ပြည်တွင်းအားကို ပြန်ကြည့်ဖို့ လိုနေတဲ့ NUG 

ဩဂုတ် ၊ ၂၆

နွေဦးတော်လှန်ရေး ကနဦး စတင်ကတည်းက လူမျိုးစုအစုံ၊ လူတန်းစားအစုံ စစ်အာဏာရှင်၏ မတရားအာဏာခိုးယူမှုကို လက်မခံပဲ ဆန့်ကျင်ခဲ့ကြသည်။

မြန်မာပြည်သူများ၏ တော်လှန်ရေးဖြစ်သည်။ မြန်မာပြည်သူအစုံစုံ၏ မတရားသော အမှုအကျင့်များကို တော်လှန်ပြီး တရားသော၊ အားလုံးတန်းတူဖြစ်သော စနစ်ကို တည်ဆောက်ရန် တော်လှန်ခဲ့ကြခြင်း ဖြစ်လေသည်။ အစောပိုင်းကာလတွင် GEN Z များ၏ တက်တက်ကြွကြွခေါင်းဆောင်မှုများကြားတွင် လူငယ်မျိုးဆက်သစ်များ၏ GEN တော်လှန်ရေးလို့လည်းခေါ်ကြသည်။

နောက်ပိုင်းမျိုးဆက်သစ် အသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တော်လှန်ကြသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည့် တော်လှန်ရေးဖြစ်လာခဲ့သည်။ ယင်းမျိုးဆက်သစ်အစုံစုံ၏ ဦးဆောင်မှုနောက်တွင် တစ်ခဲနက်အားပေးခဲ့သည်က ပြည်တွင်းပြည်သူများပင်ဖြစ်သည်။

တော်လှန်ရေး ထီ ဆိုလည်း ထိုးကြသည်၊ တော်လှန်ရေး ငွေတိုက်စာချုပ်ဆိုလည်း ဝယ်ကြသည်၊ ပန်းသပိတ်ဆိုလည်း ပန်ကြသည်၊ နူတ်ဆိတ်သပိတ်ဆိုလည်း ဆိုင်ပိတ်ပေးသည့် အထိတော်လှန်ကြည်သည်။

ထိုမှအပြင် ကာကွယ်ရေး တပ်ဖွဲ့များ အသီးသီးအတွက် ထောက်ပို့ဆိုလည်းပါကြသည်၊ အိမ်က ငွေတိုရွှေစများ ရောင်းကြသည်၊ ခိုင်းနေကြ နွားရောင်း၍ လက်နက်ဝယ်ကြသလို၊ စိုက်နေကြ လယ်ကွက်များလည်း ပေါင်ကြသည်အထိ ပြည်တွင်း ပြည်သူများ၏ တော်လှန်စိတ်ပြင်းပြင်းဖြင့်ဖြင် တော်လှန်ကြလေသည်။ ယင်းပြည်တွင်းပြည်သူများ၏ အားပေးတောင့်ခံနိုင်မှု၊ မျိုးဆက်သစ်အသီးသီး၏ ဦးဆောင်မှုဖြင့် မြန်မာ့နွေဦးတော်လှန်ရေး အနေဖြင့် တော်လှန်ခဲ့သည်မှာ ၃ နှစ်ကျော်ခဲ့ပြီ ဖြစ်လေသည်။

မြေပြင်တော်လှန်ရေးနှင့် NUG ၏ အဝေးရောက် မူဝါဒများ

မြန်မာ့နွေဦးတော်လှန်ရေးတွင် ပေါက်ပေါက်လာသော အဖွဲ့အစည်းများ ဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ စသော အဖွဲ့အစည်းများသည် လိုအပ်ချက်များရှိသော်လည်း မြန်မာ့နွေဦးတော်လှန်ရေးအတွက်၊ ပြည်သူ့အတွက် လုပ်ဆောင်ခဲ့ကြသော၊ အစုအဖွဲ့များ၊ လူပုဂ္ဂိလ်များနှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ယနေ့တိုင်လည်း တော်လှန်ရေးအတွက် ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ ယင်းသို့ဆောင်ရွက်ချက်များ အတွက် ယင်းပုဂ္ဂိုလ်များ၊ ခေါင်းဆောင်များကို အသိအမှတ်ပြုရမည် ဖြစ်ပေသည်။ ယင်းတော်လှန်ရေး အဖွဲ့အစည်းများတွင် တော်လှန်ရေးဆောင်ရွက်ချက်များ ဆောင်ရွက်ရာတွင် ပြည်တွင်းရှိ နေရာအစုံ၊ လူမျိုးအစုံက လူငယ် လူငယ်ရွာများ ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ထိုကြောင့် ယနေ့အထိ တော်လှန်ရေး ၃ နှစ်ကျော်ကြာ ဆောင်ရွက်နိုင်ခဲ့ခြင်းမှာ ယင်း ပြည်တွင်းလူငယ် လူရွယ်များ၏ ချွေး၊ သွေး၊ ဘဝတွေနှင့် တည်ဆောက်ခဲ့ရသည်လို့ ပြောရရင် လွန်မည်မထင်ပေ။ ထို့အပြင် ယင်းမျိုးဆက်သစ်ခေါင်းဆောင်များ၊ ဒေသပညာရှင် အသီးသီးတို့သည် တော်လှန်ရေးတွင် အမည် ၊ ရာထူးကို မကြည့်ပဲ တာဝန်ယူခဲ့ကြတဖြင့် ယနေ့အချိန်အထိ ခရီးရောက်ခဲ့တာ ဖြစ်သလို၊ ပထမ တော်လှန်ရေး ၉ လ တာခရီး အနေနှင့် ပြည်တွင်းရှိ မျိုးဆက်သစ်မျိုးစုံ၊ ဒေသပညာရှင်မျိူးစုံတို့ ကျရာတာဝန်ထမ်းဆောင်ခဲ့ကြသည်။

ထိုကြောင့် ကနဦးကာလ တော်လှန်ရေးသည် မြန်မာ့သမိုင်းတွင် မျိုးဆက်သစ်မျိုးစုံ ပါဝင်ဆောင်ရွက်ကြသလို၊ လူမှုချစ်ကြည်မှုအလှတရား အမြင့်ဆုံးအချိန်ကိုလည်း မြင်တွေ့ခဲ့သည်ဟု ထင်မြင်မိသည်။

မြန်မာနွေဦးတော်လှန်ရေး ၉ လတာ ကျော် ကြာလသည့်အခါ တစ်ဖြည်းဖြည့်ဖြင့် အရင်မြန်မာပြည်အစိုးရ အနီးတစ်ဝိုက်တွင် အလုပ်လုပ်ကြသော ပြည်ပ ပညာရှင်များ၊ အရင်နိုင်ငံရေးအစုအဖွဲ့များ၏ ခေါင်းဆောင်များနှင့် ရင်းနှီးသူများ တော်လှန်ရေးအစိုးရ အနီးတွင်ပြန်လည်ဝင်ရောက်လာသည်ကို တွေ့ရသည်။

မြန်မာပြည်သူများသည် ပြည်သူ့ခေါင်းဆောင်ကိုချစ်သည်၊ မြန်မာပြည်သူများသည် ပြည်သူ့အကျိုးကို ကိုယ်စားပြုသော ပါတီကို ချစ်မြတ်နိုး အားကိုးတကြီး အားပေးကြသည်။

ယင်းပြည်သူတို့၏ ချစ်စိတ်၊ မျှော်ကိုးစိတ် အသုံးချ၍ အချို့ပြည်ပပညာရှင်များ အနေနှင့် လက်ရှိတော်လှန်ရေး၏ဖြစ်ပေါ်လာသော နိုင်ငံရေးဖြစ်တည်မှုကို အပြည့်အဝနားလည်မှု မရှိပဲ တာဝန်ရှိသူများကိုသာ ချိတ်ဆက်ဆောင်ရွက်၍ “ အရင်နိုင်ငံတော်အကြံပေးနှင့် ရင်းနီးသူ၊ အရင်မြန်မာနိုင်ငံတွင် လုပ်ခဲ့ဖူးသည်” အစရှိသဖြင့် ပြောင်းလဲနေသော နိုင်ငံရေးအခင်းအကျင်း၊ စုစည်းမှုအခင်းအကျင်းကို နားမလည်ပဲ၊ ယခင် သက်ဆိုင်ရာ လူကြီးဆက်ဆံရေးကို အသုံးချ၍ ပြန်လည်ဝင်ရောက်လာသည်ကို တွေ့ရသည်။

ယင်းပုဂ္ဂိုလ်များသည် မြန်မာပြည်တွင် အလုပ်လုပ်ခဲ့တာလည်း မှန်ပါသည်၊ မြန်မာပြည်သူအပေါ် သံယောဇဉ် ရှိမယ်လို့လည်း ကျနော် ထင်ပါသည်၊ မြန်မာပြည်သူတွေ အရေးကိုလည်း ကူညီပေးလို့ ကျေးဇူးတင်ပါသည်။ သို့သော် ပြည်ပအကြံပေးအချို့အနေနှင့် ပြောင်းလည်းလာသော နိုင်ငံရေး၊ စုဖွဲ့မှုကို တန်ဖိုးထားပြင်ဆင်တာ မဟုတ်ပဲ၊ အရင်လူကြီး၊ အရင်မှုဟောင်းများဖြင့် ပြန်လည်ဝင်သည်ကို တွေ့ရသည်။

ထိုသို့ပြောင်းလည်းမှုများသည် မြန်မာ့နွေဦးတော်လှန်ရေးက ရောင်နီလင်းပြသည့် အတွေးအခေါ် တော်လှန်ရေးကို အဟန့်အတားဖြစ်စေခဲ့သည်။

ကနဦးအပေါ်မှာ ရေးခဲ့သည့်အတိုင်း တော်လှန်ရေးစသည့်ရက်မှ စ၍၊ လူတန်းစားအစုံ၊ အရွယ်အစုံ၊ လူမျိုးအစုံ တော်လှန်ကြသည့် တော်လှန်ရေးမှာ ကနဦး နိုင်ငံရေး အတွေးအခေါ်၊ ပြုပြင်ပြောင်းလည်းမှုများသည် မြန်မာ့အနာဂတ်အတွက် ရောင်ခြည်လင်းလင်းလက်လက် ဖြစ်ခဲ့သည်။

သို့သော် ကံမကောင်းစွာ ယင်းပြည်ပ အကြံပေးများ၏ နားမလည်မှု၊ အရင်ရှိရင်းစွဲ လူကြီးဆက်ဆံရေးကို အသုံးချမှုများကြောင့် နွေဦးတော်လှန်ရေးကနေ ပေါ်ပေါက်လာသော လူငယ် လူရွယ်များ၏ အခန်းကဏ္ဍကို မှေးမှိန်စေခဲ့သလို၊ ယင်းတော်လှန်ရေးဆိုင်ရာ ယန္တယားများတွင် အတွေးအခေါ်အသစ်များ၊ ပြုပြင်ပြောင်းလဲမှုများ သယ်ယူလာသည့် လူငယ်များကို နားထောင်မှုများနည်းပြီး၊ ယင်းတော်လှန်ရေးအစိုးရ မှုဝါဒဆိုင်ရာ ပြင်ဆင်မှုများသည် ယင်းပြည်ပ ပညာရှင်များကိုသာ ပိုမို နားထောင်လာပြီး၊ မြန်မာ့နွေဦးတော်လှန်ရေး၏ နိုင်ငံရေးသည် ရေပေါ်ဆီ အုပ်စုလိုက်သာ သိနိုင်သော နိုင်ငံရေးသဖွယ် ဖြစ်လာသည်ကို စိတ်မကောင်းစွာ တွေ့ရသည်။

နောက်ဆုံးဥပမာ အနေနှင့် မြေပြင်ချွေးသွေးနှင့် တိုက်နေရသော ရဲဘော်များ၊ ပြည်သူများ၏ အသံကို ကြားမြင်ရသည်မဟုတ်ပဲ နိုင်ငံတကာကူညီသူများနှင့် တော်လှန်ရေးအောင်မြင်မူများဟု ခေါင်းစဉ်သတ်ဆွေးနွေးခဲ့သည့်ပွဲသည် ထ သွားမှ အကျိုးမှန်းသိ ဆိုတကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် မှုဝါဒပြင်ဆင်ရာတွင် မြေပြင်နှင့်ဒေသခေါင်းဆောင်တွေထက် ပြည်ပ ပညာရှင်များအား နေရာပေး၊ မှုဝါဒတွေက ပြည်သူနှင့် ဝေးလာသလား စိတ်မကောင်းစွာ စိုးရိမ်လာရသည်။

မြန်မာ့နွေဦးတော်လှန်ရေးသည် အောင်ဖို့နီးလာနေပြီဖြစ်သည်။ ယင်းတော်လှန်ရေးကို ပြည်တွင်းရှိပြည်သူများ၏ အား၊ တော်လှန်ရေးရဲဘော်များ၏ လုပ်အား၊ တော်လှန်ရေးအင်အားစုအသီးသီး၏ ခွန်အားတွေနှင့် တည်ဆောက်ထားရတာ ဖြစ်သည်။ ယင်းတော်လှန်ရေး ၃ နှစ်ကြာ နေ့ရက်အသီးသီးတွင် ပြည်တွင်းအင်အားကို အဓိကထား၍ သွားခဲ့ရတာဖြစ်သည်။ မြန်မာကို မြန်မာပြည်သူတွေ တည်ဆောက်ရမည်လည်းဖြစ်သည်။ မြန်မာ့အရေး၊ မြန်မာပြည်သူများကို ကူညီကြသော ပြည်ပမှ လူပုဂ္ဂိလ်၊ အဖွဲ့အစည်းတွေကို ကျေးဇူးတင်သည် အသိအမှတ်ပြုသည်။ အကြံပေးကြတာပဲ ဖြစ်ဖြစ်၊ လူမှုကူညီရေးအတွက် လှူဒါန်းကြတာပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးပိုင်း၊ အခြားနည်းပညာပိုင်း ကူညီကြတာပဲ ဖြစ်ဖြစ် ကျေးဇူးတင်ပါသည်။ သို့သော် ……..

မြန်မာ့နွေဦးးတော်လှန်ရေးသည် လူမျိုးစုံ၊ မျိုးဆက်သစ်အစုံ၊ နိုင်ငံရေးအတွေးအခေါ်အသစ်များနှင့် တော်လှန်နေသော တော်လှန်ရေးဖြစ်သည်။ ဘယ်လူကြီး၏ အကြံပေးမို့၊ ဘယ်ပါတီနှင့် အလုပ်လုပ်ခဲ့လို့ ဆိုသော မျက်စိမှိတ်ယုံ၊ အားနာ၍ နေရာပေးသော အလုပ်များလည်း ရပ်တန့်သင့်ပြီ ထင်သည်။ လက်ရှိတော်လှန်ရေးကို ပြည်တွင်းအားနှင့် ရုန်းခဲ့ကြတာ ၃ နှစ်ကျော်ပြီ၊ ဆက်လက်အောင်မြင်ဖို့၊ မြန်မာပြည်သူတွေ အသံ၊ မြန်မာမျိုးဆက်သစ်ခေါင်းဆောင်တွေရဲ့ အသံ၊ မြန်မာပြည်တွင်းရှိသော အစုအဖွဲ့များ၊ ပညာရှင်များကို နားထောင်၍ ပြင်ဆင်ရမည် အချိန်လို့ ယုံကြည်မိသည်။

မြန်မာ့နွေဦးတော်လှန်ရေးသည် အတော်ခရီးပေါက်လာပြီဖြစ်သည်။ မြန်မာပြည်သူများ၊ မြန်မာ့တော်လှန်ရေးအင်အားစုများ အနေနှင့်ဖြင့် ရေဆန်မှာချောခဲ့တမျှ ရေစုန်မှာ မမောရအောင် ပြင်ဆင်သတိရဖို့လိုအပ်သည်။

ဤတော်လှန်ရေးသည် မြန်မာပြည်သူတွေ၏ အား၊ မြန်မာမျိုးဆက်သစ်အသီးသီး ပညာရှင်အသီးသီးအားနှင့် ခရီးနှင်လာခဲ့တာ ၃ နှစ်ကျော်ကြာ၊ အောင်ပွဲနှင့်လည်း နီးလာပြီဖြစ်သည်။ ထိုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ မှုဝါဒဆိုင်ရာ ပြင်ဆင်မှုများသည် ပြည်တွင်းအင်အားစုများ၊ ပြည်တွင်းပညာရှင်များ၏ အားကို ပိုမိုပြင်ဆင်သုံးရမည်ဟု ထင်မြင်မိသည်။ မိမိတို့ တော်လှန်ရေးကို အတူတူလုပ်ခဲ့ကြသည်။ ယင်း နောက်ဆုံးတွန်းအားအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ တော်လှန်ရေး အစိုးရ၏ ခေါင်းဆောင်မှုအောက်၊ အခြားတော်လှန်ရေးအင်အားစုများ၏ ခေါင်းဆောင်မှုအောက်တွင် ပြည်တွင်းပညာရှင်များ၏အား၊ ပြည်တွင်းပြည်သူများ၏အားကို အသုံးချ၍ တွန်းလျှင် မြန်မာ့တော်လှန်ရေးအောင်ပွဲကို ရမည်ဟု မိမိထင်မြင်မိသည်။

ထိုကြောင့် ပြည်ပပညာရှင်များအား အားနာ၍ နေရာပေးရခြင်း၊ ပြည်ပနိုင်ငံများအား အမျှော်လွန်ခြင်းများမှ လျော့ချ၍ မြေပြင်အောင်ပွဲများ၏ ခွန်အား၊ မျိုးဆက်သစ်ခေါင်းဆောင်၊ ဒေသအသီးသီးခေါင်းဆောင်များ၏ စွမ်းအား၊ ပြည်တွင်း သက်ဆိုင်ရာကဏ္ဍအသီးသီး ပညာရှင်များကို နွေဦးတော်လှန်ရေးလုပ်ငန်းစဉ်များတွင် ပိုမို နေရာပေး အသုံးပြုလုပ်ဆောင်၍ အမျိုးသားညီညွတ်ရေး အစိုးရ အနေနှင့် မူဝါဒဆိုင်ရာ ပြည်တွင်းအားသုံး၍ ပြည်သူ့အစိုးရ အနေဖြင့် ပြည်သူ့အတွက် အကျိုးပြုအောင်ပွဲယူနိုင်မည်ဖြစ်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည် ။

တော်လှန်ရေး သစ္စာဖြင့်

ဘကြီးမှုံ