ပြည်တွင်းစစ်၊ အငတ်ဘေး၊ ရောဂါဘေးတွေ ကြုံနေတဲ့ ဆူဒန်မှာ ဆည်ကျိုးလို့ လူ ခြောက်ဆယ်ကျော် သေဆုံး

ဩဂုတ်၊ ၂၇

စစ်မက်၊ ရာသီဥတု ဖောက်ပြန်မှု၊ အငတ်ဘေး နဲ့ ရောဂါဘေးတွေ ကြုံနေတဲ့ ဆူဒန်နိုင်ငံမှာ ဆည်ကျိုးပေါက်လို့ လူ ၆၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ဆူဒန်မှာ တချိန်က မဟာမိတ်တွေ ဖြစ်ခဲ့ဖူးတဲ့ စစ်တပ်နဲ့ အရန်တပ်တို့ကြား အပြင်းအထန် စစ်ခင်း တိုက်ခိုက်နေသလို နိုင်ငံအနှံ့ ရေကြီးမှုတွေ၊ ဝမ်းရောဂါ ကူးစက်မှုတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ပို့တ်ဆူဒန် ဆိပ်ကမ်းမြို့အတွက် အဓိက သောက်ရေ အရင်းအမြစ်အဖြစ် ရှိနေတဲ့ အာဘတ်ဆည်ကြီး ကျိုးပေါက်ခဲ့ပြီး ဆည်အောက်ပိုင်း မြို့ရွာတွေကို ရေဖုံးခဲ့တာ ဖြစ်ပါတယ်။

အဲဒီဆည်ဟာ ရေကုဗမီတာ ၂၅ သန်းလောက်ကို သိုလှောင်ထားတာပါ။ ပို့တ်ဆူဒန်ဟာ လက်ရှိ ဆူဒန်ရဲ့ စစ်အစိုးရ ဌာနချုပ်အဖြစ် အခြေစိုက်ထားတဲ့ မြို့လည်း ဖြစ်ပါတယ်။

အာဘတ်ဆည် ကျိုးပေါက်မှုဟာ ဆူဒန်မှာ ကြုံဖူးသမျှ အဆိုးဆုံး ဆည်ပြဿနာ တခု ဖြစ်ခဲ့ပြီး အိမ်တွေ၊ လူတွေဟာ ရေစီးကြောင်းနဲ့အတူ မျောပါသွားခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဒေသတွင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ဆည်ရေပြည့်လျှံလာရာက ဆည်ကျိုးပေါက်တဲ့ အခြေအနေထိ ဖြစ်ခဲ့တာလို့ သိရပါတယ်။ ဆူဒန်မှာ ရေကြီးမှုတွေကြောင့် နိုင်ငံရဲ့ ပင်မ ဖိုက်ဘာအော့ပ်တစ် ကေဘယ်လ်ကြိုးလိုင်းကို ထိခိုက် ပျက်စီးစေတာကြောင့် အင်တာနက် ပြတ်တောက်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။

အာဏာသိမ်း စစ်အစိုးရ အကြီးအကဲ အက်ဘ်ဒူလ် ဖာတားဟ် အယ်လ်ဘာဟန်ဟာ ဆည်ကျိုးပေါက်မှုဒဏ် ခံစားထားရတဲ့ ဧရိယာတွေကို ဩဂုတ် ၂၆ ရက်နေ့မှာ ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့ပါတယ်။ စစ်တပ်ရဲ့ Facebook စာမျက်နှာမှာတော့ ဒုက္ခကြုံနေတဲ့ ပြည်သူတွေကို ထိထိရောက်ရောက် အကူအညီ ပေးသွားမယ်လို့ ကြေညာထားပါတယ်။

ဆူဒန်မှာ ပြီးခဲ့တဲ့နှစ် ဧပြီလ ကတည်းက စတင်တဲ့ ပြည်တွင်းစစ်ကြောင့် ဒေသခံ သန်းနဲ့ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရသလို ပြည်နယ် တချို့မှာလည်း အငတ်ဘေး ကျရောက်ကြောင်း ကြေညာထားပါတယ်။ ရာသီဥတု ဆိုးရွားတဲ့ အခြေအနေတွေကလည်း ရှိရင်းစွဲ အစားအစာ ပြတ်လပ်မှုတွေကို ပိုမို ဆိုးရွားလာစေတယ်လို့ သိရှိရပါတယ်။

Ref: BBC