သပိတ်ကျင်း ကွင်းငါးရာ စစ်စခန်းကို MDY-PDFသိမ်းပိုက်၊စဉ့်ကူး-မိုးကုတ်လမ်းမှာစစ်ကောင်စီ ကင်းစင်ပြီလို့ အသိပေး

Photo – MDY-PDF

ဩဂုတ်၊ ၂၆

သပိတ်ကျင်းမြို့နယ် ကွင်း ၅၀၀ အခြေပြုလှုပ်ရှားနေတဲ့ စစ်ကောင်စီဗိုလ်မှူးချုပ်တဦး ဦးဆောင်တဲ့ စခန်းကို မနေ့ က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားနဲ့ သုံ့ပန်းတွေရရှိထားတယ်လို့ ပြည်သူ့ကာ ကွယ် ရေးတပ်မတော်(မန္တလေး)က ဒီကနေ့အသိပေးပါတယ်။

ဗိုလ်မှူးချုပ် စိုးကျော်ထိုက်ဦးစီးပြီး အင်အား လေးရာလောက်ရှိတဲ့ အဲ့ဒီစခန်းကို ဩဂုတ် ၅ရက်ကနေ ၂၅ရက်အထိ ရက်ပေါင်းနှစ်ဆယ်ကြာ အပြင်းအထန်ထိုးစစ်ဆင်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲကနေ သိမ်းဆည်းရရှိတဲ့  လက်နက်ခဲယမ်းအရေအတွက်ကို MDY-PDF ထုတ်ပြန်ချက်မှာ ဖော်ပြမထားပေမယ့် မှတ်တမ်းဓာတ်ပုံတွေအရ လက်နက်မျိုးစုံ တရာဝန်းကျင်အထိ ရှိနိုင်တာတွေ့ရပါတယ်။

MDY-PDF ကဖမ်းမိထားတဲ့ သုံ့ပန်းအရေအတွက်ကိုလည်းအတိအကျဖော်ပြထားတာမရှိသလို တော်လှန်ရေးပူး ပေါင်းတပ်တွေဘက်ကလည်း ပေးဆပ်မှုတချို့ရှိခဲ့တယ်လို့ဆိုထားပါတယ်။

ဒါကြောင့်လက်ရှိမှာ မန္တလေးတိုင်းစဉ့်ကူးမြို့ကနေ မိုးကုတ်အထိလမ်းပိုင်းတလျှောက် စစ်ကောင်စီစခန်းကြီး၊ စခန်းငယ်တွေအားလုံးကင်းစင်သွားပြီလို့ MDY-PDF ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စဉ့်ကူးမြို့နယ်ဟာ MDY-PDF ပူးပေါင်းတပ်တွေ လက်ရှိအထိ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်ဖြစ်ပြီး မိုးကုတ်မြို့နယ်ကိုတော့ TNLA ပူးပေါင်းတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတာပါ။

စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေနဲ့ထိစပ်နေကာ ဧရာဝတီမြစ်သာခြားပြီး ရွှေလုပ်ကွက်တွေရှိရာ သပိတ်ကျင်း မြို့နယ်ထဲမှာ KIA၊AA၊ PDF၊ABSDF ပူးပေါင်းတပ်တွေရော ရှမ်းပြည်နယ်ကနေဆက်လက်ထိုးစစ်ဆင်လာတဲ့ TNLA ၊MDY-PDF တပ်တွေကပါ တပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်မှုတွေလုပ်ခဲ့ကြတာပါ။

KIA အရာရှိတွေဦးဆောင်တဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသကလည်း သပိတ်ကျင်းမြို့ကို မနေ့ကမနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ပြီလို့ ဒီကနေ့ထုတ်ပြန်ထားပါသေးတယ်။

အမှတ်(၁) စစ်ဒေသကွပ် ကဲမှုနဲ့ ထိုးစစ်ဆင်နေတဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ သပိတ်ကျင်းမြို့နယ် မြောက်ခြမ်းက တကောင်းမြို့ကိုလည်း အခုလအတွင်းမှာပဲ တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

အလားတူ လက်ရှိမှာလည်း တကောင်းမြို့ရဲ့မြောက်ဘက် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ် ထီးချိုင့်မြို့ကို ဆက်လက် ထိုးစစ်ဆင်နေပြီး ထီးချိုင့်မြို့နယ်ထဲပါဝင်တဲ့ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းပေါ်က မြတောင် ဒေသကို တော့ သိမ်းပိုက်ထိန်းချုပ် ထားနိုင်ပြီဖြစ်ပါတယ်။