ရုရှားပိုင်နက်ထဲမှာ စစ်ဆင် လှုပ်ရှားနေတဲ့ ယူကရိန်း တပ်တွေက တံတားနှစ်စင်းကို ဖျက်ဆီး

ဩဂုတ်၊ ၁၉

ရုရှားပိုင်နက်ထဲ ဝင်ရောက်ပြီး စစ်ဆင်ရေး လုပ်ဆောင်နေတဲ့ ယူကရိန်း တပ်တွေဟာ ရုရှားအတွက် စစ်ရေးအရ အရေးပါတဲ့ ဒုတိယမြောက် တံတားတစင်းကို ဖောက်ခွဲပစ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ယူကရိန်း တပ်တွေဟာ ရုရှားပိုင် ကက်စ်ခ် ဒေသထဲမှာ ရှိနေတဲ့ တံတားတစင်းကို ဗုံးခွဲ ဖျက်ဆီးပစ်ခဲ့ပါတယ်။ အဲဒီတံတားဟာ ရုရှားရဲ့ စစ်ရေး လှုပ်ရှားမှုတွေမှာ အရေးပါတဲ့ လမ်းကြောင်းတခု ဖြစ်ပါတယ်။ ဩဂုတ် ၁၈ ရက်နေ့မှာတော့ အနီးမှာရှိတဲ့ နောက်ထပ် တံတားတစင်းကိုပါ ယူကရိန်းက ထပ်မံ ဖျက်ဆီးပစ်ခဲ့တာပါ။

အဲဒီတံတားတွေ ဖောက်ခွဲခံရခြင်းက ယူကရိန်းရဲ့ အငိုက်ဖမ်း ထိုးဖောက် တိုက်စစ်ဆင်မှုကို ဟန့်တားဖို့ ကြိုးစားနေတဲ့ ယူကရိန်းရဲ့ စစ်ရေး အစီအမံတွေကို အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေဖွယ် ရှိနေပါတယ်။

စစ်ပွဲကာလ တလျှောက်လုံးနီးပါး ခံစစ်ကိုသာ အားပြုခဲ့ရတဲ့ ယူကရိန်းဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး ရုရှားပိုင်နက်ထဲ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ အခုဆိုရင် သီတင်းနှစ်ပတ်လောက် ကြာမြင့်လာပါပြီ။ ရုရှားဟာ ယူကရိန်း တပ်တွေရဲ့ ရှေ့တိုးချီတက်မှုကို ရပ်တန့်သွားအောင် တားဆီးနိုင်စွမ်း မရှိသေးပါဘူး။

အခုဆိုရင် ကက်စ်ဒေသထဲက နယ်မြေ အကျယ်အဝန်း စတုရန်း ကီလိုမီတာ ၁၀၀၀ လောက်ကို ယူကရိန်းက သိမ်းယူထားပြီး ဖြစ်သလို ရှေ့တန်း ကွပ်ကဲရေး စစ်ရုံးတခုကိုပါ ဖွင့်လှစ်ထားပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ရုရှားနယ်မြေတွေကို သိမ်းယူဖို့ စိတ်ကူးမရှိဘဲ ရုရှားနဲ့ အပစ်အခတ် ရပ်စဲရေးကိစ္စ စကားပြောရာမှာ ပိုပြီး ဟန်ချက်ညီ မျှတမှု ရှိဖို့အတွက် ရည်ရွယ်ချက်နဲ့သာ အခုစစ်ဆင်ရေးကို အကောင်အထည် ဖော်စေခဲ့တာဖြစ်ကြောင်း ပြောကြားထားပါတယ်။

Ref: AFP