ဩဂုတ်၊ ၂၃
ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်း အနေနဲ့ အမေရိကန် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ကာမာလာ ဟားရစ်ဟာ တရားဝင် တာဝန်အပ်နှင်းမှု ခံယူခဲ့ပါတယ်။
ဩဂုတ် ၂၂ ရက်နေ့တုန်းက ဒီမိုကရက်တစ် ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံ (DNC)မှာ ဟားရစ်က ပါတီကိုယ်စားပြု သမ္မတလောင်း အနေနဲ့ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ကို စိန်ခေါ်ဖို့ တရားဝင် တာဝန် လက်ခံယူခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ဟာ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဆက်လက် ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ သမိုင်းဝင် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီးတဲ့နောက် လက်ရှိ ဒုတိယ သမ္မတဖြစ်တဲ့ ဟားရစ်ဟာ ပါတီရဲ့ သမ္မတလောင်း နေရာအတွက် ရှေ့ဆုံးကို ရောက်လာခဲ့တာပါ။
ကမ္ဘာပေါ်မှာ အထည်ဝါဆုံး နိုင်ငံတခုနဲ့အတူ သမိုင်းသစ် ရေးကြမယ့်သူ အားလုံးကိုယ်စား အမေရိကန် သမ္မတလောင်းအဖြစ် အဆိုပြု တင်သွင်းခံရခြင်းကို ဂုဏ်ယူစွာ လက်ခံလိုက်ပါတယ်လို့ ဟားရစ်က DNCမှာ ကြေညာခဲ့ပါတယ်။
ချီကာဂိုမှာ ကျင်းပခဲ့တဲ့ DNCကို ပါတီဝင်တွေ အပါအဝင် ဧည့်ပရိသတ်ပေါင်း ၂၃၅၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။ ၄ ရက်ကြာ ကျင်းပတဲ့ DNC နောက်ဆုံးနေ့မှာ ဟားရစ်က သမ္မတလောင်းနေရာ အဆိုပြုချက်ကို လက်ခံရင်း မိန့်ခွန်းပြောခဲ့ပါတယ်။ ဟားရစ်ရဲ့ မိန့်ခွန်း မတိုင်ခင်မှာ ဘိုင်ဒန်ကလည်း ဟားရစ်ကို ရွေးကောက်ပွဲအတွက် အောင်မြင်မှု ရစေဖို့ ဆုမွန်ကောင်း တောင်းပေးခဲ့ပါသေးတယ်။
ဟားရစ်ဟာ ရွေးကောက်ပွဲမှာ ထရမ့်အပေါ် အသာစီးယူပြီး အနိုင်ရခဲ့မယ် ဆိုရင်တော့ အမေရိကန်နိုင်ငံ သမိုင်းရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ၊ အာရှတောင်ပိုင်း သွေးနှောတဲ့ ပထမဆုံး သမ္မတအဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်မှာလည်း ဖြစ်ပါတယ်။
Ref: Reuters