နှစ်ပေါင်း သုံးထောင့်ငါးရာ သက်တမ်းရှိတဲ့ ကရားအိုး ကလေးတဦးကြောင့် မတော်တဆ ကျကွဲ 

ဩဂုတ်၊ ၂၈

ကလေးတဦးကြောင့် အစ္စရေး ပြတိုက်တခုထဲက နှစ်ပေါင်း ၃၅၀၀ သက်တမ်းရှိတဲ့ ကရားအိုးတခု မတော်တဆ ကျကွဲသွားခဲ့ပါတယ်။

ဟိုင်ဖာမြို့၊ ဟိုင်ဖာတက္ကသိုလ်မှာ ဖွင့်လှစ်ထားတဲ့ ဟက်ချ်ပြတိုက်က ကျကွဲသွားတဲ့ ကရားဟာ ဘီစီ ၂၂၀၀ နဲ့ ၁၅၀၀ ကြား၊ ကြေးခေတ်တုန်းက ရှေးဟောင်းပစ္စည်း တခုဖြစ်ပြီး အရမ်းရှားပါးတယ်လို့ ပြောပါတယ်။ အထူးသဖြင့် ကရားမှာ အပွန်းအပဲ့ အနာအဆာတွေ လုံးဝ မရှိဘဲ ပကတိ အကောင်းအတိုင်း အနေအထားမျိုးနဲ့ ရှာတွေ့ထားခဲ့တာကြောင့်လည်း ပိုပြီး ရှားပါးတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ခြေသွက်လက်သွက် ရှိလှတဲ့ ၅ နှစ်သား ကလေးတဦးရဲ့ စူးစမ်းမှုနဲ့အတူ အဲဒီ ရှေးလက်ရာ မြေကရားဟာ အပိုင်းပိုင်း ကွဲထွက်သွားခဲ့တာလို့ အစ္စရေး မီဒီယာတွေက ဖော်ပြပါတယ်။  

ပြခန်းဟာ အဲဒီကရားအိုးကို ဝင်ပေါက်နားမှာတင် မှန်အကာအကွယ် မရှိဘဲ ခင်းကျင်းပြသထားခဲ့တာပါ။ ပြတိုက် တာဝန်ရှိသူတွေကတော့ ရှေးဟောင်းပစ္စည်းတွေကို အတားအဆီး မရှိဘဲ ပြသခြင်းဟာ ဧည့်သည်တွေကို ပိုမိုဆွဲဆောင်နိုင်တာကြောင့် အခုလို စီစဉ်ထားခဲ့တာလို့ ပြောပါတယ်။

ဩဂုတ် ၂၃ ရက်နေ့တုန်းက ကလေးငယ်ဟာ စူးစမ်းလိုစိတ်နဲ့ ကရားအိုးကို ခြေသွက်လက်သွက် လှမ်းဆွဲခဲ့တာလို့ သူ့ရဲ့ ဖခင် အဲလက်စ်က ပြောပါတယ်။ ကလေးက သူ့ကြောင့် ကရားကွဲသွားတယ် ဆိုတာကို ဝန်ခံခဲ့နောက် အဲလက်စ်တို့ သားအဖဟာ ပြတိုက်ရဲ့ လုံခြုံရေး ဝန်ထမ်းကို အကြောင်းကြားခဲ့ပါတယ်။

ဟိုင်ဖာ တက္ကသိုလ်ကတော့ ကလေးရဲ့ မသိနားမလည်မှု အမှားကို ဗွေမယူခဲ့ဘဲ ကလေးနဲ့အတူ မိသားစုကို ရက်အနည်းငယ် အကြာမှာ ပြတိုက်ဆီ ပြန်လည် ဖိတ်ကြားပြီး လှည့်လည် ပြသခဲ့သလို ကလေးအတွက် စိတ်ပိုင်းဆိုင်ရာ ဖိအားမရှိအောင် နှစ်သိမ့်ပေးခဲ့ပါတယ်။

လက်ဝင်မှာ ဖြစ်ပေမယ့်လည်း ကရားအိုး အစိတ်အပိုင်းတွေကို သေချာ ပြန်ဆက်ပြီး ပြတိုက်မှာ နောက်တကြိမ် ခင်းကျင်းပြသဖို့လည်း တာဝန်ရှိသူတွေက မျှော်လင့်ထားပါတယ်။ ပြီးတော့ အရင်အတိုင်းပဲ အတားအဆီးတွေ၊ မှန်နံရံတွေ မပါဘဲ ပြသထားမယ်လို့လည်း ဆိုပါတယ်။

ပြတိုက်ဖက်က သဘောထားကြီးမှူးကြောင့် စိတ်သက်သာရာ ရမိခဲ့သလို ကျေးဇူးလည်းတင်မိပေမယ့် အဲဒီ ကရားအိုးက မူလအတိုင်း ပြန်မဖြစ်တော့တာကို တွေးမိတိုင်း စိတ်မကောင်းဘူးလို့ အဲလက်စ်က ဖွင့်ဟခဲ့ပါတယ်။

ကရားဟာ သမ္မာကျမ်းစာလာ ဒေးဗစ်ဘုရင်၊ ဆိုလမွန်ဘုရင်တွေ လက်ထက်လောက်က လက်ရာမျိုး ဖြစ်နိုင်ပြီး မြေထဲပင်လယ် အရှေ့ပိုင်းက ကန်နန်းဒေသမှာ ပြုလုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ရှိနေတယ်လို့ သိရပါတယ်။

ဟတ်ချ်ပြတိုက်ကို အစ္စရေးမြောက်ပိုင်း၊ ဟိုင်ဖာတက္ကသိုလ် ဝင်းထဲမှာ ဖွင့်လှစ်ထားပြီး ရှေးဟောင်း ပစ္စည်းတွေနဲ့ အနုပညာ လက်ရာတွေကို ခင်းကျင်းပြသထားတာ ဖြစ်ပါတယ်။

Ref: Sky