သုံးရက်အတွင်း စစ်ကောင်စီတပ်သား တရာကျော်သေဆုံးခဲ့တဲ့ မောင်တောတိုက်ပွဲ

Photo – AA Info Desk

သြဂုတ်၊ ၂၇

အာရက္ခတပ်တော်(AA)က အပြည့်အဝထိန်းချုပ်နိုင်တော့မယ်လို့အသိပေးထားတဲ့ မောင်တောမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဖက်ကထိခိုက်သေဆုံး၊ဖမ်းဆီးခံရတာတွေများပြားလာနေပြီးအရေးနိမ့်နေပြီဖြစ်ပါတယ်။

တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့မောင်တောတိုက်ပွဲမှာသုံးရက်တာကာလအတွင်းစစ်ကောင်စီဖက်ကတရာကျော်သေဆုံးခဲ့ပြီး သုံ့ပန်းတွေလည်းဖမ်းဆီးမိခဲ့တယ်လို့ AAရဲ့သြဂုတ်၂၆ရက်စွဲနဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ခဲယမ်းတွေကိုလည်း ရုပ်သံ၊ဓါတ်ပုံတွေနဲ့တကွဖော်ပြထားတာဖြစ်ပါတယ်။

 မောင်တောမြို့၊ အမှတ် (၂) ရပ်ကွက်၊ (ဖေဇီရွာနဲ့ မောင်နီရွာ) အတွင်းမှ အဆင့်ဆင့်ခုခံစစ်ဆင်နွှဲနေခဲ့တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီ သင်တန်းဆင်းလက်နက် တပ်ဆင်ပေးထားတဲ့ရိုဟင်ဂျာ(မူဆလင်လို့ဖော်ပြထား) လက်နက်ကိုင်အဖွဲ့တွေအပြင် ARSA၊ RSO၊ ARA အဖွဲ့တွေရဲ့ ခံစစ်နေရာ အများစုအကို တခုပြီးတခု သိမ်းပိုက်ရရှိထားပြီလို့AAထုတ်ပြန်ချက်ကဆိုပါတယ်။

 ဩဂုတ်လ၂၄ရက်မှစလို့သုံးရက်တာအတွင်း စစ်ကောင်စီဖက်မှအလောင်း (၁၀၀) ကျော်ကိုကောင်းမွန်စွာ မြေမြှုပ်ပေးနိုင်ခဲ့ပြီး သုံ့ပန်းအချို့ကိုလည်း မောင်တော မြို့တွင်း၊ မြို့ပြင်တွေကဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ထားတာပါ။ဖမ်းဆီးမိခဲ့တဲ့သုံ့ပန်းအရေအတွက်ကိုဖော်ပြထားတာမရှိပေမယ့်ရုပ်သံဖိုင်နဲ့ဓါတ်ပုံတွေအရခြောက်ဆယ်ထက်မနည်းရှိတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ၄ရက်က စတင်ထိုးစစ်ဆင်ခဲ့တဲ့မောင်တောမြို့သိမ်းတိုက်ပွဲက နှစ်ပတ်လောက် ကြာမြင့်ခဲ့ပြီလည်းဖြစ်ပါတယ်။

မြို့အတွင်း ခံစစ်ပြင်ဆင်ထားတဲ့  စစ်ကောင်စီတပ်ဖွဲ့တွေဟာ အထိအခိုက်၊ အကျအဆုံးတွေနဲ့အတူကစဉ့်ကလျားထွက်ပြေး၊ လက်နက်ချအညံ့ခံတာတွေ ဆက်တိုက် ပြုလုပ်လာနေလို့မောင်တောမြို့ကို အလုံးစုံထိန်းချုပ်နိုင်တော့မယ်လို့လည်းAAက သြဂုတ်၂၄ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပါတယ်။ 

အဲဒီထုတ်ပြန်ချက်မှာလည်း လက်နက်ချခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ရှစ်ဦးအပြင် ဖမ်းဆီးမိခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဆယ်ကျော်ကိုဓါတ်ပုံနဲ့ဖော်ပြခဲ့ပါတယ်။ဒါကြောင့်မလို့မောင်တောမြို့သိမ်းတိုက်ပွဲမှာရိုဟင်ဂျာလက်နက်ကိုင်တွေအပါအဝင် စစ်ကောင်စီတပ်သားတရာထက်မနည်းကိုဖမ်းမိထားတယ်လို့ဆိုနိုင်ပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲမစတင်ခင် ပြီးခဲ့တဲ့သုံးလလောက်ကတည်းကမြို့ပတ်ဝန်းကျင်ရှိစစ်ကောင်စီ စခန်းတခုပြီးတခု ကိုAAကထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာမောင်တောမြို့နယ်အတွင်းစစ်ကောင်စီဖက်ကနယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ-၅)တခုသာ ကျန်ရှိတော့ပြီး မြို့တွင်းနေရာတချို့မှာတော့ နေရာယူထားသေးတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။

မောင်တောမြို့နယ်ကို သိမ်းပိုက်နိုင်ရင်တော့AAက မြန်မာ-ဘင်္ဂလားဒေ့နယ်စပ်ဒေသတခုလုံးကိုအပြည့်အဝထိန်းချုပ်နိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင်မြို့တော်စစ်တွေကလွဲရင် ရခိုင်မြောက်ပိုင်းဒေသအားလုံးကို ထိန်းချုပ်နိုင်မှာလည်းဖြစ်ပါတယ်။