ဩဂုတ် ၊ ၁၆
ရခိုင်တောင်ပိုင်းဂွမြို့နယ် ကျိန္တလီမြို့ရှိ ခရစ်ယာန်ဘုရားကျောင်း တကျောင်းကို စစ်ကောင်စီက ပစ်ခတ်တဲ့လက်နက်ကြီးကျည်ကျရောက်လို့ စစ်ဘေးရှောင်တွေအပါအဝင် ရှစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး ဆယ်ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တဦးကပြောပါတယ်။
သြဂုတ်လ ၁၅ ရက် မနေ့ကနေ့လည်ပိုင်းမှာ ကျိန္တလီမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
“နေဗီက မြေပြင်ကရော ရမ်းပစ်နေတာပဲ၊ဗုံးကြဲတာလည်းရှိတယ်၊အခုထိတာကတော့ ဘုရားကျောင်းမှာ စစ်ရှောင်နေတဲ့သူတွေ ကလေးတွေလည်းပါတယ်” လို့ ဂွဒေသခံတဦးက DNAကိုပြောပါတယ်။
ဒါ့အပြင် ဒဏ်ရာရရှိသူတွေအနက် ဓမ္မဆရာ နှစ်ဦးလည်းပါဝင်တယ်လို့ ဒေသတွင်းသတင်းဌာန တချို့က ဖော်ပြထားပြီး အသေးစိတ်ကိုတော့ DNAကစုံစမ်းနေဆဲဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့သြဂုတ်လ၈ရက်ကလည်း ကျိန္တလီမြို့က ကျေးရွာနှစ်ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ စစ်ရှောင်တဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ခြောက်ဦးလောက် ဒဏ်ရာရခဲ့ပါသေးတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်းအစွန်ဆုံး ဂွမြို့နယ်ရဲ့ မြို့နယ်ခွဲ ကျိန္တလီမြို့ရှိ စစ်ကောင်စီစခန်းတွေကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားပြီး လက်ကျန်ထွက်ပြေးနေသူတွေကို ရှင်းလင်းနေတယ်လို့လည်း နီးစပ်တဲ့သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ကျိန္တလီမြို့ပေါ်မှာ အထိုင်ချနေခဲ့တဲ့ လက်ကျန်စစ်ကောင်စီတပ်သားတွေဟာ ဩဂုတ်လ ၁၃ ရက်နေ့မှာ ကျိန္တလီမြို့နဲ့ ငါးမိုင်ဝန်းကျင်အကွာရှိ ရတနာမြိုင်ရွာသို့ တပ်ဆုပ်ပြေးသွားကြတာလို့ ကျိန္တလီမြို့ခံတဦးက ပြောပါတယ်။
ကျိန္တလီမြို့ဟာ မြေပုံမှာ မျဉ်းဖြောင့်တိုင်းရင် သံတွဲမြို့နဲ့ မိုင် ၃၀ ကျော်၊ ဂွမြို့နဲ့ မိုင် ၃၀ ဝန်းကျင်အကွာမှာ တည်ရှိပါတယ်။
AAထိုးစစ်ပြင်းထန်လာနေတဲ့အတွက် ဂွမြို့နယ်က စစ်ကောင်စီဝန်ထမ်းအများစုက မြို့ကို စွန့်ခွာတိမ်းရှောင်သွားကြပြီလို့လည်း ဒေသခံတွေဆီကသိရပါတယ်။
ရခိုင်ပြည်တောင်ပိုင်း ခရိုင်မြို့ သံတွဲမြို့နယ်အတွင်း တခုတည်းသော လက်ကျန်စခန်း ရေတပ်ကို တိုက်ခိုက်နေတဲ့ AA ဟာ နယ်မြေချင်းထိစပ်နေတဲ့ ဂွနဲ့ တောင်ကုတ်မြို့နယ်တို့မှာပါ ထိုးစစ်တပြိုင်တည်း လုပ်နေတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်သွားမယ်လို့ ကြွေးကြော်ထားတဲ့ AA ဟာ ရခိုင်မြို့နယ် ၉ ခုကို အပြီးပြတ်သိမ်း ပိုက်ထားပြီး သံတွဲနဲ့ မောင်တောမြို့နယ်တို့ကိုလည်း အပြီးပြတ်သိမ်းနိုင်ဖို့ လက်ကျန်စခန်းတခုစီသာ ကျန်ရှိတော့တာပါ။