မန္တလေးမှာ ဓာတ်လိုက်နေတဲ့သားဖြစ်သူကို မိခင်ကကူညီဖို့ကြိုးစားရင်းသားအမိနှစ်ဦးလုံးသေဆုံး

Photo – မြရည်နန္ဒာလူမှုကူညီရေးအသင်း

ဩဂုတ်၊ ၂၅

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်မှာမနေ့ညက ဓာတ်လိုက်နေတဲ့သားဖြစ်သူကို ကူညီဖို့ ကြိုးစားရာက မိခင်ပါဓာတ်လိုက်သွားပြီး သားအမိနှစ်ဦးလုံး သေဆုံးမှုဖြစ်ခဲ့တယ်လို့ မြရည်နန္ဒာလူမှုကူညီရေး အဖွဲ့ဆီကသိရပါတယ်။

“သံဇကာမှာ မီးကြိုးပေါက်နေတာကို သူတို့ကသတိမထားမိတာဗျ၊ကောင်လေးက ရေချိုးနေတဲ့အချိန်မှာ သံဇကာ ကိုသွားကိုင်မိတာ၊သွားကိုင်မိတော့ ဓာတ်လိုက်နေတာ၊အမေကလည်းစိတ်ပူတော့သားကို သွားကိုင်တာပေါ့၊အဲ့ဒီမှာ သားအမိနှစ်ယောက်လုံး (ဓာတ်)လိုက်သွားတာပေါ့”လို့ မြရည်နန္ဒာလူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

သေဆုံးသွားတဲ့ သားအမိနှစ်ဦးဟာ ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက် အကွက်(ဗ)၂၇ ကနေအိမ်တ အိမ်မှာနေထိုင်သူတွေဖြစ်ပြီး သားဖြစ်သူ အသက် ၂၅နှစ်ဝန်းကျင် မိခင်ဖြစ်သူက အသက်ငါးဆယ်ဝန်းကျင်ရှိသူ တွေဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီသားအမိနှစ်ဦးဟာ မနေ့ကညပိုင်း ဆယ်နာရီဝန်းကျင်မှာ ဓာတ်လိုက်သေဆုံးသွားတာလို့သိရပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရပ်ကွက်နေသူတွေက ဆက်သွယ်အကူအညီတောင်းလာတာကြောင့် သေဆုံးသွားတဲ့  သားအမိနှစ်ဦးရုပ်အလောင်းတွေကို သွားရောက်သယ်ယူကာ မန္တလေးဆေးရုံကြီးဆီပို့ပေးခဲ့တယ်လို့ မြရည်နန္ဒာ လူမှုကူညီရေးအဖွဲ့က အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ရက်ကလည်း မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊မင်းတဲအီကင်းရပ်ကွက်မှာ မိန်းကလေးငယ် တဦး မိခင်နဲ့အတူ ရေချိုးနေချိန် ရေမော်တာကိုသွယ်တန်းထားတဲ့ ဓာတ်ကြိုးကနေ ဓာတ်လိုက်တာကြောင့် ကလေးငယ်သေဆုံးကာ မိခင်ဖြစ်သူက မစိုးရိမ်ရ ဒဏ်ရာရခဲ့ပါသေးတယ်။

အဲ့ဒီဖြစ်စဉ်မှာလည်း ဓာတ်လိုက်ပြီး ရေသိုလှောင်ကန်ထဲ ပြုတ်ကျသွားတဲ့ မိန်းကလေးငယ်ကို မိခင်က ဆယ်ယူဖို့ ကြိုးစားရင်းမိခင်ပါဓာတ်လိုက်ကာ ဒဏ်ရာရခဲ့တာပါ။

အလားတူ မေလ ၆ရက်ညပိုင်းကလည်း မန္တလေးမြို့ ၈၅လမ်း၊၃၃လမ်းနဲ့ ၃၄လမ်းကြားကအဆောင်တခုမှာ နေ ထိုင်တဲ့ အသက် ၂၄နှစ်ဝန်းကျင်လူငယ်အမျိုးသားတဦး အဆောင်မှာဓာတ်လိုက်ခဲ့တာကြောင့် မန္တလေးဆေးရုံကြီး ကိုပို့နေချိန်လမ်းမှာသေဆုံးခဲ့ပါသေးတယ်။

မြရည်နန္ဒာလူမှုကူညီရေးအဖွဲ့တာဝန်ရှိသူကတော့ ဓာတ်လိုက်နေသူတဦးကို ကူညီကယ်ဆယ်ဖို့ဆိုရင် လျှပ်စစ်မိန်း ခလုတ်ကို အရင်ဆုံးပိတ်ချနိုင်ဖို့ ကြိုးစားသင့်တယ်လို့အကြုံပြုပါတယ်။

“အဓိက တစ်အချက်ကတော့ ဓာတ်လိုက်ပြီဆိုရင် Main Breaker တချက်ကြည့်ရမှာပေါ့၊ မိန်းချနိုင်အောင် ကြိုးစား ရမှာပေါ့။ နှစ်အချက်ကတော့ ခြောက်သွေ့တဲ့ ဝါးလုံးတို့ဘာတို့နဲ့ တွန်းတာ၊ဖြုတ်တာတို့ပေါ့၊အဲ့လိုလုပ်ရင်တော့ (ကူညီသူကို)  ဓာတ်လိုက်နိုင်မှုမရှိဘူးပေါ့”လို့သူကပြောပါတယ်။