါ့အပြင် အဲဒီရေတပ်စခန်းဟာစစ်ကောင်စီရဲ့ ပထမဆုံး လက်လွှတ်ရတဲ့ ရေတပ်စခန်းလည်း ဖြစ်ပါတယ်။ အလားတူပဲ AA က သိမ်းပိုက်ထားတဲ့ သံတွဲလေဆိပ်ဟာလည်း စစ်ကောင်စီရဲ့ ပထမဆုံး လက်လွှတ်ရတဲ့ လေဆိပ်တခုဖြစ်ပါတယ်။

သံတွဲမြို့နယ်မောင်ရွှေလေးရေတပ်နဲ့ ဂွမြို့နယ် ကျိန္တလီမြို့အနီး ကျောက်ပါးစပ်ကျေးရွာဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေပြီး

စစ်ကောင်စီဖက်က စစ်သင်္ဘော (၈) စီးနဲ့ ရေကြောင်းမှ တိုက်ပွဲဖြစ်ပွားရာနေရာတွေကို လက်နက်၊ လူအင်အား ဖြည့်တင်းနေကာ စစ်သင်္ဘောတွေပေါ်မှ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေလို့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ AAက သြဂုတ်လ၂၆ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။

နာမည်ကျော်ခရီးသွားဒေသ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နဲ့ စစ်ကောင်စီအခြေစိုက် တပ်ရင်းတပ်စခန်းအားလုံး၊ငပလီမဇင်လေဆိပ်၊ဟိုတယ်ဇုန်နဲ့ ဒေသနေရာအများစုကို AAက ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ သိမ်းပိုက်ထားခဲ့တာပါ။

အဲဒီနောက်မှာတော့ သံတွဲမြို့နယ်အတွင်း နောက်ဆုံးလက်ကျန်စစ်ကောင်စီရဲ့မောင်ရွှေလေးရေတပ်စခန်းကို ထိုးစစ်ဆင်နေတာလည်းဖြစ်ပါတယ်။

သံတွဲမြို့ နယ်တခုလုံးနီးပါးကို သိမ်းပိုက်ထားတဲ့ AA ဟာ ကပ်ရပ်မှာရှိတဲ့ ဂွမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကိုပါ ဆက်လက်ထိုးစစ်ဆင်နေတာဖြစ်ပြီး  ဂွမြို့နယ် ကျိန္တလီမြို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

ချင်းပြည်နယ် ပလက်၀နဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ကိုးခုကို သိမ်းပိုက်ထားတဲ့ AA ဟာ အခု သံတွဲမြို့နယ်ကိုပါ အပြီးသိမ်းပိုက်လိုက်တာကြောင့် AA သိမ်းထားတဲ့ မြို့နယ်ပေါင်း ဆယ့်တခုအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အား လုံးရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်သွားမယ်လို့ ကြေငြာထားတဲ့ AA ဟာ မောင်တောမြို့နယ်ကိုပါ အပြီးသတ်သိမ်းနိုင်ဖို့ လက်တကမ်းသာ လိုတော့ပြီး အမ်း၊ ဂွမြို့နယ်တို့မှာပါ ထိုးစစ်ဆင်နေတာ တွေ့ရပါတယ်။