တတိယ ကမ္ဘာစစ် ဖြစ်လာရင် ဥရောပမှာပဲ ကန့်သတ်ထားလို့ မရကြောင်း အမေရိကန်ကို ရုရှား သတိပေး

ဩဂုတ်၊ ၂၈

တတိယ ကမ္ဘာစစ်သာ ဖြစ်ပွားလာမယ်ဆိုရင် ပထမနဲ့ ဒုတိယ ကမ္ဘာစစ်တွေတုန်းကလိုမျိုး ဥရောပမှာသာ အဓိက စစ်မီးကူးစက်နေမှာ မဟုတ်တော့ကြောင်း ရုရှားက အမေရိကန်ကို ခြိမ်းခြောက် သတိပေးလိုက်ပါတယ်။

သမ္မတပူတင်ရဲ့ အားအထားရဆုံး လက်ရုံးတဦးဖြစ်ပြီး ရုရှားနိုင်ငံခြားရေး ဝန်ကြီးအဖြစ် ဆယ်စုနှစ် နှစ်ခုကျော် တာဝန်ယူခဲ့တဲ့ ဆာဂျီလက်ဗ်ရော့ဗ်က အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေဟာ ယူကရိန်းကို အကြောင်းပြုပြီး မီးနဲ့ ကစားနေကြတယ်လို့ ဝေဖန်ခဲ့ပါတယ်။

အနောက်မဟာမိတ် နိုင်ငံတွေက လက်နက်နဲ့ ငွေကြေး အကူအညီတွေ ပေးနေတဲ့ ယူကရိန်းဟာ ဩဂုတ် ၆ ရက်ကစလို့ ရုရှားပိုင်နက်ထဲ တန်ပြန်ထိုးစစ် ဆင်နွှဲခဲ့ပြီး ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ရုရှားပိုင်နက်ထဲက ပမာဏ အများဆုံး နယ်မြေတွေကို စစ်ရေးအရ သိမ်းယူထားနိုင်ခဲ့ပါတယ်။ ဒါဟာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ် စတင်ဆင်နွှဲခဲ့တဲ့ ကာလနောက်ပိုင်း ရုရှားပိုင်နက်ထဲမှာ ယူကရိန်းရဲ့ ပမာဏ အကြီးမားဆုံးနဲ့ အရဲအကိုးဆုံး စစ်ရေး တုံ့ပြန်မှုလည်း ဖြစ်လာပါတယ်။

လက်ဗ်ရော့ဗ်က အမေရိကန်နဲ့အတူ အနောက်နိုင်ငံတွေဟာ ယူကရိန်းကို မြှောက်ပင့်ပေးပြီး ပြဿနာကို မီးစာဖြည့်ပေးနေတာဖြစ်ကြောင်း၊ အကျိုးဆက် အနေနဲ့ နျူကလီးယား လက်နက်ပိုင် နိုင်ငံကြီးတွေဟာ အခု ပဋိပက္ခထဲ တနွယ်ငင် တစင်ပါ ဆိုသလို ဝင်ရောက်လာနိုင်ကြောင်း ပြောပါတယ်။

အမေရိကန်နဲ့ မဟာမိတ်တွေဟာ မီးနဲ့ ကစားနေတယ်လို့ တပ်အပ် ပြောနိုင်ကြောင်း၊ အထူးသဖြင့် ကလေးတွေက မီးခြစ်ဆံတွေနဲ့ ဆော့နေတာနဲ့ တူနေကြောင်း၊ ဒီအခြေအနေဟာ အရမ်း အန္တရာယ် များလွန်းကြောင်း လက်ဗ်ရော့ဗ်က ဆိုပါတယ်။

တတိယ ကမ္ဘာစစ်လို ပဋိပက္ခကြီး ပေါ်လာရင် အမေရိကန်ဟာ သေချာပေါက် ဆက်နွှယ် ပါဝင်လာမှာဖြစ်ကြောင်း၊ အဲဒီအခါကျရင် ဥရောပတိုက်မှာပဲ စစ်ဖြစ်မယ်လို့ ဘယ်လိုမှာ မှတ်ယူထားဖို့ မဖြစ်နိုင်တော့ကြောင်း သူက ဆက်ပြောပါတယ်။

ရုရှားက နိုင်ငံအနောက်ပိုင်း ကက်စ်ခ်ဒေသထဲ ထိုးဖောက် ဝင်ရောက်လာတဲ့ ယူကရိန်း တပ်တွေဟာ အနောက်မဟာမိတ်တွေ ထောက်ပံ့တဲ့ စစ်လက်နက်တွေ၊ ဗြိတိန်လုပ် တင့်ကားတွေ၊ အမေရိကန်လုပ် တာဝေးပစ် ဒုံးကျည်တွေကို အသုံးပြုပြီး စစ်ဆင်ရေး လုပ်ဆောင်နေတယ်လို့ စွပ်စွဲထားပါတယ်။ ယူကရိန်းကလည်း ကက်စ်ခ်မှာရှိတဲ့ သယ်ယူပို့ဆောင်ရေးအတွက် အချက်အခြာကျတဲ့ တံတားတွေကို ဖျက်ဆီးရာမှာ အမေရိကန်ရဲ့ HIMARS ဒုံးကျည်တွေကို အသုံးပြုခဲ့ကြောင်း အတည်ပြုထားပါတယ်။

အမေရိကန်က ယူကရိန်းဟာ ရုရှားပိုင်နက်ထဲမှာ တန်ပြန်ထိုးစစ် ဆင်နွှဲမယ်ဆိုတာ ကြိုတင် အသိမပေးခဲ့ဘူးလို့ ငြင်းချက်ထုတ်ထားပေမယ့် ရုရှားကတော့ အမေရိကန်ရဲ့ ခွင့်ပြုချက်ကြောင့်သာ ယူကရိန်းက ဒီစစ်ဆင်ရေးကို အကောင်အထည် ဖော်ခဲ့တာလို့ စွပ်စွဲ ပြောကြားထားပါတယ်။

Ref: CNA