စစ်ကောင်စီ စိတ်ကြိုက်တရားစီရင်ခဲ့တဲ့ Dawei Watch သတင်းထောက်နှစ်ဦး

Photo – ပေးပို့

သြဂုတ် ၊ ၂၈ 

Dawei Watch သတင်းထောက်နှစ်ဦး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတာက စစ်ကောင်စီစိတ်ကြိုက် လိုသလိုတရားစီရင်ခဲ့တာကြောင်.ဖြစ်တယ်လို့ အဲဒီသတင်းဌာနအယ်ဒီတာချုပ်ကပြောပါတယ်။

တနင်္သာရီတိုင်းအခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ Dawei Watch သတင်းဌာနရဲ့ သတင်းထောက်နှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ်တသက်တကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

“သူတို့စိတ်ကြိုက် ပုဒ်မနဲ့ တရားစွဲတယ်၊ သူတို့စိတ်ကြိုက် တရားစီရင်တယ်၊ တိတ်တဆိတ် သူတို့ဟာသူတို့ စစ်ဆေးတယ်၊ သူတို့ဟာသူတို့ ဆွဲချင်သလို ဆွဲပြီး ချချင်သလို ချလိုက်တဲ့ ပုံစံမျိုးရှိတာပေါ့လေ” လို့ Dawei Watch အယ်ဒီတာချုပ် ကိုကျော်က DNA ကို ပြောပါတယ်။ 

Dawei Watch သတင်းထောက်တွေဖြစ်တဲ့အသက် လေးဆယ်ဝန်းကျင်ရှိ ကိုမျိုးမြင့်ဦးက ပြီးခဲ့တဲ့ မေလထဲမှာ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံလိုက်ရပြီး ကိုအောင်ဆန်းဦးကိုတော့ ဖေဖော်ဝါရီလထဲမှာ ထောင်ဒဏ် နှစ်နှစ်ဆယ် ချမှတ်လိုက်တာလို့ သိရပါတယ်။ 

မြိတ်အခြေစိုက် သတင်းထောက်တွေ ဖြစ်ကြတဲ့ သူတို့နှစ်ဦးကို စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်၊ ညသန်းခေါင်ချိန်မှာ မြိတ်မြို့က သူတို့ရဲ့ နေအိမ်အသီးသီးမှာပဲ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ 

အဲဒီလို ဝင်ရောက်ဖမ်းဆီးပြီးနောက် စစ်ကြောရေးမှာ လေးရက်ခန့် ရိုက်နှက်စစ်ဆေးခံခဲ့ရပြီး မြိတ်အကျဥ်းထောင်ကို ပို့ဆောင်ခံခဲ့ရတာလို့ ဆိုပါတယ်။ 

စစ်ကောင်စီဟာ သူတို့နှစ်ဦးကို အကြမ်းဖက်ပုဒ်မတွေနဲ့ တရားစွဲထောင်ချခဲ့တာဖြစ်နိုင်တယ်လို့ ဆိုပေမယ့် ထောင်ဒဏ်ချမှတ်ရတဲ့ အကြောင်းအရင်းနဲ့ တရားစွဲဆိုခဲ့တဲ့ ပုဒ်မတွေကိုတော့ မိသားစုဝင်တွေရော Dawei Watch တာဝန်ရှိသူတွေကပါ သိခွင့်မရကြပါဘူး။ 

“ဘာမှမပြောဘူး၊ ဆက်သွယ်လို့လည်းမရဘူး၊ မေးလို့လည်း မရဘူး” လို့လည်း အယ်ဒီတာချုပ် ကိုကျော်က ပြောပါတယ်။ 

ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မြိတ်မြို့နယ်ဟာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ မြို့နယ်မဟုတ်ပေမယ့် အဲဒီသတင်းသမားနှစ်ဦးကိုတော့ အရပ်ဘက် တရားရုံးမှာ စစ်ဆေးတာမရှိဘဲ မြိတ်အကျဥ်းထောင်ရှိ စစ်ခုံရုံးကနေပဲ ထောင်ဒဏ်ချမှတ်ခဲ့တာလို့လည်း ဆိုပါတယ်။ 

လက်ရှိမှာတော့ သူတို့နှစ်ဦးစလုံးကို မြိတ်အကျဥ်းထောင်မှာပဲ အကျဥ်းချထားပြီး မိသားစုဝင်တွေနဲ့တော့ ထောင်ဝင်စာတွေ့ခွင့်ရတယ်လို့ သိရပါတယ်။ 

Dawei Watch သတင်းဌာနကတော့ အခုလို သတင်းသမားတွေကို ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်စစ်ဆေးတာ၊ ဥပဒေနဲ့ အညီ ခုခံချေပခွင့်မပေးဘဲ ပြစ်ဒဏ်ချမှတ် အရေးယူတာတွေကို ပြင်းထန်စွာကန့်ကွက်ပြီး ဖမ်းဆီးထားတဲ့ သတင်းသမားနှစ်ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ထုတ်ပြန်တောင်းဆိုထားပါတယ်။  

“မြန်မာနိုင်ငံမှာ သတင်းသမားတွေ အင်မတန်အန္တရာယ်ကြီးတဲ့ အခြေအနေမှာ ရောက်နေတာပေါ့လေ၊ ဖမ်းမိသွားတာနဲ့ နှိပ်စက်ညှဥ်းပမ်းတာခံရမယ်၊ ပြီးရင် ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်တာ ခံရမယ်၊ တရားမျှတမှုဆိုတာ ဘာမှမရှိဘူး” လို့လည်း Dawei Watch အယ်ဒီတာချုပ်က မှတ်ချက်ပြုပါတယ်။ 

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့ကပဲ မိုခါမုန်တိုင်းဒဏ် ကျရောက်နေတဲ့ ရခိုင်ပြည်နယ်ထဲက အခြေအနေတွေကို သွားရောက် မှတ်တမ်းတင်နေစဉ် စစ်တွေမြို့မှာ အဖမ်းခံခဲ့ရတဲ့ Myanmar Now သတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို ထောင်ဒဏ် နှစ် နှစ်ဆယ် ချမှတ်ခဲ့ပါသေးတယ်။ 

အလားတူပဲ ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်ကလည်း  မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာက နေအိမ်တလုံးကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းစဥ် DVB သတင်းဌာနက CJ ဖြစ်သူ ကိုဝင်းထွဋ်ဦးနဲ့ The Nation Voice ရဲ့ အလွတ်တန်းသတင်းထောက် ကိုထက်မြတ်သူတို့နှစ်ဦးလည်း ပစ်သတ်ခဲ့ပါသေးတယ်။ 

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF)ရဲ့ သြဂုတ် ၂၆ ရက် ထုတ်ပြန်ချက်အရတော့ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ သတင်းထောက် ခုနစ်ဦးအထိ ရှိပြီဖြစ်ပြီး ဖမ်းဆီးခံထားရတဲ့ သတင်းထောက်လည်း ၆၂ ဦး ရှိပြီလို့ သိရပါတယ်။