ကန့်ဘလူမှာ စစ်ကောင်စီတပ်စစ်ကြောင်း စောင့်ကြိုတိုက်ခိုက်ခံရ

သြဂုတ် ၊ ၂၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးရွာကနေ ခြေလျင်ထွက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို ချပ် သင်းရွာအနီး ဒီကနေ့ မနက်ပိုင်းမှာ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု ရှိ တယ် လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

“ချပ်သင်းဘက်ကို ထွက်လာတာပေါ့လေ၊ ရိက္ခာပို့မယ်လို့တော့ သတင်းရတယ်၊ အဲဒီ ထွက်လာတဲ့စစ်ကြောင်းကို ကျွန်တော်တို့ဘက်က လာရာလမ်းကနေ ဆီးကြိုတိုက်ခိုက်တာ” လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၂၅၀ ဝန်းကျင်ရှိတယ်ဆိုတဲ့ အဲဒီစစ်ကောင်စီတပ်စစ်ကြောင်းဟာ သြ ဂုတ် ၂၂ ရက်ကတည်းက ကျွန်းလှမြို့ကနေ ထွက်လာတာဖြစ်ပြီး ချပ်ကြီးရွာနားအရောက်မှာလည်း ကြားဖြ တ်တိုက်ခိုက်ခံခဲ့ရပါသေးတယ်။

ဒီကနေ့ မနက်တိုက်ခိုက်ခံရမှုမှာတော့ စစ်ကောင်စီတပ်ဘက်က ခုနစ်ဦးထက်မနည်းသေဆုံးပြီး သုံးဆယ် ဝန်း ကျင် ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပေမယ့် DNA အနေနဲ့ကတော့ အတိအကျ အတည်မ ပြုနိုင်သေးပါဘူး။

“ကင်းထောက်တွေကနေ လှမ်းကြည့်နေတာ မြေမြှုပ်ပြီးတော့မှ အမိန့်ပြန်တမ်းတွေလုပ်နေတာကို လှမ်းမြင် ရတယ်ဗျ” လို့လည်း အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

တနာရီဝန်းကျင်ကြာ အပြန်အလှန်ပစ်ခတ်မှုအပြီးမှာတော့ စစ်ကောင်စီတပ်စစ်ကြောင်းက ချပ်သင်းရွာထဲရှိ စစ် ကောင်စီတပ်စခန်းဘက်ကို ဝင်သွားခဲ့ပြီး ဒီကနေ ညနေ လေးနာရီဝန်းကျင်လောက်အထိတော့ အခြေအနေ ငြိမ် သက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ စစ်ကောင်စီတပ်စစ်ကြောင်းကိုတော့ ကန့်ဘူခရိုင် အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၄ နဲ့ တခြား ဒေသအခြေစိုက် တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်တွေဘက်ကတော့ အကျအဆုံး မရှိ ဘူးလို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေဘက်ကတော့ အဲဒီစစ်ကောင်စီတပ်စစ်ကြောင်းဟာ ချပ်သင်းနဲ့ ကိုးတောင်ဘို့ ရွာတွေ မှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေဆီ ရိက္ခာပို့ဖို့ လာတာဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

“ကိုးတောင်ဘို့ကို ရိက္ခာထောက်ပို့ မရောက်တာ တော်တော်ကြာပြီ၊ အဲဒီအထိ တက်မယ်လို့တော့ သတင်း ကြားထားတယ်”လို့ အထက်ပါတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ကျွန်းလှမြို့နဲ့ ကောလင်းမြို့ကြားမှာရှိတဲ့ ချပ်သင်းရွာမှာ စစ်ကောင်စီနဲ့ ပျူစောထီး အင်အား ခုနစ်ဆယ် ဝန်းကျင် ရှိနိုင်တဲ့ တပ်စခန်းရှိသလို ချပ်သင်းရွာနဲ့ ၁၃ မိုင်ခန့်အကွာ ကိုးတောင်ဘို့ရွာမှာလည်း စစ်ကောင်စီတပ်က အခိုင် အမာ တပ်ချထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းကတော့ ချပ်သင်းရွာမှာရှိတဲ့ နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်မီးရှို့ခဲ့ဖူးပါတယ်။

အခုလို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့ လမ်းတလျှောက်မှာရှိတဲ့ ကျေးရွာ ခုနစ်ရွာလောက်က ဒေသခံ  တွေကတော့ ဘေးလွတ်ရာ ကြိုတင်တိမ်းရှောင်နေခဲ့ကြရပြီး စစ်ကြောင်းဆက်ထိုးနိုင်တဲ့ လမ်းတလျှောက်က တခြားရွာခံတွေလည်း တိမ်းရှောင်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

အလားတူပဲ ကန့်ဘလူအခြေစိုက် တင့်ကားတပ်ရင်း(တကရ) ၆၀၀၆ ကနေ သြဂုတ် ၂၂ ရက်က ထွက်လာတဲ့ အင်အား ၁၂၀ ခန့်ရှိ စစ်ကောင်စီတပ်တွေကလည်း နတ်အင်းရွာဘက်ကို တကြောင်း၊ ငတို့ရွာဘက် ကိုတ ကြောင်း စစ်ကြောင်းနှစ်ခုခွဲပြီး စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။