စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေဆက်တိုက်ရှိနေ

Photo – Google map

ဩဂုတ်၊ ၂၃

စစ်ကိုင်းတိုင်းအထက်ပိုင်းက ထီးချိုင့်၊ အင်းတော်၊ ပင်လည်ဘူးမြို့တွေမှာ လက်ရှိတိုက်ပွဲတွေပြင်းထန်နေသလို ကန့် ဘလူ၊ကောလင်းတို့မှာလည်း စစ်ကောင်စီစစ်ကြောင်းတွေ၊ ပျူစောထီးစခန်းတွေကို တော်လှန်ရေးအင်အားစုတွေ ကထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ထီးချိုင့်၊ အင်းတော်နဲ့ ပင်လည်ဘူးတို့မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက မြို့တွင်းနဲ့ မြို့အနီးပတ်ဝန်းကျင်တွေ အထိ အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်မှုတွေရှိနေသလို စစ်ကောင်စီနဲ့ဒေသခံပျူစောထီးတွေအင်အား ကောင်းတဲ့ ကန့်ဘလူ၊ကောလင်း၊ကျွန်းလှဒေသတွေမှာလည်း စစ်အုပ်စုတိုက်ခိုက်ခံရမှုတွေရှိနေတာလို့ သိရ ပါတယ်။

“ကန့်ဘလူချပ်ကြီးဘက် မနေ့ကတိုက်ပွဲ၊ ပျူနဲ့စခ စစ်ကြောင်းကို ဖြတ်တိုက်ကြတာ၊ ကောလင်းကတော့ လွန်ခဲ့တဲ့ ငါးရက်လောက်က မြို့ပေါ်ဝင်တိုက်ကြတာ၊ လက်နက်တွေလည်းရတယ်၊ ကိုယ့်ဘက် နှစ်ဦးဒဏ်ရာရ”လို့ ကောလင်း ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်တဦးက DNAကိုပြောပါတယ်။

အမျိုးသားရေး ဘုန်းကြီး ဝါသဝ ဦးဆောင်တဲ့ ပျူစောထီးတွေအင်အားကောင်းရာ ကန့်ဘလူမြို့နယ်က ပျူစောထီးစခန်းတချို့လတ်တလောရက်ပိုင်းအတွင်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က သေဆုံး၊ ထိခိုက်မှုတွေရှိကြောင်း စစ်အုပ်စုရဲ့ ဝါဒဖြန့်တယ်လီဂရမ်တွေကလည်းဖော်ပြကြပါတယ်။

လတ်တလောမှာတော်လှန်ရေးတပ်တွေဘက်က အဲ့ဒီလို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေရှိနေသလို ကန့်ဘလူ အခြေ စိုက် စစ်ကောင်စီတပ်နဲ့ပျူစောထီးပူးပေါင်းစစ်ကြောင်းတွေဟာလည်း ကန့်ဘလူနဲ့ကျွန်းလှမြို့နယ်တွေအတွင်း စစ်ကြောင်းထိုးလှုပ်ရှားမှုတွေ ရှိနေတာကြောင့် ဒေသခံတွေနေရပ်စွန့်ခွာတိမ်းရှောင်ရတာတွေရှိနေတယ်လို့ ကျွန်း လှတက်ကြွလှုပ်ရှားသူအဖွဲ့ရဲ့ ဖော်ပြချက်တွေအရသိရပါတယ်။

KIA အရာရှိတွေဦးဆောင်တဲ့ NUG ကာကွယ်ရေး ဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသကွပ်ကွဲမှုနဲ့ စစ်ကိုင်းတိုင်းအ ထက်ပိုင်းဒေသတွေမှာပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်ကုန်ပိုင်းက ထိုးစစ်တွေတပြိုင်တည်းဆင်နွှဲကာ ကောလင်းမြို့အပါအဝင် မြို့တချို့ကိုသိမ်းပိုက်၊ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အလားတူ လက်ရှိမှာလည်း စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေနဲ့ ဧရာဝတီမြစ်သာခြားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်အခြေစိုက် စစ်ကောင်စီစခန်းတွေနဲ့ တကောင်းမြို့တို့ကိုအမှတ်(၁) စစ်ဒေသ ကွပ်ကွဲမှုနဲ့ တော်လှန် ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

ဒါ့အပြင်အင်းတော်၊ပင်လည်ဘူးနဲ့ ထီးချိုင့်မြို့တွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကိုလည်း တော် လှန်ရေးပူး ပေါင်းတပ်တွေ ဆက်လက်ထိုးစစ်ဆင်နေပြီး စစ်ကောင်စီကတော့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အပြင်းအထန် ခုခံနေတယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်အသိပေးထားပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအစပ်ထီးချိုင့်မြို့နယ် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းက မြတောင်ရွာဒေသအခြေစိုက် စစ်ကောင်စီတပ်စခန်းတွေကိုတော့ KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားနိုင်ပြီလို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး သတင်းဌာနတချို့ကဖော်ပြကြပါတယ်။

အလားတူ အင်းတော်မြို့မှာလည်း မြို့တွင်းအထိ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေရှိနေကာ မြို့ခံတွေနဲ့ အင်းတော်မြို့အနီးတဝိုက်ဒေသခံ နှစ်သောင်းကျော်လောက် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက DNAကိုပြောထားပါတယ်။

“တိုက်ပွဲတွေ၊ထိတွေ့မှုတွေရှိတာတော့ဟုတ်တယ်၊ဒါပေမယ့်မြို့သိမ်းတိုက်ပွဲဆိုပြီးတော့ပြောလိုက်တဲ့အပေါ်မှာ မြို့ ကြေသွားတယ်ဗျ၊ ကျွန်တော်တို့ကတော့မြို့သိမ်းတိုက်ပွဲလို့မကြေညာထားသေးပါဘူး”လို့ အင်းတော်တိုက်ပွဲမှာ ပါ ဝင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူက DNAကိုပြောပါတယ်။

အင်းတော်မြို့တွင်းအထိ တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအရပ်သား ထိခိုက်သေဆုံးမှုတွေရှိသလို သာသနိကအဆောက်အအုံတွေအပါအဝင် မြို့တွင်းကနေအိမ်နဲ့ အဆောက်အအုံ ထိ ခိုက်ပျက်စီးမှုတွေလည်းရှိနေတယ်လို့သူကပြောပါတယ်။

ပင်လည်ဘူးမြို့မှာလည်း တော်လှန်ရေးအင်အားစုတွေဘက်က အလုံးအရင်းထိုးစစ်ဆင်နေပြီး မြေပြင်စစ်ကူနဲ့ လေကြောင်းပစ်ကူတွေပေးဖို့လိုအပ်နေတယ်လို့ စစ်ကောင်စီတယ်လီဂရမ်ချန်နယ်တွေကရေးသားဖော်ပြကြတာ ရှိပါတယ်။

ပင်လည်ဘူးဒေသခံ တော်လှန်ရေးသတင်းရင်းမြစ်တွေကို DNA ကဆက်သွယ်ဖို့ကြိုးစားပေမယ့် အဆက်အသွယ်မ ရသေးတာကြောင့် မြေပြင်အခြေအနေတွေကို အတည်ပြုဖော်ပြနိုင်ခြင်းမရှိသေးပါဘူး။

လားရှိုးအခြေစိုက် ရမခအပါအဝင် ရှမ်းမြောက်ဒေသတခုလုံးနီးပါး စစ်ကောင်စီလက်လွတ်စေခဲ့တဲ့ လက်ရှိ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအတွင်း မန္တလေးမြို့အနီးတဝိုက်နဲ့ တိုင်းအတွင်းမြို့နယ်တွေမှာ MDY-PDF ဦးဆောင်တဲ့ ထိုးစစ်တွေပေါ်ပေါက်လာသလို စစ်ကိုင်းနဲ့မကွေးတိုင်း အညာဒေသတခွင်မှာလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီကိုထိုးစစ်ဆင်တိုက်ခိုက်မှုတွေဆက်တိုက်ရှိနေတာပါ။

၁၀၂၇ ဒုတိယလှိုင်းနဲ့အတူ ပေါ်ပေါက်လာတဲ့ ရှမ်း-မန်းစစ်ဆင်ရေးအတွင်း စဉ့်ကူးတမြို့နယ်လုံးနဲ့မတ္တရာ မြို့နယ် ဒေသအများစုတို့ကို MDY-PDF က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သလို မန္တလေးတိုင်း မြင်းခြံခရိုင်ထဲက နွားထိုးကြီး၊ ငါန်းဇွန်၊ တောင်သာ၊ မြင်းခြံမြို့နယ်တွေမှာလည်း စခန်းသိမ်းတိုက်ပွဲနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လက်ရှိအထိ ရှိနေပါတယ်။

အလားတူ အခုလအတွင်း စစ်ကိုင်းတိုင်းအောက်ပိုင်းက ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်တွေက နာရီပိုင်းကြာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး Non-CDMဝန်ထမ်းတွေနဲ့ ပျူစောထီးတချို့ကို ထိန်းသိမ်းထားကာ နိုင်ငံရေးအကျဉ်း သားတွေပါဝင်တဲ့ အချုပ်သားနှစ်ဆယ်လောက်ကိုလည်းကယ်ထုတ်နိုင်ခဲ့ပါတယ်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအပြင်းအထန်အသုံးပြုတိုက်ခိုက်ခဲ့သလို စစ်ကူအင်အား အများအပြား လည်းလေကြောင်းကနေပို့ခဲ့တာကြောင့် ဒီပဲယင်းမြို့ကို သိမ်းပိုက်ခဲ့တဲ့တော်လှန်ရေးတပ်တွေမြို့တွင်းကနေ ပြန် လည်ဆုတ်ခွာခဲ့တာဖြစ်ပါတယ်။