မောင်တောမှာ တပ်ပျက်နေတဲ့ စစ်ကောင်စီ

Photo – AA Info Desk

သြဂုတ်၊ ၂၅

စစ်ကောင်စီဖက်ကလေကြောင်းပစ်ကူအပါအဝင် အပြင်းအထန်ခုခံနေတဲ့ကြားက မြန်မာ-ဘင်္ဂလားဒေ့နယ်စပ် မောင်တောမြို့ကို အာရက္ခတပ်တော်(AA)ကအလုံးစုံသိမ်းပိုက်နိုင်တော့မှာဖြစ်ပါတယ်။

 ပြီးခဲ့တဲ့သြဂုတ်လ၄ရက်က စတင်ထိုးစစ်ဆင်ခဲ့တဲ့မောင်တောမြို့သိမ်းတိုက်ပွဲမှာ နှစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး မြို့အတွင်း ခံစစ်ပြင်ဆင်ထားတဲ့ စစ်ကောင်စီ သင်တန်းဆင်းရိုဟင်ဂျာ(မူဆလင်လို့သုံးထား)လက်နက်ကိုင်အဖွဲ့တွေ၊ ARSA၊ RSO၊ ARA စတဲ့လက်နက်ကိုင်အဖွဲ့တွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့တွေဟာ အထိအခိုက်၊ အကျအဆုံးတွေနဲ့အတူကစဉ့်ကလျားထွက်ပြေး၊ လက်နက်ချအညံ့ခံတာတွေ ဆက်တိုက် ပြုလုပ်လာနေလို့မောင်တောမြို့ကို အလုံးစုံထိန်းချုပ်နိုင်တော့မယ်လို့AAက သြဂုတ်၂၄ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲမစတင်ခင် ပြီးခဲ့တဲ့သုံးလလောက်ကတည်းကမြို့ပတ်ဝန်းကျင်ရှိ စခန်းတခုပြီးတခု သိမ်းပိုက်ရရှိရန်ကြိုးပမ်းနေခဲ့တာလို့ဆိုပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲစတင်ပြီး ရက်ပေါင်း နှစ်ဆယ်ကြာ ကာလအတွင်းမှာပဲမြို့အတွင်းရှိစစ်ကောင်စီနဲ့အပေါင်းအပါတွေရဲ့ ခံစစ်နေရာတွေကို တခုပြီးတခုသိမ်းပိုက်ရရှိထားပြီးဖြစ်ပြီးအနည်းငယ်သာကျန်ရှိတော့တဲ့ ခံစစ်နေရာအားလုံးကို တခုမကျန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဆက်လက်ဖော်ပြထားပါတယ်။ဒါကြောင့်မလို့မောင်တောမြို့သိမ်းတိုက်ပွဲမှာ ဆက်လက် ပြင်းထန်နေတယ်လို့လည်းဆိုပါတယ်။

မောင်တောမြို့ကိုလက်လွှတ်ရန် သေချာနေပြီဖြစ်လို့ စစ်ကောင်စီဖက်က မြို့အတွင်းရှိလူနေအိမ်၊ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးပြီးရရာနည်းလမ်းတွေနဲ့ထွက်ပြေးတိမ်းရှောင်လျက်နေတယ်၊ထွက်ပြေးနေသူတွေအပါအဝင် ခုခံစစ်ဆင်နွှဲနေသူအားလုံးကို လိုက်လံတိုက်ခိုက်နေတယ်လို့လည်းAAကပြောပါတယ်။

ဒါ့အပြင်မောင်တောမြို့နဲ့အနီးဝန်းကျင်နေရာတွေဆီထွက်ပြေးလွတ်မြောက်နေတဲ့စစ်ကောင်စီနဲ့အပေါင်းအပါတပ်ဖွဲ့ဝင်တွေကိုအခုရက်ပိုင်းအတွင်းနေ့တိုင်းဖမ်းဆီးရမိသလို၎င်းတို့အလောင်းတွေနဲ့အတူစစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းတွေကို ဆက်တိုက်သိမ်းဆည်းရမိခဲ့တယ်လို့လည်းဆိုပါတယ်။

လက်နက်ချအညံခံခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေနဲ့ဖမ်းဆီးမိခဲ့တဲ့စစ်ကောင်စီနဲ့အပေါင်းအပါတပ်ဖွဲ့ဝင်တွေ၊လက်နက်ခဲယမ်းတွေကိုလည်းဓါတ်ပုံနဲ့တကွဖော်ပြထားတာပါ။

မောင်တောမြို့နယ်မှာ စစ်ကောင်စီဖက်က နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ-၅)တခုသာ ကျန်ရှိတော့ပြီး မြို့တွင်းနေရာတချို့မှာတော့ နေရာယူထားသေးတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။

ဒါ့အပြင်စစ်ကောင်စီတပ်ဟာ မောင်တောမြို့တစ်မြို့လုံးကို အဆင့်ဆင့်သော ခုခံစစ်တွေနဲ့ ပြင်ဆင်ထားပြီး အမှတ် (၁)၊ (၂)၊ (၃)၊(၄)၊ ကညင်တန်းအစရှိတဲ့ ရပ်ကွက်တွေအတွင်းရှိ စစ်ရေးအရ အရေးပါ၊ အချက်အချာကျတဲ့ အထပ်မြင့်အဆောက်အအုံတွေ၊ တိုက်တာအိုးအိမ်တွေ၊ စာသင်ကျောင်းတွေ အပါအဝင် အခြားသော နေရာတွေကို စစ်စခန်းအဖြစ် အသုံးပြုခုခံနေတယ်လို့ AA နဲ့စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

“နည်းနည်းကြာနေတာက လေကြောင်းကနေခုခံနေတာရယ် ပိတ်မိနေသူတွေရှိနေလို့ရယ်ကြောင့်ပါ၊ အခုအတိုင်းဆိုရင်တော့မကြာတော့ပါဘူး”လို့ စစ်ရေးစောင့်ကြည့်သူတဦးကပြောပါတယ်။

AA ဟာ မောင်တောမြို့တွင်း တိုက်ပွဲတွေစပြီးနောက် မြို့တွင်းပိတ်မိနေသူ ရိုဟင်ဂျာအပါအ၀င် ဒေသခံအရပ်သားတွေကို ဆက်တိုက် ကယ်ထုတ်ခဲ့ပြီး လူနှစ်သောင်းနီးပါး ကယ်ထုတ်၊ ဘေးလွှတ်ရာပို့ဆောင်ထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ထပ်ပြီးတော့လည်း မြို့တွင်း ပိတ်မိနေသူတွေ ကျန်နေသေးတာဖြစ်ပြီး နေ့စဉ်နဲ့အမျှ ကယ်ထုတ်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မောင်တောမြို့နယ်ကို သိမ်းပိုက်နိုင်ရင်တော့AAက မြန်မာ-ဘင်္ဂလားဒေ့နယ်စပ်ဒေသတခုလုံးကိုအပြည့်အဝထိန်းချုပ်နိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင်မြို့တော်စစ်တွေကလွဲရင် ရခိုင်မြောက်ပိုင်းဒေသအားလုံးကို ထိန်းချုပ်နိုင်မှာလည်းဖြစ်ပါတယ်။