လားရှိုးရမခ ကျဆုံးမှု လုံးဝ မရှိဟုဆိုကာ စစ်တပ်ဝါဒဖြန့်ချိသူများ သတင်းအမှားများ ဖြန့်ဝေ

26 July 2024 By MPA / DNA

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် စစ်ကောင်စီတပ်၏ အရှေ့မြောက်တိုင်းဌာနချုပ် ကျဆုံးမှု လုံးဝမရှိဟုဆိုသော သတင်းအမှားများ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ၂၀၂၄ ဇူလိုင် ၂၅ ရက် မှ စတင်ကာ ပျံ့နှံ့လျက်ရှိသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်တပ် (MNDAA) နှင့် ပူးပေါင်းအဖွဲ့များက လားရှိုးရမခကို ၂၀၂၄ ဇူလိုင် ၂၅ရက် မနက်ပိုင်းတွင် သိမ်းပိုက်ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြထား သော်လည်း People Media အမည်ရှိ တယ်လီဂရမ်ချန်နယ်က “လားရှိုးရမခ ကျဆုံးမှုလုံးဝမရှိကြောင်း” ဟူ၍ ရေးသားကာ ရုပ်သံဖိုင်နှင့်တကွ သတင်းအမှား ရေးသားဖြန့်ဝေနေခြင်း ဖြစ်သည်။

ရုပ်သံဖိုင်ထဲတွင် ကျော်စိုးဦး ဆိုသူက “ ရမခ အရာရှိကြီးတွေနဲ့ ကျတော် ဖုန်းအဆက်အသွယ်ရပါတယ်။ ဒါဟာ သတင်းအမှားဖြစ်တယ်လို့ သူတို့ဘက်က အတည် ပြုပါတယ်။ … သေချာတာတစ်ခုက ရမခ လုံးဝ ကျဆုံးမှုမရှိဘူး။ ကျတော်အာမခံတယ်” ဟူ၍ ပြောကြားထားသည်။ တယ်လီဂရမ်ချန်နယ်တွင် Subscriber တစ်သိန်းခွဲကျော်ရှိ People Media တွင် အဆိုပါအကြောင်းအရာ ကို ၂၀၂၄ ဇူလိုင် ၂၆ရက် မွန်းလွဲချိန်အထိ ကြည့်ရှုသူပေါင်း ၆၈၀၀၀ ကျော်ရှိ ပြီး like and react ပေးသူ ၁၁၀၀ ကျော်ရှိပြီး မှတ်ချက်ပြုသူ ၇၀ကျော်ရှိသည်။

People Media တွင် သတင်းအမှားတင်ထားသောလင့်ခ် – Link

အဆိုပါ အကြောင်းအရာကို တယ်လီဂရမ်ချန်နယ်များစွာက ပြန်လည်မျှဝေနေခဲ့သဖြင့် ပျံ့နှံ့မှုများပြားလျက် ရှိသည်။

DGF21 News – Link
တောင်ပေါ်သား(Channel) – Link

ဒါ့အပြင် Linn Nay အမည်ရှိ တယ်လီဂရမ်ချန်နယ်တွင် “ရမခ ကို ပြီးခဲ့တဲ့နာရီဝက်က ဖုန်းရပါတယ်
တိုင်းစစ်ဌာနချုပ်ကို ရန်သူလာမတိုက်သေးပါ။သိမ်းလိုက်ပြီဆိုတဲ့သတင်းဟာ ဝါဒဖြန့်ချီမှုသက်သက်ပါ” (မူရင်းရေးသားချက်” ဟူ၍ ၂၀၂၄ ဇူလိုင် ၂၅ရက် ည ၉နာရီကျော်တွင် ရေးသားဖြန့်ဝေထားသည်။

သတင်းအမှားလင့်ခ်- Link

ပျံ့နှံ့နေသောအကြောင်းအရာကို Myanmar Fact-checking Network အဖွဲ့ဝင် ဖြစ်သော MPA Fact Check Team နှင့် Delta News Agency Fact−check Teamတို့ ပူးပေါင်း၍ အချက်အလက် စိစစ်ကြည့်ရာ သတင်းအမှားဖြစ် ကြောင်း တွေ့ရှိရသည်။

သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်

လားရှိုးရမခ ကျဆုံးမှုအကြောင်းအရာ မှန်/မမှန် သိရှိရန် Google တွင် “လားရှိုးမြို့” ဆိုသည့် keyword ဖြင့် ရှာဖွေကြည့်ရာ လွတ်လပ်ပြီး ယုံကြည်ရသည့် သတင်းဌာနများတွင် လားရှိုး အရှေ့‌မြောက်တိုင်းစစ်ဌာနချုပ် ကို MNDAA နှင့် ပူးပေါင်းအဖွဲ့များ သိမ်းပိုက်ထားကြောင်း ဖော်ပြထားသည်။

ရှမ်းပြည်နယ် ဒေသတွင်း မီဒီယာတစ်ခုဖြစ်သော Shwe Phee Myay Agency တွင် လားရှိုးမြို့တွင်းနှင့် မြို့အပြင်က နေရာအသီးသီး၌ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီ၏ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)၊ ခလရ – ၄၁၊ ခမရ – ၅၀၇ တပ်စခန်းတွေကို ကိုးကန့်တပ်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်ထားကြောင်း ၂၀၂၄ ဇူလိုင် ၂၆ရက် မွန်းလွဲပိုင်းတွင် သတင်းဖော်ပြထားသည်။

Shwe Phee Myay Agency သတင်းလင့်ခ် – Link

ဒါ့အပြင် Myanmar Now, RFA နှင့် Irrawaddy Burmese စသည့် သတင်းမီဒီယာများတွင် ၂၀၂၄ ဇူလိုင် ၂၅ရက်က “လားရှိုး ရမခကို MNDAA သိမ်းပိုက်ကြောင်း” သတင်းဖော်ပြထားကြ သည်။

Myanmar Now – Link
Irrawaddy Burmese – Link
RFA – Link

Kokang Information Network ဖေ့ဘွတ်ခ်က “MNDAA တပ်မတော်မှ လားရှိုးမြို့အရှေ့မြောက် စစ်ဒေသ ဌာနချုပ်ကို ၂၀၂၄ ဇူလိုင်၂၅ရက်နေ့ နံနက်၄နာရီတွင် လုံးဝသိမ်းပိုက်နိုင်ခဲ့သည်။ လားရှိုးမြို့ကိုလုံးဝလွတ်မြောက်ကြောင်း MNDAA တပ်၏ ရှေ့တန်း စစ်ဋ္ဌာနချုပ်ကကြေညာသည်”ဟုရေးသားဖော်ပြထားသည်။

သတင်းအပြည့်အစုံ လင့်ခ် – Link

လားရှိုး ရမခကို MNDAA နှင့် ပူးပေါင်းအဖွဲ့ သိမ်းပိုက်ထားခြင်းရှိ/မရှိ တိကျသေချာစွာသိရှိနိုင်ရန် လားရှိုးမြို့ရှိ အမည်မဖော်လိုသော ဒေသခံတစ်ဦးကို MPA က ဆက်သွယ်မေးမြန်းရာ လားရှိုးမြို့ရှိ ရပ်ကွက်နှင့်နေရာအများစုတွင် MNDAA တပ်ဖွဲ့ဝင်များရောက်ရှိထိန်းချုပ်ထားသည်ဟု ပြောဆိုသည်။

၂၀၂၄ ဇူလိုင် ၂၆ရက် မွန်းလွဲပိုင်းတွင် Myanmar Now သတင်းမီဒီယာက “လားရှိုးကို ၂၃ ရက်တိုင်တိုင် တိုက်ခဲ့ပြီးမှ ရရှိခဲ့ကြောင်းနှင့် မလျော်မကန်ပြုမူသော ကိုးကန့်တပ်သားများနှင့် ပတ်သက်၍ တိုင်ကြားနိုင် ကြောင်း အရှေ.မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ထားသည့် ကိုးကန့်တပ်မတော်က သတင်းထုတ်ပြန်သည်” ဟူ၍ သတင်းရေးတင်ထားသည်။

Myanmar Now ၏ သတင်းအပြည့်အစုံလင့်ခ် – Link
Kokang Information Network က ဇူလိုင် ၂၆ရက် မွန်းလွဲပိုင်းတွင် လားရှိုးမြို့နှင့် ပတ်သက်၍ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်လင့်ခ် – Link

ဒါ့ကြောင့် တယ်လီဂရမ်ချန်နယ်များတွင်ပျံ့နှံ့နေသည့် “လားရှိုးရမခ ကျဆုံးမှုလုံးဝမရှိ” ဆိုသော အကြောင်း အရာသည် သတင်းအမှားဖြစ်ကြောင်း သက်သေပြနိုင်သည်။

အထက်ဖော်ပြပါ အချက်အလက်စစ်ဆေးမှုများသည် ဇူလိုင် ၂၆ရက် ညနေပိုင်းအထိ ရရှိထားသော သတင်း အချက်အလက်များဖြစ်ပါသည်။
လက်ရှိအချိန်အထိ လားရှိုးမြို့တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိရာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် နယ်မြေစိုးမိုးမှုများ အချိန်နှင့်တပြေးညီ ပြောင်းလဲမှုရှိနိုင်ပါသဖြင့် လွတ်လပ်၍ ယုံကြည်စိတ်ချရသော သတင်းမီဒီယာများ၏ သတင်းများကို လေ့လာဖတ်ရှုရန် အကြံပြုလိုပါသည်။

သတင်းအတု၊ သတင်းအမှားများနှင့် ပတ်သက်၍ အချက်အလက်စစ်ဆေးပေးစေလိုလျှင် Myanmar Fact-checking Network (MFCN) အဖွဲ့ဝင်ဖြစ်သည့်၊ Myanmar Pressphoto Agency(MPA) ၊ Delta News Agency(DNA) စသည့် အချက်အလက်စစ်ဆေးပေးသော အဖွဲ့များ၊ သတင်းဌာနများသို့ ဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်ပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – Link
Fb – Link