မြိုင်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ အထိနာ၊ ငါးဦးလက်နက်ချ၊ ပခုက္ကူက ရဲကင်းစခန်းနှစ်ခု စွန့်ခွာထွက်ပြေး

Photo – နွေဦးတော်လှန်ရေး(မြိုင်)/အညာမြေတပ်ပေါင်းစု/မြိုင် ပကဖ

ဩဂုတ်၊ ၂၂

မကွေးတိုင်း မြိုင်မြို့နယ် ကိုင်းတောမရွာသစ်ကျေးရွာမှာ အခြေချထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံ တော်လှန်ရေးပူးပေါင်းတပ်တွေ မနေ့မနက်ပိုင်းကတိုက်ခိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးသေဆုံးကာငါးဦးအ လံဖြူထောင်လက်နက်ချပြီး လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

“ပူးပေါင်းတပ်ဘက်က ၁၀၀ ရာခိုင်နှုန်းအနိုင်ပါ”လို့ အဲ့ဒီတိုက်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

မြိုင်မြို့နယ်တောင်ပိုင်း၊တွင်းမပျူစောထီးကျေးရွာကနေမြိုင်ကပစ စက်ရုံဘက်ခြေလျင်ချီတက်လာတဲ့ စစ်ကောင် စီစစ်ကြောင်းဟာ ကိုင်းတောမရွာသစ်ကျေးရွာဘုန်းတော်ကြီးကျောင်းထဲ ယာယီတပ်စွဲထားချိန် ဩဂုတ် ၁၉ရက် ကနေ ၂၁ရက်အထိ သုံးရက်ဆက်တိုက်ခိုက်ခဲ့တာလို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့  အညာမြေတပ်ပေါင်းစုက ဒီကနေ့အသိ ပေးထားပါတယ်။

စစ်ကောင်စီစစ်ကြောင်းတပ်စွဲတဲ့ ဘုန်းတော်ကြီးကျောင်းအနီးတဝိုက်မှာ ထိတွေ့တိုက်ပွဲငဘ်တွေဆက်တိုက် ဖြစ်ခဲ့ ကာ မနေ့က မနက်ပိုင်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းကိုးလောင်းသိမ်းဆည်းရရှိတယ်လို့ အညာမြေတပ်ပေါင်းစုကဖော်ပြပါတယ်။

မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင် ပကဖ ကတော့ မျက်မြင်အရ စစ်ကောင်စီအလောင်း ၁၂လောင်း တွေ့ရတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရပြီးနောက် အဲ့ဒီစစ်ကြောင်းဟာ မူလအင်အားရဲ့တဝက်လောက်သာကျန်တော့တဲ့အနေအထားဖြစ်ပြီး ကိုင်းတောမရွာသစ်ဘုန်းကြီးကျောင်းမှာပဲ ဆက်လက်အခြေချနေတယ်လို့ မြိုင်ပကဖ တာဝန်ရှိသူတဦးက DNAကိုပြောပါတယ်။ “အဲ့ဒီအင်အားနဲ့ ရွာသစ်ဘုန်းကြီးကျောင်းထဲမှာ ပြန်ဝင်နေတယ်။ သူတို့ကိုလာခေါ်ဖို့ တောင်ဘက်နားက သရက်ကန် ပျူစောထီးတွေတော့ပြင်ဆင်နေတယ်လို့ကြားတယ်။ လေယာဉ်နဲ့နှစ်ကြိမ်ပစ်သေးတယ်။ မထိပါဘူး၊ ရဲဘော်တွေတော့၊ အိမ်တွေပျက်စီးတယ်။ ရွာထဲကို နှစ်လုံးကြဲတော့ အိမ်လေးငါးလုံးပျက်စီးသွားတယ်”လို့ သူကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုင်ဆောင်တဲ့ MA စီးရီးသေနတ်မျိုးစုံ ၁၅လက်၊ရဲတပ်ဖွဲ့ဝင်တွေကိုင်တဲ့ G-3 သေနတ် နှစ်လက်၊ ၇၉မမတလက်၊၈၉မမတလက် စတဲ့ လက်နက်မျိုးစုံ ၁၉လက်ကျည် တထောင်ဝန်းကျင်နဲ့ ခဲယမ်း၊စစ်အသုံးအဆောင်တချို့ ငွေသားတသိန်းကျော်၊ဖုန်းနှစ်လုံးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါ တယ်။

စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး အထိနာခဲ့တဲ့ မနေ့က မြိုင်မြို့နယ်အတွင်း စစ်ကောင်စီဘက်ကလေ ကြောင်းတိုက်ခိုက်မှုတွေလည်းရှိခဲ့ပေမယ့် တော်လှန်ရေးတပ်တွေဘက်က အထိအခိုက်မရှိဘူးလို့ အညာမြေ တပ် ပေါင်းစု တာဝန်ရှိသူတဦးက DNAကိုအတည်ပြုပါတယ်။

စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရတဲ့ ကိုင်းတောမရွာသစ်ကျေးရွာဟာ အခုလ ၈ရက်မှာ တော်လှန်ရေးတပ်ဖွဲ့ တွေသိမ်းပိုက်ခဲ့တဲ့ ဝက်ပုတ်ပျူစောထီးကျေးရွာနဲ့ နှစ်မိုင်ဝန်းကျင်အကွာမှာရှိတာဖြစ်ပါတယ်။

လတ်တလော မန္တလေး၊မကွေးနဲ့စစ်ကိုင်းတိုင်းအညာဒေသမြို့နယ်တွေမှာ စစ်ကောင်စီရဲကင်းစခန်း၊ပျူစောထီး စခန်းနဲ့ စစ်ကောင်စီစစ်ကြောင်း တွေကို တော်လှန်ရေးတပ်တွေက ဆက်တိုက်ထိုးစစ်ဆင်နေပြီး စစ်ကောင်စီတပ် တွေအထိနာနေသလို စခန်းတွေသိမ်းပိုက်ခံရတာ၊စွန့်ခွာထွက်ပြေးတာတွေဆက်တိုက်ရှိနေပါတယ်။

မြိုင်မြို့နယ်နဲ့ထိစပ်နေတဲ့ ပခုက္ကူမြို့နယ်မှာလည်းသာကြီးတောင်ရေနံမြေရဲကင်းစခန်းနဲ့ ကျထိုးနယ်မြေရဲစခန်းတို့ က စစ်ကောင် စီတပ်ဖွဲ့ဝင် တွေဟာ သက်ဆိုင်ရာစခန်းတွေကို စွန့်ခွာထွက်ပြေးသွားတာကြောင့် ဒေသအခြေစိုက် တော်လှန် ရေး တပ်တွေက နယ်မြေရှင်းလင်းရေးပြုလုပ်ကာ စခန်းအဆောက်အအုံတွေကိုလည်း မီးရှို့ဖျက်ဆီး လိုက်ကြ တယ်လို့ သိရပါတယ်။

သာကြီးတောင် ရဲကင်းစခန်းကိုတော့ စစ်ကောင်စီဘက်က မစွန့်ခွာမီ ဩဂုတ် ၂၀ရက် မနက်ပိုင်းမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က မျက်မြင်ငါးဦးသေဆုံးကာ နှစ်ဦးအလံဖြူထောင်လက်နက်ချခဲ့တယ်လို့ မြိုင်ပကဖ ကအသိပေးထားပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အဲ့ဒီရဲကင်းစခန်းကို တော်လှန်ရေးတပ်တွေ အပြီးသတ် သိမ်းယူနိုင်ခြင်းမရှိခဲ့ပေမယ့် တိုက်ပွဲအပြီး တရက်အကြာ မနေ့ညသန်းခေါင်ကျော် ဒီကနေ့မနက်အစောပိုင်းမှာ အဲ့ဒီစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ပြီး ကမ္မမြို့ရဲစခန်းထဲ သွားရောက်ပူးပေါင်းနေကြတယ်လို့ တော် လှန်ရေးအင်အားစုတွေကပြောပါတယ်။

အလားတူ ကမ္မ-မြစ်ခြေလမ်းပေါ်မှာရှိတဲ့ ကျထိုးနယ်မြေရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလည်း စခန်းစွန့် ခွာ ထွက်ပြေးကာ ကမ္မမြို့အရှေ့ဘက် မင်းတပ်-ပခုက္ကူလမ်းမပေါ်က ညောင်ကျစ်ပင်ကျေးရွာ ပျူစောထီးစခန်းဆီ သွားရောက်ပူးပေါင်းနေကြတယ်လို့ သိရပါတယ်။