မောင်းမကန်မှာ KTVတွေမီးရှို့ခံရပြီးနောက် စစ်တပ်လာရောက်အခြေချလို့ ဒေသခံတွေ ဘေးလွတ်ရာ ပြောင်းရွှေ့

သြဂုတ် ၊ ၂၄

နာမည်ကျော်မောင်းမကန်ကမ်းခြေရှိရာ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာက ရွာခံတဝက်လောက်ဟာ ရွာ ထဲရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြောက်ရွံ့တာကြောင့် ဘေးလွတ်ရာ ပြောင်းရွှေ့ကုန်ကြပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ရှေ့ လေး၊ ငါးရက်လောက်ကတည်းက ကြိုပြီးတက်လာကြတဲ့သူတွေတောင်ရှိတယ်၊ သူတို့(စစ်တပ်)က ည ၁၁ နာရီလောက်ဆို လှုပ်ရှားတာပဲ၊ ရွာထဲလျှောက်ပတ်တာ၊ ရင်တမမနဲ့ သောကရောက်နေရတာ ဘာလုပ်မလဲဆိုပြီး” လို့ ထားဝယ်မြို့ပေါ်မှာ လာရောက်တိမ်းရှောင်နေတဲ့ မောင်းမကန်ရွာခံအမျိုးသမီးတဦးက DNA ကို ပြောပ◌ါတယ်။

မောင်းမကန်ရွာမှာရှိတဲ့ နယ်မြေရဲစခန်းကို  ပြီးခဲ့တဲ့ငါးရက်လောက်ကတည်းက စစ်ကောင်စီတပ်ဖွဲ့ ငါးဆယ်ဝန်း ကျင် ရောက်ရှိနေတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်မှာ၊ ဖမ်းဆီးရမ်းကားမှုတွေ ရှိလာမှာကို စိုးရိ မ် တာကြောင့် အခုလို တိမ်းရှောင်နေကြတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်ညက မောင်းမကန် ကမ်းခြေမှာရှိတဲ့ KTV ​ခြောက်ခုကို တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ဗထူးတပ်မတော်က မီးရှို့ဖျက်ဆီးခဲ့သလို မောင်းမကန်နယ်မြေရဲစခန်းကိုလည်း တော်လှန်ရေးတပ်တွေက သွား ရောက်ပစ်ခတ်တာတွေရှိခဲ့ပြီးနောက်မှာ အခုလို အင်အားဖြည့်တင်းရောက်ရှိလာတာလို့ ဆိုပါတယ်။

“မနေ့ကဆို လေယာဥ်က နှစ်ခါလာတယ်၊ ပြီးရင် ကမ်းခြေမှာ သင်္ဘောက နှစ်စီးရှိတယ်လေ၊ တကယ်ဖြစ်ပြီဆို မလွယ်ဘူး၊ မဖြစ်ရင်တော့ ကောင်းတာပေါ့”လို့လည်း မောင်းမကန်ရွာခံ အမျိုးသမီးက ပြောပါတယ်။

အခုရက်ပိုင်းအတွင်းမှာလည်း နှစ်ဖက်တိုက်ပွဲတွေ မရှိပေမယ့် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ် တာတွေလုပ်နေတယ်လို့ သိရပါတယ်။

ထားဝယ်မြို့အနောက်ဘက် ခုနစ်မိုင်ခန့်အကွာမှာရှိတဲ့ မောင်းမကန်ရွာမှာ ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ် ထောင်စု တထောင့်ခြောက်ရာကျော်ရှိပြီး လက်ရှိမှာတော့ တဝက်လောက် တိမ်းရှောင်ကုန်ကြပြီလို့ ဆိုပါတယ်။

တိမ်းရှောင်ကြသူတွေကတော့ နေစရာအခက်အခဲကြုံနေကြရပြီး ထားဝယ်မြို့ပေါ် တိမ်းရှောင်လာ ကြသူတွေ အနေနဲ့လည်း အခန်းငှားဖို့ အခန်းလွတ်ရှာမရကြဘူးလို့သိရပါတယ်။

“ကျန်ခဲ့တဲ့သူတွေလည်းများသေးတယ်၊ သူတို့လည်း ဒွိဟဖြစ်နေကြတာ၊ လာပြီးရင် ချက်ချင်းနေဖို့ နေရာလို တယ်လေ” လို့ အထက်ပါ မောင်းမကန်ရွာခံက ပြောပါတယ်။

စစ်အာဏာသိမ်းကာလအတွင်းမှာပဲ လာရောက်လည်ပတ်သူ အထိုက်အလျောက်ရှိခဲ့တဲ့ မောင်းမကန်ကမ်းခြေနဲ့ မောင်းမကန်ရွာထဲမှာ လက်ရှိမှာတော့ ဆိုင်ခန်းတွေ အားလုံးနီးပါးပိတ်ထားကြရပြီး လမ်းသွားလမ်းလာတွေ လည်း မရှိကြဘူးလို့သိရပါတယ်။

“စစ်ဆေးတာတော့ရှိတယ် သူတို့နဲ့တွေ့ရင်၊ မတွေ့ရင်တော့ သွားလို့တော့ရတယ်” လို့လည်း နောက်ထပ် မောင်းမကန်ရွာခံတဦးက ပြောပါတယ်။

ဒါ့အပြင် လူမရှိတဲ့နေအိမ်တချို့ကို တံခါးဖျက်ဆီးဝင်ရောက်မယ်ဆိုပြီး စစ်ကောင်စီတပ်က ဒေသခံတွေကြား သတင်းလွှင့်ထားတယ်လို့လည်းသူကပြောပါတယ်။

“သူတို့ ရွာထဲမှာ ဟိုအိမ်တက်၊ ဒီအိမ်တက် လိုက်မွှေနေတာပဲ၊ ပြီးရင် မသင်္ကာတဲ့လူတွေကို ဖမ်းတာမျိုးလည်း ရှိတယ်၊ (တိုက်ပွဲ)ဖြစ်နိုင်ချေတော့ ရှိတာပဲ”လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ပြန်ကြား ရေးတာဝန်ခံ ကိုရှဲဒိုးက ပြောပါတယ်။

တော်လှန်ရေးတပ်တွေဘက်ကတော့ မောင်းမကန်နယ်မြေရဲစခန်းကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက် ခိုက်တာတွေ မကြာခဏလုပ်လေ့ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်းက ပစ်ခတ်တိုက်ခိုက်မှုတခုမှာဆိုရင် ဒုရဲအုပ်တဦးနဲ့ ရဲတပ်ကြပ်တဦး သေဆုံးခဲ့ပါတယ်။

Photo – TNTY News

ပုံစာ -မီးရှို့ခံထားရတဲ့ မောင်းမကန်ကမ်းခြေက ktvတခု